Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

IS ရန်ကြောင့် မိုင်(၆၀၀)ရှည်သည့် အဆင့်မြင့် နည်းပညာသုံး တံတိုင်းတစ်ခု တည်ဆောက်ရန် ဆော်ဒီစီစဉ်


အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို တွန်းလှန်ရန်အတွက် ဆော်ဒီအာရေဗီးယား အစိုးရက နည်းပညာ အဆင့်မြင့် တံတိုင်းရှည်ကြီးတစ်ခု တည်ဆောက်သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နိုင်ငံမြောက်ပိုင်းရှိ နယ်နိမိတ် စည်းမျဉ်းတလျှောက် မိုင်(၆၀၀)မျှ ရှည်လျားသည့် အဆင့်မြင့် တံတိုင်းတစ်ခု တည်ဆောက်ပြီး ဆော်ဒီပိုင်နက်ကို ကာကွယ်ရန် တော်ဝင် မိသားစုက အလေးအနက် ပြင်ဆင်လျက် ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဆော်ဒီ နယ်ခြားဒေသတွင် အသေခံ ဗုံးခွဲမှုနှင့် ပစ်ခတ်မှုများကြောင့် ဆော်ဒီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် IS တပ်ဖွဲ့က ဆော်ဒီပိုင်နက်ကို ပထမဆုံးအကြိမ် ထိပါးမှုအဖြစ် ယူဆရမည်ဟု နိုင်ငံရေး အကဲခတ်များက ဆိုသည်။

ဆော်ဒီမြောက်ပိုင်း ဒေသသည် အီရတ်ပိုင် အန်ဘာဒေသနှင့် ထိစပ်နေပြီး အဆိုပါ နယ်ခြားတွင် တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဆော်ဒီ နယ်ခြားစောင့် တပ်ဖွဲ့များ တိုက်ခိုက်ခံရမှုအတွက် မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်အဖြစ် မကြေညာသော်လည်း အန်ဘာသည် အီရတ်စစ်တပ်နှင့် IS တပ်ဖွဲ့များ အပြန်အလှန် တိုက်ခိုက်နေသော နေရာဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့ရှိ နယ်မြေ အမြောက်အမြားကို သိမ်းသွင်းပြီးနောက် အစ္စလာမ်မစ် စည်းမျဉ်းများဖြင့် တင်းကျပ်စွာ အုပ်ချုပ်သည့် ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်ထားသော IS တပ်ဖွဲ့များအတွက် ဆော်ဒီ ပိုင်နက်အတွင်းရှိ အစ္စလာမ် ဘာသာရေး၏ အထွဋ်အမြတ် နေရာဖြစ်သော မက္ကာမြို့နှင့် မက်ဒီနာရှိ ဗလီကြီးများကို သိမ်းပိုက်နိုင်ရေးသည် အဓိက ရည်မှန်းချက်ကြီးများ ဖြစ်နေသည်။

ထို့ကြောင့်လည်း ၎င်းတို့၏ ရန်ကို ကြိုတင်ကာကွယ်ရန် ဆော်ဒီ တော်ဝင်မိသားစုက စီစဉ်နေပြီး မိုင်(၆၀၀)ရှည်သည့် အတားအဆီး တံတိုင်းတစ်ခုကို တည်ဆောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဒေသတွင်း မီဒီယာများက အဆိုပါ တံတိုင်းကို တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီးနှင့် ခိုင်းနှိုင်း ရေးသားခဲ့ကြသည်။

အဆိုပါ တံတိုင်းတလျှောက်တွင် ရေဒါ ထောက်လှမ်းရေး မျှော်စင်များ၊ စစ်ဘက် ကွပ်ကဲရေး ဌာနများ ဖွင့်လှစ်ထားပြီး ကင်းစခန်းများလည်း ဖြန့်ကျက် ချထားမည် ဖြစ်သည်။ ရေနံ အထွက် ကြွယ်ဝသည့် ဆော်ဒီနိုင်ငံသည် IS တပ်ဖွဲ့ မျက်စိကျနေသည့် ပစ်မှတ်တစ်ခုဖြစ်ရာ ၎င်းတို့၏ အချုပ်အခြာ အာဏာကို ထိပါးမလာမီ ကြိုတင် ကာကွယ်သွားရန် ဆော်ဒီ တော်ဝင်မိသားစုက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဆော်ဒီ ဘုရင် အက်ဘ်ဒူလာ ဘင်အက်ဘ်ဒူလာဇစ် အယ်လ်ဆာ့ဒ်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း အီရတ်တွင် IS တပ်ဖွဲ့များ ထိုးစစ်ဆင် တိုက်ခိုက်လာကတည်းက နိုင်ငံမြောက်ပိုင်း၌ တံတိုင်းတစ်ခု တည်ဆောက် ကာကွယ်ရေးကို ပထမအဆင့် စတင် ဆွေးနွေးခဲ့သည်။

စည်းရိုးအလွှာ အထပ်ထပ်ဖြင့် ကာကွယ်ထားမည့် တံတိုင်းကို ဂျော်ဒန်မှ ကူဝိတ်ကြား ဆော်ဒီ-အီရတ် နယ်နိမိတ် စည်းတစ်လျှောက် တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါ တံတိုင်းတစ်လျှောက်တွင် စောင့်ကြည့်မျှော်စင် (၇၈)ခု၊ ကွပ်ကဲရေးစခန်း (၈)ခု၊ ကင်းထောက်ယာဉ် (၁၀)စီးနှင့် အရေးပေါ် အခြေအနေ ကိုင်တွယ်စီမံရေးဌာန (၃၂)ခုနှင့် တိုက်ခိုက်ရေးအဖွဲ့ (၃)ခုတို့က အားဖြည့်ပေးနေမည်ဟုလည်း သိရှိရသည်။

တံတိုင်းတွင် အပူလှိုင်းရှာ ထောက်လှမ်းမှု စနစ်များနှင့် စစ်သုံးရေဒါများ တပ်ဆင်ထားပြီး (၁၂)မိုင် အကွာမှ တပ်ဖွဲ့များ၏ လှုပ်ရှားမှုများနှင့် (၂၄)မိုင် အကွာမှ ယာဉ်များ၏ လှုပ်ရှားသွားလာမှုများကို ထောက်လှမ်းနေနိုင်မည် ဖြစ်သည်။

IS တပ်ဖွဲ့က ဆော်ဒီအစိုးရ အနေဖြင့် အမေရိကန်နှင့် မဟာမိတ်အဖြစ် ရပ်တည်နေခြင်းသည် အစ္စလာမ် ဘာသာရေးကို သစ္စာဖောက်ခြင်းဟု ရှုမြင်ထားသည်။ ဆော်ဒီသည် အမေရိကန်နှင့် ပူးပေါင်းကာ အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွ ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

_Ref: Dailymail
http://7daydaily.com/story/29522#.VLjwi3s9THQ

No comments:

Post a Comment