CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, February 19, 2015
အမျိုးသားပညာရေး ဥပဒေကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံး အတည်မပြုပေးပါက ရန်ကုန်သို့ ဆက်လက်ချီတက်မည်
Friday, February 20, 2015
ပြည်သူ့လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ယခုဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံး အတည်ပြုပေးရန် တောင်းဆိုလိုက်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်လျှင် ရပ်နားထားသော ပင်မသပိတ်စစ်ကြောင်းက ရန်ကုန်သို့ ဆက်လက်ချီတက်မည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များက တရားဝင်ကြေညာလိုက်သည်။
အဆိုပါ ကြေညာချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်း၌ အရေးပေါ်အစည်းအဝေး ခေါ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ယခုကဲ့သို့ တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်။
သတ်မှတ်ထားသော ဖေဖော်ဝါရီလ ၂၈ ရက်တွင် သပိတ်မှောက် ကျောင်းသားများက တစုတစည်းတည်း စောင့်ကြည့်ပြီး မတ်လ ၁ ရက်တွင် သပိတ်ပြန်လည် စတင်ရန် ရည်ရွယ်ထားကြောင်း သပိတ်မှောက်ကျောင်းသား ကိုနန္ဒစစ်အောင်က ပြောဆိုသည်။
ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် ရပ်နားရခြင်းသည် အခြေခံပညာ စာမေးပွဲများအပေါ် မိဘပြည်သူများ စိုးရိမ်နေခြင်းကို နားလည်သည့် အနေနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် လုပ်ငန်းဆောင်တာများကို စောင့်ဆိုင်းခြင်းဖြင့် လည်းကောင်း အဆိုပါ ဆုံးဖြတ်ချက်ကို ချရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဒီဥပဒေ ပြင်ဆင်ရေးအချက်တွေက နိုင်ငံတော်အဆင့် သေသေချာချာ စဉ်းစားရမယ် ဆိုတာလည်း သိပါတယ်။ တစ်နိုင်ငံလုံးကတော့ အချက် ၁၁ ချက် အားလုံးရဖို့ ပြည်သူတွေ မျှော်လင့်နေကြတယ်” ဟု ကိုနန္ဒစစ်အောင်က ရှင်းပြသည်။
ဒီမိုကရေစီပညာရေး အနှစ်သာရဖြစ်သော ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းရေး၊ ဗဟိုဦးစီးချုပ်ကိုင်မှု မရှိသော ပညာရေးစနစ်၊ မိခင်ဘာသာစကား အခြေပြုသော ပညာရေးနှင့် လူတိုင်းအကျုံးဝင်သော ပညာရေးစနစ်တို့ ရရှိရေးအတွက် ဆက်လက်ချီတက်ရခြင်း ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောဆိုသည်။
သပိတ်မှောက် ကျောင်းသားများ တောင်းဆိုသော အချက်များတွင် ချက်ချင်း အကောင်အထည်ဖော်နိုင်သော အချက်များအပြင် ရေတို၊ ရေရှည် အကောင်အထည်ဖော်ရမည့် စီမံကိန်းများလည်း ပါဝင်ကြောင်းကို အစိုးရဘက်က ကတိပေး ပြောကြားထားကြောင်း ကိုနန္ဒစစ်အောင်က ထောက်ပြပြောဆိုသည်။
လက်ရှိတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) နှင့် ကျောင်းသားသမဂ္ဂများ ရေးဆွဲသော ပညာရေး ဥပဒေကြမ်းကို နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ဝေဖန်အကြံပြုချက်များ တောင်းခံဆဲရှိသည်။
The Voice Weekly
အမျိုးသားပညာရေး ဥပဒေကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံး အတည်မပြုပေးပါက ရန်ကုန်သို့ ဆက်လက်ချီတက်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment