Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ခရီးသွား လုပ်ငန်းမှာ ပြည်ပ အွန်လိုင်း Booking ဝက်ဘ်ဆိုဒ်များ ဈေးကွက် ဝင်ယူလာ

ခရီးသွားလုပ်ငန်း, အွန်လိုင်း
ကိုယ့်အစီအစဉ်ဖြင့်ကိုယ် လာရောက်ကြသော ဧည့်သည်များသည် အွန်လိုင်းမှ တိုက်ရိုက် သတင်းအချက်အလက်ကို ရှာဖွေနိုင်သောကြောင့် အုပ်စုဖွဲ့ ခရီးသွားများကဲ့သို့ တိုးအေဂျင်စီများ မလို (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အစိုးရသစ်လက်ထက် တံခါးဖွင့်စနစ် ကျင့်သုံးချိန်မှစ၍ တိုးတက်လာသော ခရီးသွားဝင်ရောက်မှုမှာ တနှစ်ပြီးတနှစ် ဆပွား တိုးလာခဲ့သည်။ ၂၀၁၂ ခုနှစ် တွင် ၁ သန်းကျော်၊၂၀၁၃ ခုနှစ်တွင် ၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး  ၂၀၁၄ ခုနှစ်ကို ၃ သန်းအထိ မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောဆိုထားသည်။
မြန်မာသံရုံး အခြေစိုက်မရှိ၊ သံတမန် အဆက်အသွယ် မရှိသည့် နိုင်ငံများကပါ ပြည်တွင်းသို့ လာရောက် လည်ပတ်နေကြပြီ ဖြစ်သကဲ့သို့ အွန်လိုင်းမှ တဆင့် အီးဗီဇာ လျှောက်ထားနိုင်ရန်အတွက် လုပ်ဆောင်ပေးထား သော နိုင်ငံပေါင်းမှာလည်း ယခု အချိန်တွင် ၆၈ နိုင်ငံရှိနေပြီး နိုင်ငံပေါင်း ၁၀ဝ အထိ တိုးပေးသွားမည့် အခြေ အနေ ဖြစ်သည်။
ထိုသို့ နိုင်ငံတကာနှင့် တံခါးဖွင့် ဆက်ဆံရေး တည်ဆောက်မှုနှင့်အတူ ခရီးသွားဝင်ရောက်မှု သိသာစွာ များပြားလာသော အချိန်တွင် ပြည်တွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအတွက် အလုပ်အကိုင်များ ပိုမိုမြိုင်ဆိုင်စွာ လုပ်ကိုင်နိုင်ရန် အခွင့် အလမ်းများ ရှိရမည် ဖြစ်သည်။
သို့သော် ပြည်တွင်းရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများမှာ အလုပ်ပိုမို မြိုင် ဆိုင်စွာ ဖြစ်လာသည့် အခြေအနေမရှိဘဲ ပြည်ပအခြေစိုက် အွန်လိုင်း Booking ဝက်ဘ်ဆိုက်ဒ်များ၏ ဈေးကွက် ဝင်ရောက်လုယူခြင်း ကို ရင်ဆိုင်နေကြရသည်ဟု လုပ်ငန်းလုပ်ကိုင်နေသူများက ဆို သည်။
ခရီးသွားလုပ်ငန်းရှင်တခုဖြစ်သည့် Nature Dream ကုမ္ပဏီ မန်းနေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က “အရင်ကတော့ အွန်လိုင်း Booking တွေရဲ့ လွှမ်းမိုးမှုက နည်းသေးတယ်။ အခုဆို ကျမ တို့ကြားနေရတာက ခရီးသွားလုပ်ငန်းတိုင်းရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြားမှာ ဒီအွန်လိုင်း Booking တွေရဲ့ တိုက်ခိုက်မှု ကြောင့် ဆိုးကျိုးကို ခံစားနေရတယ်။ ဒီလို အွန်လိုင်းတွေကြောင့် ခရီးစဉ်တခုလုံးကို စီစဉ်တာကနေပြီး ခရီးစဉ်ရဲ့ တဝက်လောက်ကိုပဲ စီစဉ်ရတဲ့ အနေအထားတွေ ဖြစ်လာတယ်” ဟု ပြောသည်။
ပြည်ပအခြေစိုက် အွန်လိုင်း Booking ဝက်ဘ် ဆိုဒ်များမှာ ဟိုတယ်များနှင် ချိတ်ဆက်ရာတွင် ပြည်တွင်း ခရီးသွား လုပ်ငန်းများကဲ့သို့  Deposit Policy မရှိခြင်း၊ Cancellation Policy မရှိခြင်းတို့ ကြောင့် အသာစီးရကာ လုပ်ကိုင်နိုင်နေကြောင်း၊ ဟိုတယ်များဘက်မှလည်း အွန်လိုင်း Booking ဝက်ဘ်ဆိုဒ်များသို့ ရောင်းချရာတွင် အခန်းခဈေးနှုန်းများကို ပရိုမိုးရှင်းများပေး၍ ရောင်းချမှုများရှိလာကြောင်း၊ ပြည်တွင်းခရီးသွား ကုမ္ပဏီများ ရောင်းချ သည့်နှုန်းထက် ဈေးနှိမ့်၍ရောင်းသည့် သဘောများ ပါရှိကြောင်း သိရသည်။
ခရီးသွားကုမ္ပဏီများဘက်မှ ချိတ်ဆက်ရသည့် အခြေအနေနှင့် ပတ်သက်၍ ဒေါ်စံပယ်အောင်က “စာချုပ်တွေ မှာလည်း Deposit Policy တွေ ပြင်းပြင်းထန်ထန်ထည့်တယ်။ Cancellation Policy ဆိုလည်း ကျမတို့မှာ တလတို့ တလခွဲတို့ ကြိုပေးရတယ်။  အွန်လိုင်း Booking ဆိုရင် မနက်ဖြန် မလာဖြစ်လို့ ဒီနေ့ Cancel လုပ်ခဲ့ရင်တောင်မှ ပိုက် ဆံမပေးရ သေးလို့ရှိရင် ပြဿနာမရှိတဲ့ သဘောမျိုး။ ကျမတို့ က ၁ လ၊ ၁ လခွဲ ကြိုပြီးတော့ Cancel ဖြစ်ခဲ့ရင် တောင် အဲဒီအတွက်  Fees ကောက်တာမျိုး တွေကြုံ တွေ့နေရတယ်။ ဒီအတွက် လုပ်သာကိုင်သာ မရှိဘူးပေါ့” ဟု ဆိုသည်။
ဟိုတယ်များအနေဖြင့် အွန်လိုင်း Booking ဆိုဒ်များနှင့် ချိတ်ဆက် ရောင်းချနေသည့် ဈေးကွက် နှင့် ပတ်သက်၍ မန္တလေးဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင်က “ဈေးလျှော့ရောင်းတယ် ဆိုတာလည်း မားကက်ပေါ်မှာ မူတည်ပါတယ်။ အခုဟာ ဈေးကွက် လိုအပ်ချက်နည်းနေလို့မို့ အွန်လိုင်း Booking လုပ်ကြတာပါ။ လာတည်းနေတဲ့သူ ရှိတယ်ဆို ဘယ်သူမှ အွန်လိုင်းတင်မရောင်းပါဘူး” ဟု ပြော သည်။
မြန်မာနိုင်ငံတွင် ခရီးသွားအရေအတွက်နှင့် ဟိုတယ် အရေအတွက်များ တိုးများလာသည်နှင့် အတူ ခရီးသွားလုပ်ငန်း ကုမ္ပဏီများလည်း တိုးလာလျက်ရှိပြီး ယခုလက်ရှိ မှတ်ပုံတင် လုပ်ကိုင်နေသော ခရီးသွားလုပ်ငန်းပေါင်း ၁၅၀ဝ ကျော် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှသိရသည်။
ထိုသို့ ခရီးသွားကုမ္ပဏီများ တိုးလာနေသော်လည်း တကယ်တမ်း အလုပ်ဖြစ်နေသည်မှာ အနည်းငယ်မျှသာ ရှိကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။
၎င်းက “အလုပ်တကယ် ဖြစ်နေတာ ရာဂဏန်း ပဲရှိတယ်။ အဲဒီမှာ (တိုး) ဂိုက်တွေ၊ ဟိုတယ်တွေ၊ ကားတွေ ဝမ်းဆက်ယူတဲ့ Package Tour တွေ အဖြစ် လာတဲ့ဧည့်သည်တွေရှိတယ်။ ဒီလူတွေ အတွက်ကတော့ ကျနော် တို့ ခရီးသွားကုမ္ပဏီတွေ၊ ဂိုက်တွေ၊ လေယာဉ်ကုမ္ပဏီတွေ၊ စားသောက်ဆိုင် တွေ အလုပ်ရတာပေါ့” ဟု ပြော သည်။
သို့သော် လက်ရှိ  မြန်မာနိုင်ငံသို့ လာရောက်ကြသည်များမှာ ခရီးသွားကုမ္ပဏီများက အစအဆုံး စီစဉ်ပေးကြရ သော Package Tour များထက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် လာရောက်ကြသော  FIT (Foreign Independent Traveler) များသာ ပိုမိုနေသည်ဟု ခရီးသွား လုပ်ငန်းရှင်များက ပြော သည်။ ၎င်းတို့မှာ အရေအတွက် များသော်လည်း ပြည်တွင်းအတွက် ဝင်ငွေအနေနှင့် ကြည့်မည်ဆိုပါက Package Tour များကဲ့သို့ ရရှိခြင်း မရှိသည့် အနေအထားလည်း ဖြစ်သည်။
ထိုအခြေအနေကို ဦးသက်လွင်တိုးက “FIT တွေများလာတဲ့အတွက် တဖက်က Package Tour တွေ လျော့သွားနိုင်တယ်။  FIT တွေက ကိုယ့်ဆီ အတွက် တကယ်အကျိုးရှိ၊ မရှိ ဆိုတာထက် Packaged Tour တွေကတော့ ဂိုက်တွေကနေ တဆင့်လည်း ရတယ်။ စားသောက်ဆိုင်တွေကနေ တဆင့်လည်း ရတယ်။ Airline ကတဆင့်လည်း ရတယ်။ Volume Tourism ကို သွားချင်ရင်တော့  FIT တွေ များများဝင်အောင်လုပ်ပေါ့။ Value Tourism ကို သွားချင်ရင်တော့ Package Tour ကိုသွားပေါ့။ အခုဟာ Volume များလာတယ်။ Volume ကတော့ လူများပြီး ပွဲမစည်ဘူးပေါ့” ဟု ပြောသည်။
ယင်းသို့ Package Tour များထက် FIT များ ပိုမိုလာသည့် အခြေအနေနှင့် ပြည်ပအခြေစိုက် အွန်လိုင်း Booking ဝက်ဘ်ဆိုဒ်များ၏ ဈေးကွက် နေရာဝင်ယူမှုတို့ကြောင့် ပြည်တွင်းခရီးသွားအေးဂျင့် များ အလုပ်ဖြစ်မှု လျော့ကြလာခြင်းမှာ ရေရှည်တွင် ဂရုပြုသင့်စရာ ဖြစ်လာကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ပြောဆိုလာကြ သည်။
ပြည်ပအခြေစိုက် အွန်လိုင်း Booking ဆိုဒ် များ၏ ဝန်ဆောင်မှုမှ ရရှိသောဝင်ငွေများမှာ ၎င်းတို့ အခြေစိုက်ရာ နိုင်ငံအတွင်းသာ စီးဝင်သွားမည်ဖြစ်ပြီး ပြည်တွင်းသို့ စီးဝင်ခြင်းမရှိပေ။ ထိုအခြေအနေနှင့် အတူ ပြည်တွင်းက အခွန်ဆောင်ပြီး မှတ်ပုံတင် လုပ်ဆောင်နေသော ခရီးသွားအေးဂျင့်များ၏ ဝင်ငွေ လျော့ကျမှုကိုပါ ဖြစ်စေပြီး တဆက်တည်း နိုင်ငံတော်က ရရှိမည့် အသားတင် အမြတ်ငွေအပေါ်စည်းကြပ် သည့် အခွန်ရရှိမှု ဆုံးရှုံးခြင်းကို ဖြစ်စေသည်။
http://burma.irrawaddy.org/business/2015/01/08/69543.html

No comments:

Post a Comment