စက်ဘီးဖြင့်ကမ္ဘာလှည့် ခရီးသွားနေသော စပိန်နိုင်ငံသားတစ်ဦး
ပဲခူးမြို့အရောက်တွင် ဓားဖြင့်ဝိုင်းခုတ်ကာ ပစ္စည်းများ လု ယက်ခံရမှု
ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၃ ရက်ည ၁၀နာရီတွင် ပဲခူးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ စက်ဘီးဖြင့် ခရီးနှင်လာသော စပိန်နိုင်ငံသားမစ္စတာကာလို့စ်ကို ပဲခူးမြို့အထွက် မိုင်တိုင်၄၃အနီးတွင် အမျိုးသားနှစ်ဦးက လယ်ကွင်းထဲသို့ခေါ်ဆောင်သွားပြီး ဓားဖြင့် ၁၀ချက်ခုတ်ကာ အမေရိကန်ဒေါ်လာ ၉၀၀၊ဗီယက်နမ်ငွေစက္ကူ ၄၀၀၊ မြန်မာငွေကျပ်ငါးသောင်းနှင့် ပစ္စည်းများ လုယူသွားခဲ့သည်။ စပိန်နိုင်ငံသားသည် လမ်းပေါ်ရောက်ရှိလာသော ကားတစ်စီးကိုအကူညီတောင်းခံရာ ကားသမားက ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ စပိန်နိုင်ငံသားသည် ဓားခုတ်ခံရမှုကြောင့် ဦးခေါင်း၊နှာခေါင်း၊ နားရွက်၊လက်၊ဒူးခေါင်း စသည်တို့တွင် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ‘‘ပဲခူးအထွက်မှာ ညဘက်မှာ ဖြစ်သွားတာပါ။ သူ့နိုင်ငံက သံရုံးကိုလည်း ဆက်သွယ်အကြောင်းကြားထားလို့ ရန်ကုန် ဆေးရုံကြီးမှာ လွှဲပြောင်း ပေးလိုက်ပါပြီ။ ဒဏ်ရာတွေက မစိုးရိမ်ရပေမယ့် များပါတယ်’’ဟု ပဲခူးမြို့ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စပိန်နိုင်ငံသားကို ဖေဖော်ဝါရီ ၂၄ရက်က ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသပေးနေကြောင်း သတင်းရရှိသည်။
စပိန်နိုင်ငံသားသည် လွန်ခဲ့သည့် ၂ နှစ်မှစ၍ စက်ဘီးဖြင့် ကမ္ဘာလှည့်နေရာ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့တွင် လှည့်လည်ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
‘‘လုယက်ခံရတဲ့နေရာနဲ့ နှစ်ဖာလုံလောက်ကနေ ပစ္စည်းတွေပြန်ရပါတယ်’’ဟု ပဲခူးမြို့ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စပိန်နိုင်ငံသားအား လုယက်တိုက်ခိုက်သော တရားခံများကို ဖေဖော်ဝါရီ ၂၅ရက်အထိ ဖမ်းဆီးမိခြင်း မရှိသေးဘဲ ပဲခူးမြို့အမှတ်(၃) ရဲစခန်းတွင် လုယက်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
‘‘ဧည့်သည်တွေ အဝင်များလာရင်တော့ ဒါမျိုးတွေက ဖြစ်နေမှာပဲ။ ဒါပေမဲ့ ပုံရိပ်တော့မကောင်းဘူးပေါ့။ စက်ဘီးနဲ့ လာချင်တဲ့သူတွေ ကြောက်နေမယ်။ အဲဒါတော့ စိုးရိမ်ရတာပေါ့။ ပုဂံမှာလည်း အရင်နှစ်က ပစ္စည်းတွေ လုယူခံနေရတာပဲ။ အဲဒီလိုမျိုးဖြစ်လို့ ခရီးသွားတွေတော့ ကျမသွားနိုင်သေးပါဘူး။ ဒါပေမဲ့ ပုံရိပ်ကတော့ မကောင်းဘူးပေါ့’’ ဟု ပုဂံဒေသတွင်း ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ၎င်း၏ အမြင်ကိုပြောသည်။
http://7daydaily.com/story/32554#.VO_s6uGIXap

No comments:
Post a Comment