Voice : အခုအစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေကို ဘဘတို့ အငြိမ်းစား ယူသွားသူတွေ
အချင်းချင်း တွေ့ဆုံပွဲတွေမှာ အမှတ်တရ ပြန်ပြောဆိုကြတာတွေ ရှိကြမှာပဲ။
သူတို့တွေ (အစိုးရအဖွဲ့ရဲ့) လုပ်ရပ်တွေကို ဘဘရဲ့ သဘောထားမှတ်ချက်
ဘယ်လိုရှိလဲ။
UTK : ဘဘတို့ နဝတအဖွဲ့ဝင်၊ အငြိမ်းစားတွေက အသက်တွေ
အတော်ကြီးနေကြပြီ။ အားလုံးက ဘဘထက်ကြီးတဲ့ သူတွေချည်းပဲဆိုတော့
သိပ်တက်တက်ကြွကြွ မလှုပ်ရှား နိုင်ကြတော့ဘူး။ ကျန်းမာရေးကလည်း
သိပ်မကောင်းကြတော့ဘူး။ အားလုံး ခပ်ယဲ့ယဲ့ တွေချည်းပါပဲ။ တစ်ဦးနဲ့တစ်ဦး၊
တစ်အိမ်နဲ့တစ်အိမ် ကူးလူးဆက်ဆံတာလည်း မရှိသလောက်ပါ။ သာရေး၊ နာရေး
ကိစ္စမျိုးမှာသာ ဆုံကြရတော့ နိုင်ငံရေးအကြောင်း သိပ်မပြောဖြစ်၊ မဆွေးနွေး
ဖြစ်ပါဘူး။
လက်ရှိ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် ဘဘအမြင်
ပြောရရင်တော့ ကောင်းတာတွေ ရှိသလို အားနည်းတာတွေလည်း ရှိပါတယ်။
အောင်မြင်တာတွေ ရှိသလို အောင်မြင်မှု မရတာတွေလည်း ရှိပါတယ်။ အစိုးရဘက်က
အင်အားစုက ကောင်းတယ်၊ တိုးတက်တယ်လို့ ပြောမယ်။ အဲဆန့်ကျင်ဘက် အင်အားစုကတော့
ဘာမှမတိုးတက်ဘူး၊ တိုင်းပြည်ပိုပြီး ဆင်းရဲသွားတယ်လို့ ပြောမှာပဲ။ ဘယ်သူမှ
တိတိကျကျ ဂဃနဏ အသေအချာ မပြောနိုင်ပါဘူး။ အားလုံး ကိုယ်ထင်ရာထင်ရာ
လျှောက်ပြောနေကြတာပါ။
ယခင် စစ်ခေါင်းဆောင်တွေက နိုင်ငံတော်ကို
တစ်သွေး၊ တစ်သံ၊ တစ်မိန့်၊ စစ်အာဏာရှင်စနစ်နဲ့ တည်ဆောက် သွားခဲ့တယ်။ အဲဒီ
နိုင်ငံတော်ကြီးကို ယနေ့ပြည်သူလူထု (အထူးသဖြင့် မီဒီယာသမားတွေ) က
ရာနှုန်းပြည့် ဒီမိုကရေစီစနစ်နဲ့ ဆက်လက် တည်ဆောက်နေချင်တော့ တစ်ခုမှ
အံဝင်ခွင်ကျမှု မရှိတော့ဘူး။ အားလုံး ဖျက်ပစ်ရမလို ဖြစ်နေတယ်။ မဖျက်လို့
မဖြစ်တဲ့ဟာကို ဖျက်တယ်၊ ပြုပြင်မွမ်းမံ ဖာထေးပြီး ဆက်ဆောက်လို့ရတာ
ဆက်ဆောက်သွားရင် ဒီထက် အဆင်ချောလိမ့်မယ်လို့ ထင်ပါတယ်။ စစ်အစိုးရလုပ်တာ
တစ်ခုမှ မကောင်းဘူး၊ အားလုံးဖျက်မယ် ဆိုရင်တော့ တိုင်းပြည် ပြဿနာတက်မှာ
သေချာတယ်။ ပဋိပက္ခတွေလည်း အများကြီး ပေါ်လာလိမ့်မယ်။
တကယ်တော့ ဒီနေ့
ဘဘတို့နိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာပဲ ရှိသေးတယ်။
အသွင်ကူးပြောင်းရေး ကာလနဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေလောက်ပဲ
ပေးသင့်တယ်။ အခုတော့ လူတိုင်းက ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ လိုချင်တယ်။
ကိုယ်က ဒီမိုကရေစီ အခွင့်အရေးနဲ့ ဘယ်လောက် ထိုက်တန်သလဲလို့
ကိုယ့်ကိုယ်ကိုယ် ပြန်စစ်မေးသင့်တယ်။
အဲဒီလို စနစ်ဟောင်းနဲ့
စနစ်သစ် အသွင်မတူ ဘယ်လိုမှ ဆက်စပ်လို့မရတဲ့ စနစ်နှစ်ခုကြားမှာ ဆက်လက်
ဆောင်ရွက်နေရတဲ့ လက်ရှိ အစိုးရအဖွဲ့ကို ဘဘ အတော်သနားမိတယ်။ ဒီနေ့
ခေါင်းဆောင်တွေ အကုန်လုံး ဘဘသိပါတယ်။ အချိန်ကြာမြင့်စွာ အတူလက်တွဲ
လုပ်ကိုင်ခဲ့ဖူးသူတွေချည်းပါပဲ။ သမ္မတ ဦးသိန်းစိန်တို့၊ လွှတ်တော်ဥက္ကဋ္ဌ
သူရဦးရွှေမန်းတို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်တို့အားလုံး လူတော်လူကောင်းတွေပါ။ ကိုယ်ကျင့်တရားရော
စိတ်နေသဘောထားပါ အလွန်ကောင်းကြပါတယ်။ ခေါင်းဆောင်မှုလည်း အပြည့်အဝ
ရှိသူတွေပါ။ တိုင်းပြည်နဲ့လူမျိုး တိုးတက်ရေးအတွက် စေတနာအပြည့်နဲ့ ကြိုးစား
လုပ်ကိုင်နေကြသူတွေလည်း ဖြစ်ပါတယ်။ အခုတော့ နိုင်ငံရေး ဝဲဂယက်ထဲမှာ
လှေကမနစ်ပေမယ့် မျောတော့ မျောနေတယ်လို့ ပြောရမယ် ထင်ပါတယ်။
အဲ ဘဘရဲ့သဘောထား မှတ်ချက်ပေးရရင်တော့ -
သမ္မတဦးသိန်းစိန်၊ ဥက္ကဋ္ဌသူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အားလုံး လူတော်လူကောင်းတွေ၊
တိုင်းပြည်နဲ့ တပ်မတော် တိုးတက်အောင် ခေါင်းဆောင်နိုင်သူတွေ ဖြစ်တယ်။
သူတို့တစ်တွေ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ တိုင်းပြည် တိုးတက်အောင် လုပ်နေကြတယ်။
စနစ်နှစ်ခုရဲ့ သဟဇာတ မဖြစ်မှုကြောင့် လုပ်ငန်းတွေ အောင်မြင်မှု ရသင့်သလောက် မရခဲ့။ ပြဿနာ မျိုးစုံလည်း တစ်ပြည်လုံးမှာ ပေါ်ခဲ့ရတယ်။
တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး စည်းကမ်းတိကျစွာ လိုက်နာရေးကို ယခုထက် ပိုမိုလုပ်သင့်တယ်။
ယခင်အစိုးရ၏ ပြဿနာ ပေါင်းစုံကို ဖြေရှင်းနေရသဖြင့် ရှေ့မတိုးနိုင်၊ လှော်ရင်း နစ်နေရတယ်။
မိမိကိုယ်ကျိုး ဆန္ဒကိုသာ ရှေ့တန်းတင်၍ လုပ်ဆောင်နေသူများကို နားလည်အောင်
ရှင်းပြခြင်း၊ ကျေနပ်အောင် ဖြေရှင်းညှိနှိုင်း ပေးခြင်းများ
ပြုလုပ်ပေးသင့်တယ်။
ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ဒီမိုကရေစီ မကျသော ပြုမူလုပ်ဆောင်မှုများကို ရပ်တန့်သွားအောင် ထိန်းသိမ်းသင့်တယ်။
ပြည်တွင်း ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးတယ်။ ငြိမ်းချမ်းမှုမရှိဘဲ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်လို့ မရဘူး။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ အကြိမ်ပေါင်းများစွာ လုပ်ခဲ့ကြတယ်။
သို့သော် အချို့အဖွဲ့အစည်းများက ငြိမ်းချမ်းရေး ရယူရန်မဟုတ်ဘဲ အသက်ရှူပေါက်
ချောင်လည်စေရန် လာခြင်းများ ယခင်က တွေ့ခဲ့ရတယ်။ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲလာရင်း နိုင်ငံရေး အမြတ်ထုတ်သွားတဲ့ ဖြစ်စဉ်များကလည်း
ထင်ထင်ရှားရှား သိခဲ့ရတယ်။
တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးကို မည်သူ့ကိုမှ အားနာခြင်းမရှိဘဲ ပြတ်ပြတ်သားသား လုပ်သင့်တယ်။
"စစ်အစိုးရလုပ်တာ တစ်ခုမှ မကောင်းဘူး၊ အားလုံးဖျက်မယ် ဆိုရင်တော့
တိုင်းပြည် ပြဿနာတက်မှာ သေချာတယ်။ ပဋိပက္ခတွေလည်း အများကြီး
ပေါ်လာလိမ့်မယ်..."
Voice : အဘက တပ်ဘက်ကနေ အရပ်ဘက်ကို
ပြောင်းပြီးတော့ တာဝန်ထမ်းဆောင် ခဲ့ရတယ်။ တာဝန် ထမ်းဆောင်ရတဲ့ နေရာကလည်း
ကုန်သွယ်ရေးဝန်ကြီး။ ကျွန်တော် အဓိက မေးချင်တာက စစ်တပ်ကလူတွေ အရပ်ဘက်
အုပ်ချုပ်ရေးဘက်ကို ရောက်လာတာကို အရပ်သားတွေက မကြိုက်ကြဘူး။ ဒါပေမဲ့လည်း
ဘာမှပြောလို့ မရခဲ့ကြဘူး။ ကျွန်တော်တို့ တိုင်းပြည် အခုလို အစစအရာရာ
ခေတ်နောက်ကျခဲ့တာ စစ်တပ်က လူတွေ နေရာတကာ ဝင်နေရာယူပြီး လုပ်ချင်တာတွေ
လုပ်သွားကြလို့ တိုင်းပြည် နစ်နာခဲ့ရတာလို့ ပြောတဲ့သူတွေက ပြောကြတယ်။
ဒီနေ့အချိန်မှာ အဘရဲ့သဘောထားက ဘယ်လို သဘောထားရှိမလဲ။
UTK :
ဒီကိစ္စနဲ့ ပတ်သက်လို့ လိပ်ပတ်လည်အောင် စာဖတ်သူတွေ ရှင်းရှင်းလင်းလင်း
သိသွားရအောင် အတော်ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့်
ဖြေဆိုမှရမယ့်ကိစ္စလို့ ဘဘထင်တယ်။ လိပ်ပတ်မလည်ရင် ‘သူက စစ်ဗိုလ်၊ စစ်သားပဲ။
စစ်တပ်ဘက်က ပင်းပြောမှာပေါ့’ လို့ ပြောကြလိမ့်မယ်။ ပကတိ အဖြစ်မှန်ကိုလည်း
သိမှာ သဘောပေါက်ကြမှာ မဟုတ်ဘူး။ ဒီတော့ ဘဘမေးခွန်းထဲမှာပါတဲ့ အဓိက
အချက်အလက်လေးတွေကို တစ်ချက်ချင်း ခွဲခြားပြီး ဖြေပေးပါ့မယ်။
ပထမအချက်
အနေနဲ့ ‘စစ်တပ်ကလူတွေ အရပ်ဘက် အုပ်ချုပ်ရေးဘက်ကို ရောက်လာတာကို အရပ်သားတွေက
မကြိုက်ကြဘူး’ လို့ ပြောတဲ့အချက်ကို ပထမဦးစွာ ရှင်းပါ့မယ်။
ဒီမှာ နံပါတ်တစ်က စစ်ပွဲတစ်ပွဲဖြစ်ရင် စစ်စည်းရုံးမှု (Mobilization) ဆိုတာ
လုပ်ကြရပါတယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ တပ်အင်အားနဲ့ မလုံလောက်ရင်ပေါ့။ ဒုတိယ
ကမ္ဘာစစ်တုန်းကဆိုရင် အမေရိကန်၊ အင်္ဂလိပ်၊ ဂျာမန်၊ ရုရှားစတဲ့
နိုင်ငံကြီးတွေအားလုံး စစ်စည်းရုံးမှု လုပ်ပြီး ရန်သူကို ယှဉ်ပြိုင်
တိုက်ခိုက်ခဲ့ကြရတယ်။ စစ်ပြီးတော့ ဒီလူတွေ ဘယ်ရောက်သွားလဲ။ အားလုံးတပ်ထဲမှာ
မထားနိုင်တော့၊ လိုလည်းမလိုတော့ တချို့ ကိုယ့်အိမ်ကိုယ်ပြန်တယ်။
ငယ်ရွယ်သူတွေက ကျောင်းပြန် တက်ကြတယ်။ စီးပွားရေး လုပ်သူတွေက စီးပွားရေး
လုပ်တယ်။ တချို့က အရပ်ဘက် ဝန်ထမ်းတွေ ဖြစ်ကုန်တယ်။ အစိုးရ
အမှုထမ်းပြည်သူတွေက အများအပြားပေါ့။ ဗိုလ်ချုပ်ကြီး အိုင်ဆင်ဟောင်ဝါဆိုရင်
သမ္မတ တက်လုပ်တယ်။
နံပါတ်နှစ်က ဘဘတို့ မြန်မာနိုင်ငံမှာလည်း
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့
လွတ်လပ်ရေး ထိန်းသိမ်း စောင့်ရှောက်ရေး ကာလတွေမှာ ပြည်သူတွေအားလုံး
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိုင်းပြည်အတွက် အသက်ကိုပဓာန မထားဘဲ
ရွပ်ရွပ်ချွံချွံ၊ စွန့်စွန့်စားစား ပါဝင် တိုက်ခိုက်ခဲ့ကြတယ်။ တချို့က
တပ်မတော်ထဲ ဝင်တယ်။ တချို့က သူတို့ နယ်မြေမှာပဲ ပြောက်ကျားအဖြစ်နဲ့ ပါဝင်
တိုက်ခိုက်တယ်။ အဲစစ်ပြီးတော့ အားလုံး အစိုးရဌာန အပါအဝင် အဆင်ပြေရာ နေရာဌာန
အသီးသီး ဝင်ရောက် သွားကြရတယ်။
နံပါတ်သုံးက အဘတို့ ယနေ့
တပ်မတော်ကတော့ ကမ္ဘာစစ် မဟုတ်သော်လည်း ကမ္ဘာစစ်သဖွယ် အလွန်ဆိုးဝါးလှတဲ့
ပြည်တွင်းစစ်ကြီးကို အချိန်ကာလ ကြာမြင့်စွာ ဆင်နွှဲခဲ့ရတယ်။ သေကျေ
ကျဆုံးသူတွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူတွေ အများကြီး၊ ဘွဲ့ထူးဂုဏ်ထူး
ရတဲ့သူတွေလည်း အများကြီးပဲပေါ့။ အခက်အခဲ အကျပ်အတည်း ဘယ်လောက်
ရှိခဲ့သလဲဆိုတာ နည်းနည်း ပြောပြပါမယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ
လွတ်လပ်ရေးရတယ်။ လွတ်လပ်ရေးရပြီး ၈၄ ရက်အကြာမှာ ၁၉၄၈ ခုနှစ် မတ်လ ၂၈
ရက်နေ့မှာ ကွန်မြူနစ်တွေ တောခိုကြတယ်။ ပိုဆိုးတာက သူတို့နဲ့အတူ အဘတို့
အလွန်အလေးထား လေးစားကြရတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျနဲ့
ဗိုလ်ရဲထွဋ်တို့ ခေါင်းဆောင်တဲ့ တပ်မတော်တပ်ရင်း (၁) နဲ့ တပ်ရင်း (၃) မှ
တပ်မတော်သားတွေ တောထဲလိုက်သွားကြတဲ့ ကိစ္စပါပဲ။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၂၅
ရက်နေ့ ရောက်တော့ ကရင်သူပုန် အရေးအခင်း စတင်ပေါ်ပေါက်ခဲ့တယ်။ ကရင်တပ်ရင်းတွေ
တောခိုသွားကြတယ်။ တကယ်တော့ ၁၉၄၈ ခုနှစ် သြဂုတ်လလောက် ကတည်းက
ကရင်ပြည်ထောင်စု စစ်ရဲတပ်တွေက တောခိုနေကြပြီ။ တပ်မတော်
စစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးစမစ်ဒွန်း (ကရင်တိုင်းရင်းသား)
ကိုလည်း ကရင် တပ်ရင်းတွေကို လက်နက်ကြီးနဲ့ စက်သေနတ်တွေ ဖွဲ့စည်းပုံထက်
ကျော်လွန်ထုတ်ပေးလို့ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တာဝန်က
အနားယူခွင့် ပေးခဲ့ရတယ်။ ကရင်တပ်တွေကိုလည်း လက်နက်တွေသိမ်းပြီး
ခွင့်ရက်ရှည် ပေးလိုက်ရတယ်။ ကရင်တပ်တွေကလည်း တောခို၊ အစိုးရအတွက်
အားထားရတဲ့ တပ်ရင်း (၁) နဲ့ တပ်ရင်း (၃) အင်အားစု တချို့ကလည်း မရှိတော့
မြန်မာနိုင်ငံအဖို့ အခြေအနေ အလွန်ဆိုးသွားတယ်။ ရန်ကုန်မြို့ ကွက်ကွက်လေးပဲ
အစိုးရလက်ထဲ ကျန်တော့တယ်။ နယ်ကမြို့တွေလည်း ရောင်စုံသူပုန်တွေ သိမ်းထားတော့
ကမ္ဘာ့အလယ်မှာ ‘ရန်ကုန်အစိုးရ’ လို့ အခေါ်ခံရတဲ့အထိ ဖြစ်သွားတယ်။
အခြားတိုင်းပြည်အပေါ် သစ္စာရှိတဲ့ တိုင်းရင်းသား တပ်ရင်းတွေရှိလို့
တော်သေးတာပေါ့။ သောင်းကျန်းသူ အင်အားစုက အစိုးရတပ်ထက် များနေပြီ။ ဒါကြောင့်
တပ်အင်အားတွေ အများကြီး တိုးချဲ့ခဲ့ရတယ်။
နံပါတ်လေးက အဘတို့
မြန်မာနိုင်ငံ ရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်ပေါင်းစုံက ဒါလောက်နဲ့တင် မကသေးဘူး၊
တရုတ်ဖြူလို့ခေါ်တဲ့ ကူမင်တန် (KMT) အင်အား အများအပြားက
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ ပါလျှိုး၊ ကျိုင်းလတ် စတဲ့
နယ်စပ်ဒေသထဲ ကျူးကျော် ဝင်ရောက်ခဲ့ကြပြန်တယ်။ တရုတ်ဖြူဆိုလို့ အထင်မသေးနဲ့။
အမေရိကရဲ့ လက်နက်ခဲယမ်းတွေ လိုချင်သလောက် အထောက်အပံ့ရတဲ့ ကျူးကျော်တပ်တွေ
ဖြစ်တယ်။ အင်အားလည်း အတော်များတယ်။ ပါလျှိုးမှာ စစ်လေယာဉ်ကွင်း
အကြီးကြီးဆောက်ပြီး လေယာဉ်ကြီးတွေနဲ့ ပြောင်ပြောင်တင်းတင်း ပို့/ကြို
လုပ်တယ်။
ဒီကျူးကျော် ဝင်ရောက်တဲ့ တရုတ်ဖြူတပ်တွေကို အင်အား အလုံးအရင်း
စုစည်းပြီး အသက်ပေါင်းများစွာ စတေးကာ တွန်းလှန် တိုက်ခိုက်ခဲ့ကြရတယ်။
တပ်ရင်းသုံးရင်းပါတဲ့ မိမိတို့ရဲ့ ‘နဂါးနိုင်’ စစ်ဆင်ရေးဆိုရင်
အင်အားမမျှလို့ အကျအဆုံး များစွာနဲ့ ပြန်ဆုတ်ခွာခဲ့ရတယ်။
ဒီမှာ
နံပါတ်ငါးအနေနဲ့က လူတိုင်းသိတဲ့ ဗကပ မိမိတို့တပ်မတော်နဲ့ ပြည်သူတွေ
လက်တွဲပူးပေါင်းပြီး တိုက်ထုတ်လိုက်လို့ ဗမာပြည် ကွန်မြူနစ်ပါတီ
ဗဟိုဌာနချုပ်လည်းပျက်၊ ခေါင်းဆောင်တွေလည်းသေ၊ ပြည်တွင်းမှာပင်
မနေနိုင်တော့ဘဲ နယ်စပ်ဒေသသို့ ထွက်ပြေး သွားခဲ့ကြရတယ်။ ဒါပေမဲ့ ဗကပက
ပျောက်မသွားဘူး။ တစ်ဖက်နိုင်ငံရဲ့ အင်တိုက်အားတိုက် အားပေးမှု၊ လူ၊
လက်နက်ပစ္စည်း လိုသမျှ ထောက်ပံ့၊ ပံ့ပိုးမှုကြောင့် ပိုမိုအင်အားကြီးမားတဲ့
အဖွဲ့တစ်ဖွဲ့ ဖြစ်သွားတယ်။ နယ်စပ်ဒေသမှာရှိတဲ့ ရိုးသားတဲ့ မိမိတို့
တိုင်းရင်းသားတွေကို အတင်းလက်နက် တပ်ဆင်ပေးပြီး အင်အား တောင့်တင်းအောင်
လုပ်ခဲ့ကြတယ်။ ဗမာပြည်မှာတော့ အင်အားအကြီးဆုံး လူ၊ လက်နက် အတောင့်တင်းဆုံး
အင်အားစုပေါ့။ တစ်ဖက်နိုင်ငံရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကူအညီ
များစွာရတဲ့ အဖွဲ့ပီပီ ထောင်ချီရှိတဲ့ အင်အားများနဲ့ မိမိတို့ရဲ့
တပ်စခန်းများ၊ မြို့များ၊ လှုပ်ရှား စစ်ကြောင်းများကို အကြိမ်ကြိမ်
တိုက်ခိုက်ခဲ့ကြတယ်။ ဘဘတို့ တပ်မတော်ကလည်း အနိုင်မခံ အရှုံးမပေးသော
စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်နဲ့ ပြန်လည်တွန်းလှန်
တိုက်ခိုက်ခဲ့ကြတယ်။ အဘတို့ လက်ထက် တပ်မ (၈၈) ရဲ့နယ်မြေဖြစ်တဲ့
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဒေသမှာပင် ပွိုင့် ၅၂၅၈ လွယ်ယုတ်စခန်း
တိုက်ပွဲ၊ ကော်ဟိုလွယ်စခန်း တိုက်ပွဲ၊ ထင်းရှူးတောင်တိုက်ပွဲ၊ မိုင်းယမ်း
မြို့သိမ်းတိုက်ပွဲနဲ့ မိုင်းယောင်း မြို့သိမ်းတိုက်ပွဲ စသည့်တိုက်ပွဲကြီး
ပေါင်းများစွာ ဖော်ခဲ့ကြတယ်။ ဘယ်နေရာတိုက်တိုက် သူတို့က တစ်ဖက်နိုင်ငံကရတဲ့
လက်နက်ကြီးတွေ အများကြီး သုံးတယ်။ တပ်အင်အားကလည်း ဘဘတို့ထက် အနည်းဆုံး
ငါးဆ၊ ခြောက်ဆ အလွန်သာလွန်တဲ့ အင်အားသုံး တိုက်တယ်။ သူတို့လည်း အကျအဆုံး၊
အထိအခိုက် အတော်များတယ်။ ဘဘတို့ ဘက်ကလည်း မနည်းလှဘူး။ အဲဒီငါးပွဲမှာတင်
စစ်သည် ၁၅၀ ကျော် တိုင်းပြည်အတွက် အသက်ပေးခဲ့ရပြီး ၃၀၀ ကျော်
ဒဏ်ရာရရှိခဲ့ရတယ်။ ဒါက တိုက်ပွဲကြီးတွေသာ ပြောတာ။ တိုက်ပွဲ ငယ်လေးတွေကတော့
အများကြီးပါ။ ဒါက တပ်မ (၈၈) ကျိုင်းတုံနယ်မြေ ကွက်ကွက်လေး ပြောတာ။
တခြားတိုင်း တပ်မတွေမှာလည်း တိုက်ပွဲကြီးတွေ အများကြီး ဖော်ခဲ့ကြတယ်။
ဒါတွေကို ဒါလောက် ရှည်ရှည်ဝေးဝေး ပြောနေတာက ဘဘတို့ တပ်မတော်ဟာ ၁၉၄၈ ခုနှစ်
လွတ်လပ်ရေး ရကတည်းက ဒီနေ့အထိ ပြည်သူတွေအတွက် သက်စွန့်ကြိုးပမ်း
တာဝန်ထမ်းဆောင် နေခဲ့ရတယ်။ ဆင်းဆင်းရဲရဲ၊ ပင်ပင်ပန်းပန်း၊ အငတ်ငတ်
အပြတ်ပြတ်နဲ့ ဘယ်တုန်းကမှ အုပ်ချုပ်မှုကိစ္စ ပြည့်ပြည့်စုံစုံ မရှိခဲ့ဖူးဘူး။
ကိုယ့်ရိက္ခာ ကိုယ်ထမ်း၊ လက်နက်ကြီးကျည်၊ လက်နက်ငယ် အရန်ကျည်တွေကို မျှသယ်၊
စစ်ဆင်ရေးထွက်ရင် တစ်ခါတစ်ရံ ကိုးလ၊ ဆယ်လ မိကွဲဖကွဲ သိပ်သနားစရာ
ကောင်းတယ်။ သားတို့လည်း သိမှာပဲ။ ဂျပန် အရိုးကောက်အဖွဲ့တွေ ခဏခဏလာပြီး
ဒုတိယ ကမ္ဘာစစ်အတွင်းက ကျဆုံးသွားတဲ့ သူတို့စစ်သည်တွေရဲ့ အရိုးတွေ
ကောက်နေကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်က အလောင်းတွေပေါ့။ အလားတူပဲ
အမေရိကန်တွေဟာ သူတို့ စစ်သည်တွေရဲ့ အရိုးတွေကို အခုဗီယက်နမ်မှာ
ကောက်နေကြတယ်လို့ သိရတယ်။
အဘတို့ရဲ့ စစ်သည်လေးများကတော့ သရဏဂုံလည်း
မတင်ရဘူး။ စစ်အခမ်းအနားနဲ့လည်း မသင်္ဂြိုဟ်ရဘူး။ ဒီနေ့ အထိလည်း အရိုးတွေ
မကောက်နိုင်ဘူး။ နောက်ပြီး အကောင်းလည်း အပြောမခံရဘူး။ ဂုဏ်ပြု ထောက်ပံ့ဖို့
ဆိုတာတော့ ဝေးရော။ ကေအိုင်အေ သင်တန်းကျောင်း၊ အမြောက်မှန်လို့ သေတဲ့၊
တိုင်းပြည်အတွက် ဘာတစ်ခုမှ လုပ်မပေးဖူးတဲ့ (ကုလားဆင်) သူတွေကျတော့
ချီးကျူးရတာနဲ့၊ ဂုဏ် ပြုရတာနဲ့၊ ဝမ်းနည်းကြောင်း အထိမ်းအမှတ် လုပ်ရတာနဲ့
ဘဘတော့ အတော်အသည်းနာတယ်။
ဘဘဖြေတာ ဘေးရောက်သွားသလား မသိဘူး။ ဘဘတို့
ရဲဘော်လေးတွေအတွက် ကရုဏာဒေါသော ဖြစ်လွန်းလို့ပါ။ သူတို့လေးတွေ ရတဲ့လခက
နှစ်ပြားတစ်ပဲ။ လုပ်ရတာကတော့ ဖတ်ဖတ်ကိုမောလို့။ အသက်မသေလို့
ကျန်တဲ့လူတွေထဲက အသက်ကြီးသွားသူတွေ ကူးစက်ရောဂါ၊ အသည်းရောင် အသားဝါ
ရောဂါရှိလို့ တပ်ထဲမှာ မထားသင့်တဲ့သူတွေ အကြောင်း အမျိုးမျိုးကြောင့်
နယ်ဘက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင် သင့်သူတွေကို သေသေချာချာ
စိစစ်ရွေးချယ်ပြီး ဝန်ကြီးဌာနတွေမှာ တာဝန်ပေးခဲ့ကြရတယ်။ သူတို့ကို
ဒီလိုမှမပို့ရင် ဘယ်သွားထားရမလဲ။ ပင်စင် ပေးပစ်ရမှာလား။ အဲဒီလို
လုပ်သင့်သလား။ မတတ်နိုင်လို့သာ ဒီထက်တောင်ကောင်းတဲ့ နေရာတွေ
စီစဉ်ပေးချင်တယ်။ တောင်ပေါ်စခန်းမြို့တို့၊ ပင်လယ်ကမ်းခြေတို့မှာ အိမ်ရာတွေ
ဆောက်ပြီးတောင် ထားပေးသင့်တယ်လို့ ဘဘကတော့ ထင်တယ်။ အခုအော်လိုက်ကြတာ
တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်ဖို့။ ဒါကသာမန် အရပ်သား အိုးမဲ့၊
အိမ်မဲ့တွေအတွက်။ သူတို့အတွက်တောင် နေရေးထိုင်ရေး အဆင်ပြေအောင်
လုပ်ပေးချင်ရင် ဘဘတို့ စစ်ပြန် စစ်မှုထမ်းဟောင်းတွေအတွက်
လုပ်မပေးသင့်ဘူးလား။
အဲဒီလို နေရေးထိုင်ရေး အဆင်ပြေအောင်
စီစဉ်ပေးသင့်တဲ့ ဘဘတို့ရဲ့ မသေလို့ ကျန်ရစ်ခဲ့တဲ့ စစ်သည်တွေ နယ်ဘက်
ပြောင်းရွှေ့လာတာကို မကြိုက်ကြဘူး ဆိုရင်တော့ ‘လွန်တာပေါ့’ လို့ပဲ
ဘဘပြောချင်ပါတယ်။ နောက်ပြီး ပြောင်းလာတဲ့လူတွေက ဘယ်လောက်များလို့လဲ။
ရာနှုန်း ဘယ်လောက်မှ မရှိပါဘူး။ ဘဘရဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနမှာ ဆိုရင် ၅
ရာခိုင်နှုန်းတောင် မရှိပါဘူး။ စစ်သည်လေးတွေ ပြောင်းလာတာ ဘယ်သူ့မှ
မထိခိုက်ပါဘူး။ အဲ အရာရှိတွေ ပြောင်းလာရင်တော့ နစ်နာ ထိခိုက်သူတွေ
ရှိပါတယ်။
ဘဘတို့ကတော့ လုပ်ငန်း တွင်ကျယ်အောင် အလုပ်ဖြစ်မယ့်
တော်တဲ့လူတွေ ရွေးခေါ်တာပါ။ တော်တဲ့လူ၊ ထူးချွန်တဲ့ လူတွေဆိုတော့
နေရာကောင်းတော့ ပေးရတာပေါ့လေ။ အဲဒီနေရာကို တက်ဖို့စောင့်နေတဲ့
အရာရှိတွေအတွက် စိတ်မကောင်းပါဘူး။ တကယ်တော့ မကြိုက်ကြဘူးလို့ ပြောတဲ့လူက
အဲဒီနစ်နာတဲ့ အရာရှိတွေပါ။ ဘယ်အရပ်သားကမှ ပြောမှာ မဟုတ်ပါဘူး။ အရပ်သားတွေက
စိတ်တောင်ဝင်စားမှာ မဟုတ်ပါဘူး။
ဆက်လက်ဖော်ပြပါမည်။
အွန်လိုင်းဝဏ
http://thevoicemyanmar.com/index.php/article/item/5768-dty#sthash.2TagNppm.dpuf
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 15, 2015
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) နှင့် တွေ့ဆုံခြင်း (၂)
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း) နှင့် တွေ့ဆုံခြင်း (၂)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 15, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment