Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

YESS သကြားလုံးစက်ရုံက ဆန္ဒပြ အလုပ်သမား များအား အဆောင်ဝင်ခွင့် မပြု


ရန်ကုန်၊ ဇန်န၀ါရီ ၉

အခြေခံလုပ်ခလစာများတိုးမြှင့်ပေးရန် တောင်းဆိုဆန္ဒပြခဲ့သည့် လှိုင်သာယာ စက်မှုဇုံ (၄) ရှိ YESS သကြားလုံး စက်ရုံမှ အလုပ်သမား ၁၄၅ ဦးတို့ကို ဒုတိယမြောက် ဆန္ဒပြသော ယမန်နေ့ ညနေ ၆ နာရီတွင် စက်ရုံဘက်က ပြန်လည်ဝင်ရောက်ခွင့် မပြုခဲ့ကြောင်း YESS အခြေခံ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းမှ အတွင်းရေးမှူး ကိုဝေဖြိုးမောင်က ပြောသည်။

လစာ ၃ သောင်းကျပ်တိတိ တိုးမြှင့်ပေးရန်၊ အလုပ်ခန့်ထားရေး (EC) စာချုပ် ချုပ်ဆိုပေးရန်၊ တနင်္ဂနွေ ပိတ်ရက်အတွက် မဖြတ်ဘဲ လစာငွေအပြည့် ခံစားခွင့် ပေးရန် စသည့် အချက် ၃ ချက်ဖြင့် ဇန်န၀ါရီ ၇ ရက် နံနက် ၆ နာရီက စက်ရုံရှေ့သို့ထွက်၍ စတင် တောင်းဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်ကာ ထိုနေ့က အဆောင်သို့ ပြန်ဝင်ခွင့်ရခဲ့သော်လည်း ဒုတိယနေ့တွင် ၀င်ခွင့်မရတော့ခြင်း ဖြစ်သည်ဟု ၎င်းက ဖွင့်ဟသည်။

"မနေ့က မြို့နယ်မှာ ညှိတော့ ပိုက်ဆံကိစ္စ အဆင်ပြေသွားတယ်၊ သူတို့ဘက်က ၇၅၀၀ တိုးပေးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က စာချုပ်ချုပ်ပြီးမှ ဆန္ဒပြတာကို ရပ်မယ်၊ ပြီးတော့ တခြား ညှိနှိုင်းဖို့ အချက် ၂ ချက်ကလည်း ကျန်နေသေးတယ် ဆိုတာကို အခုလို ၀င်ခွင့်မပေးတော့တာပါ၊ ရဲစခန်းမှာ အမှုသွားဖွင့်တော့ လက်မခံဘူး" ဟု ၎င်းက ဆိုသည်။

စက်ရုံပြင်ပသို့ထွက်၍ ဆန္ဒပြခဲ့ကြသည့် အလုပ်သမား စုစုပေါင်း ၁၅၀ ခန့်တွင် ၁၁၀ ၀န်းကျင်မှာ မိန်းကလေးများ ဖြစ်ကြသည်။

"တွံတေးက ဘုန်းကြီးကျောင်းတကျောင်းမှာ အကူအညီတောင်းပြီး သွားအိပ်လိုက်ရတယ်၊ မိန်းကလေးတွေက အများစုဖြစ်တယ်၊ ဒီမှာက အသိလည်း မရှိကြဘူး၊ နယ်ကလာတဲ့ အခါကျတော့ အတော်ဒုက္ခရောက်ပါတယ်" ဟု အဆိုပါ စက်ရုံတွင် လုပ်သက် ၁၃ နှစ်ရှိပြီ ဖြစ်သည့် မသိင်္ဂီမိုးက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ YESS သကြားလုံး စက်ရုံဘက်သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။

"လုပ်သက် ၁ လကနေပြီးတော့ သုံးလေးနှစ် အလုပ်သမားတယောက် အခြေခံလစာက ၁၇၅၀၀ ပဲ ရတယ်၊ ခုနစ်နှစ်၊ ရှစ်နှစ် လုပ်သက်ရှိသူတွေက ၃၁၀၀၀ ရတယ်၊ အားလုံးအတွက် သုံးသောင်းစီ ထပ်တိုးပေးဖို့ တောင်းဆိုတာပါ" ဟု ကိုဝေဖြိုးမောင်က ဆိုသည်။

အလုပ်သမား အဖွဲ့အစည်းများ မရှိသေးသည့် ကာလဖြစ်သော ၂၀၁၀ ပြည့်နှစ်ကလည်း အဆိုပါစက်ရုံတွင် ခွင့်ရက်နှင့် အချိန်ပိုကြေးများ မရရှိ၍ အလုပ်သမားများ စုပေါင်းတောင်းဆို ဆန္ဒပြခဲ့ဖူးသည်။

ထိုစက်ရုံတွင် လုပ်သက် ၁၂ နှစ် ရှိပြီ ဖြစ်သည့် ကိုကျော်သက်လွင်က "အဲဒီတုန်းက ခွင့်ရက်နဲ့ ပိတ်ရက်တွေတော့ ပေးခဲ့တယ်၊ အချိန်ပိုကြေးလည်းပေးတယ်၊ ဒါပေမဲ့ လစာမှာတော့ နေစားစရိတ်ဆိုပြီး ပြန်ဖြတ်ခဲ့တယ်" ဟု News Watch သို့ ပြောကြားခဲ့သည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment