Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

လက်ပံတောင်းတောင် သွေးစွန်းခဲ့လေပြီ – လင်းထိုက် (Y.I.T)



**** ပွင့်လင်းမြင်သာမှုလည်းရှိ၊ စီမံခန့်ခွဲမှုတွေ မမှားခဲ့ရင် တရုတ် လည်း ကြောက်မနေ ရပါဘူး ****

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့် ဒဏ်ရာရလို့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေး စိတ်ထားတွေ တစ်စတစ်စပွားနေချိန် မိတ်္ထီလာကစလိုက်တဲ့ အဓိက ရုဏ်းတွေဟာ တရုတ်စီမံကိန်းတွေ ရဲ့ပဋိပက္ခဂယက်တွေကို ဖုံးလွှမ်း သွားပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက် သက်လားဆိုတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ ဒီဇင် ဘာ၂၂ရက်က စီမံကိန်းလုပ်ကိုင်ခွင့်ရထားတဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်ရာ ကနေ ဒေသခံတောင်သူတွေ နဲ့ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းရာမှာ အသက် ၅၆နှစ် အရွယ် ဒေသခံတောင်သူတစ်ဦး သေနတ်ထိမှန်သေဆုံးပြီး ဒေသခံတောင်သူ၄၀ကျော်လည်း ထိခိုက် ဒဏ်ရာရကုန်ကြပါတယ်။

အဲဒီနေ့က၀မ်ပေါင်ကုမ္ပဏီက ခြံစည်း ရိုးခတ်တဲ့မြေနေရာတွေ ဟာဒေသခံတောင် သူတွေ မြေယာလျော်ကြေးရ ယူထားခြင်း မရှိတဲ့ မြေနေရာတွေဖြစ်ပြီး ခြံစည်းရိုးခတ်တာကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးပြီးသား စိုက်ခင်းသီး နှံတွေ ပျက်စီးသွားရာက နှစ်ဖက်တင်းမာ မှုတွေဖြစ်ပြီး ကြေကွဲဖွယ်ရာ သေဆုံး၊ ဒဏ်ရာရတဲ့ ရုပ်ပျက်ဆင်းပျက် အဖြစ်ဆိုးကြီး ပေါ်ပေါက်ခဲ့တာပါ။ …မိမိစိုက် ခင်းတွေကို ဘူဒိုဇာနဲ့ထိုးကော်ချိန် ဘူဒိုဇာ ရှေ့သေမှာ မကြောက်ဝင် တားသူကတား၊ စိုက်ခင်းတွေ ပျက်စီးသွားလို့ ငိုယိုနေသူ တွေက ငိုယိုနဲ့ ကြည့်ရတဲ့မြင်ကွင်းတွေက အတော်ကို အကြည့်ရဆိုးလှပါတယ်။ ပြီး တော့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပထမဆုံးပြည်သူသေဆုံးတဲ့ ဖြစ်စဉ် လည်း ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ လည်းလက်ဖြတ်ရတော့မယ့်အထိ ဒုက်္ခိတ ရောက်ရတော့ မယ့် အခြေအနေ ဆိုးရွားမှုတောင်ရှိနေ ပါတယ်။ မြန်မာအစိုးရ၊ မြန် မာရဲတပ်ဖွဲ့ဟာ တရုတ်စီမံကိန်းတွေနဲ့ပတ် သက်ပြီးလူသေဆုံးလောက်အောင်၊ ကိုယ့် သွေးကိုယ့်သားအချင်းချင်း သတ်ဖြတ်ရ လောက်အောင်ပြူးတူး ပျာတာနဲ့ တရုတ်နိုင်ငံဘက်က ဘာကြောင့်ဒီလောက် ကာကွယ်နေရတာလဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်း နေပါ တယ်။

လက်ပံတောင်းတောင်စီမံကိန်း ဆန္ဒပြသပိတ်စခန်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ရက်မှာလည်း မြန်မာ့ရဲတပ်ဖွဲ့ ကအကြမ်း ဖက်နှိမ်နင်းခဲ့ဖူးပါသေးတယ်။ မနက်ဝေလီ ဝေလင်း ၃ နာရီလောက်မှာ သပိတ်စခန်းကို မီးလောင်ဗုံး နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သံဃာတော်အပါး ၈၀ ကျော်နဲ့ ဒေသခံတွေ မီးလောင်ဒဏ်ရာတွေ ရခဲ့ပါ သေး တယ်။ အဲဒီတုန်းကလည်း ပါဝင်ပတ်သက်သူတွေကို အရေးယူပေးဖို့ ဆန္ဒပြမှုတွေ ကြိမ်ဖန် များစွာ ပေါ်ပေါက်ခဲ့ ပေမယ့် အခု ၂နှစ်ကျော်ကြာတဲ့အထိ အရေးယူမှု တစ်စုံတစ်ရာ လုံးဝမရှိခဲ့ပါဘူး။

လက်ရှိဖြစ်စဉ် ဒီဇင်ဘာ ၂၂ ရက် လူသေဆုံးပြီး နောက်တစ်ရက် မှာလည်း နှစ်ဖက်ထပ်ပြီး တင်းမာ မှုတွေဖြစ်လို့ သေနတ် ပစ်ဖောက်ဖြိုခွဲတာ၂ယောက် ဒဏ်ရာရသွားပါသေးတယ်။ လက်ရှိလက်ပံတောင်း လူသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဆန္ဒပြကန့်ကွက်မှုတွေ အရှိန်အဟုန်မြင့်နေပြီး ဆက်လက် အရှိန် အဟုန်မြင့်မယ့် အလားအလာတွေ လည်း မြင်တွေ့နေရပါတယ်။ လက်ရှိဆန္ဒပြ မှုဖြစ်စဉ်တွေမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ရန်ကုန်တရုတ်သံရုံးနဲ့ မန္တလေးကောင်စစ်ဝန်ရုံးတို့မှာ လုံခြုံရေးအပြည့် ယူထားတာ ဟာလိုတာ ထက်ပိုနေတယ်လို့တောင် ယူဆ ရပါတယ်။ ဒီဇင်ဘာ ၂၉ရက် ဆန္ဒပြပွဲမှာဆို ဆန္ဒပြသူတွေဟာ မြို့နယ်တွေ ဖြတ်ပြီး တရုတ်သံရုံးဆီ ချီတက်ကြရာမှာ လမ်းတစ်လျှောက်မြို့နယ်တွေမှာ လုံခြုံရေးယူထားခြင်းမျိုးမရှိဘဲ တရုတ်သံရုံးရှေ့မှာသာ လမ်းမကြီး နှစ်ဖက်ထိပ်ကိုသံဆူးကြိုးတစ်ထပ်၊ ရဲကားတွေ ကန့်လန့်ဖြတ်ပိတ်ပြီးတစ် ထပ်၊ အ၀ါရောင်ရဲစည်း တစ်ထပ်အဆင့်ဆင့်ပိတ်ပြီး ရဲတပ်ဖွဲ့ဝင် ရာဂဏန်းကို ဒိုင်းတွေနဲ့ အပြည့်အ၀ လုံခြုံရေး ယူပေးထားတာ တွေ့ရပါတယ်။

တရုတ်စီမံကိန်းတွေကိုမှ ဘာကြောင့် အကဲပို ကာကွယ်နေရတာလဲ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့ဖူးတဲ့ ““တရုတ်ကိုကြောက်နေရတယ်””ဆိုတဲ့စကားကို ပြန် သတိရရင်း တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ရင်မြန်မာ အစိုးရရဲ့အကဲပို အကာအကွယ်ပေးနေရမှုကို သုံးသပ် ကြည့်ချင်ပါတယ်။

၂၀၁၁၊ စက်တင်ဘာ ၃၀မှာ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်ရဲ့၃ ဒသမ ၈ဘီလီ ယံတန်ဖိုးရှိတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းဆိုင်းငံ့မှုနဲ့ ပတ်သက်ပြီးဂျော့တောင်း တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ်စတိန်းဘက်က ““မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်ခြင်းဟာ တရုတ်ကို အတော် အထိ နာစေခဲ့ပါတယ်။ တခြားစီမံကိန်းတွေရဲ့ အလားအလာကိုလည်း စောင့်ကြည့်ရမယ့် အနေအထားဖြစ် သွားပါပြီ””လို့ မြစ်ဆုံဆည် စီမံကိန်းဆိုင်းငံ့အပြီး သုံးသပ်ပြခဲ့ဖူးပါတယ်။

မြစ်ဆုံအရေးနဲ့ ပတ်သက်လို့ တရုတ်မှာလည်း မြန်မာအစိုးရ ကို မေးစရာမေးခွန်း၂ခု ပေါ်လာပါတယ်။

(၁) မြစ်ဆုံဆည်ကို အပြီးရပ်ဆိုင်းလိုက်မှာလား။

(၂)ရပ်ဆိုင်းပစ်လိုက်ရင် လျော်ကြေးအစီအစဉ်က ဘယ်လိုအစီအမံလဲဆိုတဲ့မေး ခွန်း၂ခုပါ။

တကယ်လို့ မြစ်ဆုံဆည်အပြီးရပ်ဆိုင်းလိုက်လို့ စာချုပ်ဖောက်ဖျက်မှု အတွက် လျော်ကြေးအစီအစဉ်ဟာ ငွေကြေး မဟုတ်ဘဲ မြန်မာပြည်တွင်းက တခြားသောတရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးရမယ် ဆိုတဲ့ တောင်းဆိုချက်သာ ဆိုရင်အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို မြန်မာ အစိုးရကိုင်တွယ် ဖြေရှင်းနေပုံဟာ ဒီအချက်က အခြေခံတာလို့ ပြောလို့ရပါတယ်။

နောက်တရုတ်ရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဗျူဟာ(၄)ရပ်မှာ စွမ်းအင်လုံခြုံမှု (Energy Security) နဲ့ ပထ၀ီဗျူ ဟာအရ အသုံးဝင်မှု (Geostrategic Utility) ဆိုပြီး ဗျူဟာ ၂ရပ် ပါဝင်နေပါတယ်။ ဒီဗျူဟာ ၂ရပ်နဲ့ မြစ်ဆုံဆည် ဆိုင်းငံ့ခြင်း အပေးအယူသာ တိုက်ဆိုင်ခဲ့ရိုးမှန်ရင် လက်ပံတောင်း စီမံကိန်းထက်ကို အရေးပါတဲ့ အမျိုးသားရေး အဆင့် တရုတ်စီမံကိန်းကြီးတွေ ရှိပါသေးတယ်။ မြစ်ဆုံဆည်စီမံကိန်းနဲ့ ရွှေ ဂက်စ်ပိုက်လိုင်းစီမံကိန်း တွေပဲဖြစ် ပါတယ်။ မြစ်ဆုံနဲ့ ရွှေဂက်စ်ပိုက်လိုင်း ၂ခုမှာ ရွှေဂက်စ်ပိုက်လိုင်းက တရုတ်နိုင်ငံရဲ့ အမျိုးသားရေးအဆင့် အနေ နဲ့ပိုပြီး မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ် ဖြစ်ပါတယ်။ အမှန်က စွမ်းအင်လုံခြုံရေး အတွက် ရွှေဂက်စ်ပိုက်လိုင်း က အမျိုးသားရေးအဆင့် ဆိုပေမယ့် ရွှေဂက်စ်ပိုက်လိုင်းတစ်လျှောက် မြန်မာ့ခါးလယ်ကိုဖြတ်ပြီးဖောက်မယ့် ကျောက်ဖြူ-ယူနန် မီးရထားလမ်းဟာဆိုရင် ပိုလို့တောင် ပထ၀ီဗျူဟာအရ အရေးပါနေတယ်လို့ဆို ရမှာဖြစ်ပါ တယ်။ တရုတ်အစိုးရ ထိပ်တန်း အကြံပေးတစ်ဦးကဆိုရင် ““ပိုက်လိုင်းနဲ့ပတ် သက်ပြီး ဖြစ်ပေါ်လာမယ့် ဘေး အန္တရာယ်တွေ (Potential risk) တွေကို ကြိုတင်ဟန့်တားမယ့် အစီအမံတွေ အားလုံးစီစဉ်ထား ရှိပြီးပါပြီ”” ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားတဲ့ သတင်းတစ်ရပ်မှာလည်း ““တရုတ် ခေါင်းဆောင်များသည် ပိုက်လိုင်းစီမံချက် အထမြောက်စေရန်လိုအပ်ချက် မှန်သမျှကို အလေးထားပြီး အကြိမ်ကြိမ် ပြန်လည် အာရုံစိုက်စီမံထားသည်””ဆိုပြီး ဖော်ပြခဲ့ဖူး ပါတယ်။

ဆိုရရင် တရုတ်နိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခစီမံကိန်းဖြစ်တဲ့ လက်ပံတောင်းထက်ကို ပိုပြီး မဟာဗျူ ဟာကျတဲ့ စီမံကိန်းကြီးတွေပြုလုပ်ဖို့ အစီအမံတွေ ရှိနေပါတယ်။ လက်ပံတောင်းထက် ပိုပြီး မဟာဗျူဟာကျတဲ့ စီမံကိန်းကြီးတွေမှာ အခုလို ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံမှာကို တရုတ်အစိုးရအနေနဲ့ သောကတင်ကြိုပွား နေနိုင် သလို ““တရုတ်ကို ကြောက်နေရပါတယ်”“ဆိုတဲ့မြန်မာအစိုးရကိုလည်း ဖိအားပေးမှုတွေ ကြုံလာရနိုင်ပါတယ်။ ဒီအခါ မြန်မာအစိုးရအနေနဲ့ ““တို့ပြည်သူကို ကာကွယ်မလေ””ဆိုတာကိုလျစ်လျူရှုပြီး“တရုတ် ပြည်ကြီးကို ကာကွယ်မလေ””ဆိုတဲ့ကြောက် အားဝင်နေတယ်လို့ ပြည်သူအပေါင်း ထင်မှတ်ယူဆမှာကိုလည်း အထူးဂရုမူ သင့်ပါတယ်။ အမှန်တော့ ဒီတရုတ်စီမံကိန်း ပဋိပက္ခတွေဟာ အရင်စစ်အာဏာရှင်ခေတ်ရဲ့ ဆိုးမွေကိုလက်ရှိ အရပ်သားတစ်ပိုင်း အစိုးရအနေနဲ့ ဆက်ခံနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအစိုးရနဲ့ လွှတ်တော်ဟာ လည်း အရင်အာဏာရှင်ခေတ်က စစ်ဗိုလ် ချုပ်ဟောင်းတွေနဲ့သာ စုဖွဲ့ထားတာဖြစ်လို့ လက်ရှိတာဝန်ရှိ သူတွေ အနေနဲ့ လက်ရှိစီမံ ခန့်ခွဲပုံအမှားတွေကို တာဝန်ယူမှုရှိရှိ တာ ၀န် ခံဖြေရှင်းဖို့ လိုအပ်ပါတယ်။

လက်ပံတောင်းတောင်နှိမ်နင်းမှုတွေဟာ နောင်စီမံကိန်းကြီးတွေအတွက် အဟန့်လား

၂၀၁၂၊ နိုဝင်ဘာ ၂၉ရက် လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုမှာ သံဃာတော်တွေ မီးလောင်ဗုံးသင့် ဒဏ် ရာရလို့ ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး တရုတ်ဆန့်ကျင်ရေး စိတ်ထားတွေ တစ်စ တစ်စပွားနေချိန် ၃ လအကြာမှာ မိတ်္ထီလာအဓိကရုဏ်းဖြစ်ပြီး မွတ်ဆလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာ ၀င်တွေ ကြားမှာ သွေးခွဲလှုံ့ဆော်အုပ်စုတွေကြောင့် အဓိကရုဏ်းတွေ မြန်မာပြည်အနှံ့က မြို့တွေဆီ ကူးစက် ပျံ့နှံ့ကုန်ပါ တယ်။ မိတ်္ထီလာကစလိုက်တဲ့ အဓိကရုဏ်းတွေဟာ တရုတ်စီမံကိန်းတွေရဲ့ ပဋိပက္ခဂယက်တွေကို ဖုံးလွှမ်းသွား ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုသက်သက်လား ဆိုတာလည်း စဉ်းစားစရာ ကောင်းလှပါတယ်။

လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှု ဖြစ်စဉ်တွေဟာ မဟာဗျူဟာကျ တရုတ်စီမံကိန်းကြီးတွေ အပေါ် ပေါ်ထွက်လာနိုင်ခြေရှိတဲ့ ဆန္ဒပြကန့်ကွက်မှုတွေအတွက် တင်ကြို““အချက်ပြအဟန့်””လား ဆိုတာလည်း စဉ်းစားဖွယ်ကောင်းပါတယ်။

ဝမ်ပေါင်ကုမ္ပဏီနဲ့ တရုတ်အစိုးရက လက်ပံတောင်း ပဋိပက္ခလူသေဆုံးမှုအတွက် ၀မ်းနည်းကြောင်း စကားတွေ အသီးသီးဆိုခဲ့ပေမယ့် မြန်မာအစိုးရဘက်ကတော့ ၀မ်းနည်းကြောင်း စကားတောင် မပါးတာဟာလည်း စိတ်မ ချမ်း မြေ့ဖွယ်ရာပါပဲ။ တရုတ်ဘက်က ၀မ်းနည်းကြောင်း စကားဆိုပေမယ့် ၀မ်ပေါင်ကုမ္ပဏီကတော အင်တာဗျူး တစ်ခုမှာ ““ဒီပဋိပက္ခရဲ့ဖြစ်စဉ်မှာ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှု တွေရှိကြောင်း၊ ဒေသခံဆန္ဒ ပြသူတွေ ဟာ နေ့တွက်ခယူပြီး ဆန္ဒပြနေကြ တာ ဖြစ်ကြောင်း”” ပြောကြားသွားတာကတော့ တရားမျှတမှု လိုလားတဲ့ နိုင်ငံအ၀န်းက ဆန္ဒပြကန့်ကွက်သူတွေကို ပျားအုံကို တုတ်နဲ့ထိုးလိုက်သလို ဖြစ်သွားဖွယ်ရှိပြီး တ ရုတ်ဆန့်ကျင် ရေး ဆန္ဒပြမှုတွေ အရှိန်မြင့်လာနိုင်စရာ အကြောင်းအချက်တွေ ရှိနေတာကတော့ ရတက်မအေးစရာပါပဲ။

မြန်မာအစိုးရကတော့ စုံစမ်းရေးကော်မရှင်ဖွဲ့မယ်ဆိုတာမျိုး သာ ပြောပြီး နှုတ် ဆိတ်နေပါတယ်။ အဓိကရုဏ်း နှိမ် နင်းရေး သင်တန်းတွေကို ဥရောပ သမဂ္ဂက ငွေကုန်ကြေးကျခံ တက်ရောက်ပြီးသား ရဲတပ်ဖွဲ့အနေနဲ့ ပဋိပက်္ခဖြေ ရှင်းနည်းအမှားတွေကို ပြန်လည်သုံးသပ်သင့်သလို အစိုးရအနေနဲ့လည်း တာဝန်ခံမှုရှိရှိထိထိရောက် ရောက် ကိုင်တွယ် ဖြေရှင်းမှုတွေကို အရေးတကြီး မလုပ်ဆောင်နိုင်ဘူးဆိုရင် တရုတ် စီမံကိန်းတွေနဲ့ပတ်သက်ပြီး ပဋိ ပက္ခဂယက် တွေဟာ၂၀၁၅အတွင်း ပိုမိုကြီးမားလာနိုင်ပါကြောင်းနဲ့ လက်ရှိပဋိပက်္ခကို ရှောင်လွှဲဖို့ တခြားသော ပဋိပက်္ခတွေနဲ့ အာရုံလွှဲခြင်း နည်းလမ်းတွေ အစားထိုးမရိုးမသား နည်းလမ်းတွေ အသုံးပြုနိုင်ခြေ ကို ပြည်သူတွေ အထူးဂရုမူ စောင့်ကြည့်သင့်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

လင်းထိုက် (Y.I.T)
၂၉-၁၂-၂၀၁၄
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment