Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

ဗိုလ်ရှုခံအခမ်းအနားနှင့်ပြည်သူ့အသံ

နှစ်ပေါင်း(၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသော ဗိုလ်ရှုခံအခမ်းအနားမှာ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အောင်မြင်စွာကျင်းပပြီးစီးသွားပြီဖြစ် သည်။ ဗိုလ်ရှုခံအဆောက်အအုံအတွက် ကျပ်သန်း၆၀၀၀ (ကျပ်ခြောက်ဘီလီယံ)ကျော် အသုံးပြုခဲ့ပြီး တိုင်းပြည်စီးပွားရေးမကောင်းသေးချိန်တွင် အကုန်အကျများစွာခံ ၍ကျင်းပခြင်းကြောင့် ဝေဖန်မှုများလည်းရှိခဲ့သည်။ သို့သော် နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် လက်နက်ကိုင်တပ်ဖွဲ့များအပါအ၀င် အင်အားစုအသီးသီးက ဂုဏ်ပြုအလေးပြုသော ယခင်ရှိခဲ့သည့် အစဉ်အလာကို ပြန်လည်အကောင်အထည်ဖော်ခြင်းဖြစ်၍ ကောင်းသည်ဟု ရှုမြင်သူ များလည်း ရှိခဲ့သည်။ ဗိုလ်ရှုခံအခမ်းအနားနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်အသီးသီးကို 7Day People Talk ကဏ္ဍမှ စုစည်းဖော်ပြပေးလိုက်ပါသည်။

ဦးတင်ဦး(နာယက)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

ပုံသဏ္ဌာန်အားဖြင့် လျှမ်းလျှမ်းတောက်ပဲ။ တစ်ခါတည်းကိုပဲ စစ် ရေးပြအခမ်းအနားမှာ ဝယ်ထားတဲ့၊ ကျွန်တော်ဒီစကားထပ်ပြောမယ် နော် ဇီလုပ်ထားတဲ့ အဓိပ္ပာယ်ကတော့ ဒါကို မွမ်းမံခြယ်လှယ်အသစ်တစ် ဖန်ပြန်လုပ်ထားတဲ့ လက်နက်တွေကိုရတဲ့ဆီက ယူလိုက်ပြီးတဲ့နောက် ဒါတွေကို ခမ်းခမ်းနားနားပြသွားတယ်။ အဲဒီတော့ စိတ်ထဲမှာ အောက် မေ့တယ်။ တော်တော်လေးတော့ လွတ်လပ်တာကတော့ မူအားဖြင့် တော့ မှန်ပါတယ်။ သို့သော် လုပ်နည်းလုပ်ဟန်ဖြင့်တော့ ပြည်သူလူထု အခန်းကျယ်ကျယ်ပြန့်ပြန့်တော့ မပါသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့ နဲ့ပါတဲ့ အသင်းအပင်း၊ အဖွဲ့အစည်းတွေပဲ အားလုံးပါကြတာ။ အဲဒီတော့ ဗိုလ်ချုပ်ပြောတဲ့စကားတွေသတိရတယ်။ လွှတ်တော်က တပ်မတော်ကို အစဉ်လွှမ်းမိုးရမယ်။ အခုတက်လာတဲ့လွှတ်တော်ဟာ တပ်မတော် အပေါ်မှာ လွှမ်းမိုးရမယ်။ ဒီလိုပြောတယ်။ စစ်တပ်ဟာ ဘယ်သောအခါ မှ လွှတ်တော်ကို မလွှမ်းမိုးစေရဆိုပြီးပြောထားတယ်။ အဲဒီတော့ ကျွန် တော်က ချီတက်တဲ့အဖွဲ့ကြီးသည် ပုံသဏ္ဌာန်တော့ကောင်းတယ်ဆိုတဲ့ သတိထားပြီးလုပ်သွားရင်တော့ သိပ်အနှစ်သာရပြည့်စုံတဲ့ပွဲဖြစ်မယ်လို့ ကျွန်တော်က အောက်မေ့တယ်။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြု လုပ်သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဗိုလ်ရှုခံအခမ်းအနားနှင့် ပတ်သက်၍ ပြောကြားခဲ့သည်ကို ဖော်ပြခြင်းဖြစ်ပါသည်။)

ဒေါ်စန္ဒာမင်း

(ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ခေတ်သစ်၊ စနစ်သစ်နဲ့ ချီတက်နေတဲ့ နိုင်ငံမှာ ဒီလိုအခမ်းအနားမျိုး က လုပ်သင့်တယ်လို့ ထင်ပါတယ်။ ငွေကြေးသုံးစွဲမှုတွေကတော့ နည်းနည်းများတယ်လို့ ပြောနိုင်ပေမယ့် နောင်နှစ်အခမ်းအနားတွေ ကျရင်လည်း အသုံးပြုနိုင်မှာဆိုတော့ သင့်တော်တယ်လို မြင်ပါတယ်။ ဒါပေမဲ့ ဒီလောက်ငွေကြေးတွေ အများကြီးထဲက ရာခိုင်နှုန်း နည်းနည်း လောက်ကိုပဲ တိုက်ပွဲကျ ရဲဘော်တွေရဲ့ မိသားစုဝင်တွေ၊ ဒုက္ခရောက်နေ တဲ့ ပင်စင်စားရဲဘော်တွေ၊ခြေလက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ တပ်မတော် သားတွေကို ကူညီပံ့ပိုးပေးတာ ပိုပြီးအဓိပ္ပာယ်ပြည့်စုံပါလိမ့်မယ်။

ဦးလျန်ကြယ်

(ဒုဥက္ကဋ္ဌ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ)

နှစ်ပေါင်းများစွာကြာမှ ပြန်လုပ်တဲ့ ဗိုလ်ရှုခံအခမ်းအနားတက် ရောက်ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ မိန့်ခွန်းလည်း နားထောင်ခဲ့ရပါ တယ်။ နိုင်ငံရေးအခြေအနေတွေကို တိုင်းရင်းသားတွေက အမြင်ချင်း ဖလှယ်ခွင့် ရတာပိုကောင်းမှာပေါ့။ ခုအခမ်းအနားက ကုန်ကျစရိတ်ဘယ် နည်းမလဲ။ ပြည်ထောင်စုနေ့လုပ်တာလည်းရှိတယ်။ နိုင်ငံတော်က လုပ်တာဆိုပေမယ့် ဘတ်ဂျက်တွေကို သေချာစီမံခန့်ခွဲစေချင်တယ်။ လုပ်တာတွေ များပေမယ့် တကယ်တမ်း ၀န်ထမ်းတွေ မလုပ်နိုင်တာ များတယ်လေ။ အချင်းချင်းညှိနှိုင်းပူးပေါင်းတာ မရှိဘူး။ လမ်းပန်းဆက် သွယ်ရေးအတွက် သုံးတာမျိုးပေါ့။ ရန်ကုန်ကနေ ပြည်နယ်/တိုင်းတွေကို သွားဖို့ လမ်းတွေ၊ တံတားတွေ တိုးချဲ့လုပ်ပေးတာမျိုးပေါ့။ ဒါဆို ပညာရေး၊ ကျန်းမာရေးတွေ တိုးတက်လာမယ်။ အစိုးရလုပ်တာတွေ အားမရဘူး။ နှစ်ပေါင်း ၅၀ ကျော်ထိ အပြောင်းအလဲ မရှိဘူး။ ခုအခမ်း အနားလည်း ခေါ်လို့သာ လာရတာ။ ထိုင်ပြီးကြည့်ပြီး ပြန်ခဲ့တယ်။

ဦးခိုင်ထွန်းအောင်

(ကျူရှင်ဆရာ၊ တိုင်းရင်းသမားတော်)၊ တာမွေ

ဒီလိုကျင်းပပေးတာ ကောင်းပါတယ်။ မကျင်းပတာလည်း နှစ် ၆၀ ကျော်လောက်ရှိနေပြီဆိုတော့ ကျွန်တော်တို့လည်း ကြားသာကြား ဖူးတာ။ မမြင်ဖူးတော့ ဒီလိုအခမ်းအနားမျိုးကို ကြည့်သင့်တယ်၊ ကျင်းပသင့်တယ် ထင်ပါတယ်။ ဒီလိုမျိုး ကျင်းပခြင်းဟာ စစ်ရေးအရတော့ လုပ်သင့်တယ် ထင်ပါတယ်။ တိုင်းပြည်အင်အားကို ပြသရာရောက်တာ ပေါ့။ ဒီအခမ်းအနားမှာ ငွေအများကြီး သုံးတယ်ဆိုတာ သူ့ကဏ္ဍအလိုက် သူသုံးတာလေ။ စစ်ရေးကဏ္ဍမှာလည်း သူ့ဘတ်ဂျက်နဲ့သူ၊ ဆောက်လုပ်ရေးမှာလည်း သူ့ဘတ်ဂျက်နဲ့ သူသုံးတာလေ။ လိုအပ်လို့သုံးတယ်လို့ ထင်ပါတယ်။ ဒီအခမ်းအနားမှာ ကြက်ခြေနီ၊ လူရည်ချွန် အဲဒီလိုမျိုး အဖွဲ့တွေ ပါတယ်ဆိုတော့ လူတန်းစားအားလုံး၊ နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ ပွဲဆိုတော့ စည်းလုံးခြင်းသဘောကိုပြသလိုက်တာပါပဲ။ဒီပွဲမှာပါဝင်ရတဲ့ သူတွေအနေနဲ့ ဂုဏ်ယူသင့်ပါတယ်။ နှစ်ပေါင်းတော် တော်ကြာမှ ပြန်လည် ကျင်းပတဲ့ပွဲဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ပွဲပါ။

ဦးကျော်မြတ်မိုး

(အုပ်ချုပ်မှုဒါရိုက်တာ-ခိုင်ခိုင်ကျော်အုပ်စု ကုမ္ပဏီလီမိတက်)

ဗိုလ်ရှုသဘင်နဲ့ပတ်သက်ပြီး ကုန်ကျစရိတ်တွေ ဘယ်လောက်များ တယ်ဆိုတာ မဝေဖန်ချင်ပါဘူး။ ကျွန်တော်ပုဂ္ဂလိက အမြင်ကတော့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အဓိကထားလုပ်သင့်တယ်။ အပေါ်ယံဟန် ဆောင်တာတွေ၊ အပိုအလုပ်တွေ မလုပ်တာ အကောင်းဆုံးပါပဲ။ တိုင်း သူပြည်သားတွေမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ကျန်းမာရေးလို အရာတွေတောင် ပြည့်စုံအောင် မလုပ်နိုင်သေးဘူး။ တချို့က နေရာတွေ မှာဆို နွေမိုးဆောင်း ကျန်းမာရေးမညီတဲ့ နေရာတွေမှာ နေနေရတယ်။ ဒါတွေကို အဓိကထား ဖြေရှင်းပေးသင့်တယ်။ မိဘက ငွေကို သားသမီးတွေအတွက် အကျိုးရှိတဲ့ နေရာမျိုးမှာပဲ သုံးသင့်သလိုမျိုးပဲဖြစ်သင့်တယ်။ သားသမီးတွေအတွက် အခြေခံဖွံ့ဖြိုးရေးတွေ အရင်မဖြေရှင်းဘဲ အပေါ်ယံဟန်ဆောင်အလုပ်တွေကို သိပ်သဘောမကျဘူး။

ဒေါ်လဲ့ရည်

(ထမင်းဆိုင်ပိုင်ရှင်)၊ ကမာရွတ်

ဗိုလ်ရှုခံအခမ်းအနားကို နှစ်တွေအများကြီးကြာမှ ပြန်လုပ်တာ ကောင်းတယ်လို့တော့ ထင်တာပဲ။ မလုပ်တာကြာတော့ အစ်မတို့တောင် ဘာ မှန်းသိပ်မသိဘူး။ တီဗီမှာ မနက်က ကြည့်လိုက်မှ ခမ်းခမ်းနားနားပါလား ဆိုတာသိတာ။ ဒါပေမဲ့ ဘီလီယံပေါင်းများစွာ ပိုက်ဆံတွေ အဲဒီလောက်ကုန်မယ် မထင်ထားဘူး။ အဲဒီနေရာမှာ ပိုက်ဆံသုံးမယ့်အစား ဒုက္ခသည်တွေ၊ မိဘမဲ့ကလေးတွေကို လှူကြပါလား။ မြန်မာနိုင်ငံမှာ ရွာတွေမှာ တင်မကဘူး။ မြို့ပေါ်မှာတင် ငတ်နေကြတာ တစ်ပုံကြီးရှိတယ်။ ပိုက်ဆံ အဲဒီလောက်တော့ မသုံးသင့်ဘူး။

ဦးသက်ထွန်း

(ဒုဥက္ကဋ္ဌ) Thura Swiss ကုမ္ပဏီ

ဒီလိုပွဲ လုပ်သွားတာ ကောင်းပါတယ်။ နောင်လည်း အစဉ်အလာ တစ်ခု ဖြစ်သွားနိုင်တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုင်းရင်းသားလက် နက်ကိုင် အင်အားစုတွေကိုလည်း အင်အားတော့ ရှိတယ်၊ စစ်မဖြစ်ချင် ဘူး၊ ငြိမ်းချမ်းရေးဖော်ဆောင်ချင်တဲ့ အဓိပ္ပာယ်သက်ရောက်တယ်လို့ ထင်ပါတယ်။ ဒီလိုအခမ်းအနားမျိုး ကျင်းပပေးဖို့ လိုတယ်လို့တော့ ထင် ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲမှာက အလွှာပေါင်းစုံက လူတွေပါဝင် တယ်ဆိုတော့ တိုင်းပြည်ရဲ့ စည်းလုံးခြင်းကိုပြတဲ့ သဘောပါ။ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းအင်အားကိုလည်း ပြသရာရောက်ပါတယ်။ ဒီအခမ်း အနားမှာ ငွေသုံးတယ်ဆိုတာကတော့ သုံးသင့်ပါတယ်။ စစ်ဖြစ်လို့ ကုန်ကျမယ့်ငွေနဲ့ စာရင် ဒီလောက်ပမာဏက သိပ်မပြောပလောက်ပါ ဘူး။ ဒီလိုမျိုး အခမ်းအနားကို လုပ်လိုက်တော့လည်း စစ်ရေးအရ ကြိုတင်ကာကွယ်တဲ့ သဘောသက်ရောက်သွားနိုင်မယ်ထင်တယ်။ လူပေါင်းများစွာ အချိန်ပေးပြီး လုပ်ခဲ့ရတာလည်း ဖြစ်သင့်ပါတယ်။ ဒီအခမ်းအနားမှာက အဖွဲ့ပေါင်းစုံ ပါဝင်နေကြတဲ့အတွက် သူတို့တွေကို လည်း ကြိုတင်ပြီး လေ့ကျင့်ပေးရာရောက်တယ် ထင်ပါတယ်။

ဒေါက်တာတင်ထွန်း

(နှလုံးလှကုသိုလ်ဖြစ်ဆေးခန်း)၊ လသာ

ဒီလို ဗိုလ်ရှုခံ အခမ်းအနားကျင်းပတာဟာ ကောင်းတယ်။ ဖြစ်သင့် တယ်လို့ ထင်ပါတယ်။ ဒီလိုကျင်းပပေးလိုက်တော့ တခြားတိုင်းပြည် တွေက အထင်မသေးရဲတော့ဘူးပေါ့။ အတိုက်အခံ အဖွဲ့အစည်းတွေ ကိုလည်း ဖိတ်ကြားထားတော့ စည်းရုံးရေးသဘောဆောင်တယ်လို့ ထင် ပါတယ်။ ဒီလိုအခမ်းအနားမျိုး ကျင်းပပေးဖို့ လိုပါတယ်။ ပြည်သူ ပြည် သားတွေကို စိတ်ဓာတ်မြှင့်တင်ပေးရာ ရောက်တာပေါ့။ ဒီအခမ်းအနား မှာ ငွေကြေးကုန်ကျခံလိုက်လို့ တိုင်းပြည်ရဲ့ ပုံရိပ်တက်လာမယ်ဆိုရင် သုံးရကျိုးနပ်ပါတယ်။ ပြီးတော့လည်း ဒီအခမ်းအနားကို လူပေါင်းများစွာ အချိန်ပေးပြီး လုပ်တယ်ဆိုတာ အလွှာအသီးသီးကို ပါဝင်စေချင်တဲ့ သဘောပါ။ ဒီအခမ်းအနားက နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်ဆိုတော့ ပါဝင်ခဲ့တဲ့သူတွေအနေနဲ့ ကြိုးစားသင့်တယ်။ ပါဝင်သင့်တယ်လို့ ထင်ပါ တယ်။

ဒေါ်ခင်မျိုးလှ

(ဗဟန်းမြို့နယ်နေ ပြည်သူ)

ဗိုလ်ရှုခံ အခမ်းအနားဟာ ဂုဏ်ယူဝင့်ကြွားစွာလုပ်သင့်တဲ့ အခမ်းအ နားလို့ မြင်ပါတယ်။ အဒေါ်ကိုယ်တိုင်က တိုက်ပွဲကျသွားခဲ့တဲ့ ဗိုလ်မှူး တစ်ဦးရဲ့ ဇနီးပါ။ ငွေကြေးအကုန်အကျနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အသက်ကိုရင်းပြီးတော့ နိုင်ငံတော်ကာကွယ်ရေးကို ထမ်းဆောင်နေကြ တဲ့ လူတိုင်းက ပိုအဖိုးတန်တယ်ဆိုတာ အသက်စွန့်ပြီး တိုက်ပွဲဝင်နေသူ တိုင်းရဲ့ကိုယ်စားနားလည်ပါတယ်။ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်မိသားစုဝင်တွေ၊ ဒုက္ခိတဖြစ်နေတဲ့ ရဲဘော်တွေကိုလည်း ဖိတ်ကြားသင့်ပါတယ်။ ဝေဖန်စရာတစ်ခုကတော့ တောင်သူလယ်သမားစစ်ကြောင်း မပါဝင်တာ သတိထားမိတယ်။

ဦးကိုကိုကြီး

(ကမာရွတ်မြို့နယ်၊ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)၊ ဥက္ကဋ္ဌ

ဗိုလ်ရှုခံအခမ်းအနားဆိုတာက တပ်မတော်က နိုင်ငံတော်အကြီး အကဲကို ဂုဏ်ပြုတယ်။ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံ တော်အကြီးအကဲကို ဂုဏ်ပြုပြီး အစိုးရနဲ့ တပ်မတော်တစ်သားတည်း ရှိတယ်ဆိုတာကို ဖော်ပြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံမှာ စီးပွားရေး၊ လူမှုရေးတွေ မတည်ငြိမ်ခင်မှာ အခုလိုငွေတွေသုံးပြီး လုပ်တာ တော့ အခုချိန်မှာ မလုပ်သင့်သေးဘူး ထင်တယ်။ ဒီလိုလုပ်လို့ ကုန်ကျတဲ့ ငွေတွေကို နိုင်ငံမှာ လိုအပ်နေတဲ့ လမ်းတွေ၊ တံတားတွေ တည်ဆောက် ရေးမှာ အသုံးပြုလိုက်မယ်ဆိုရင် အများကြီး အကျိုးရှိမယ်ထင်တယ်။ ဒီလိုပွဲမျိုးက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချိန်မှာ လုပ်ရင်တော့ ကောင်းပါ တယ်။ နောက်ပြီး လူပေါင်းများစွာ အချိန်ပေးပြီး သွားရလုပ်ရတာလည်း ပါဝင်တဲ့ ကလေးတွေအပြင် ဦးဆောင်ခေါ်သွားရတဲ့သူတွေအတွက် လည်း အချိန်ကုန်တယ်။ ငွေကုန်မယ်။ လူပင်ပန်းတာပေါ့။

ဦးမြင့်ဦး

(ဂျာနယ်ဆိုင်ပိုင်ရှင်)

ဒီလို ဗိုလ်ရှုခံပွဲကို အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ လုံးဝမလုပ် သင့်ဘူးလို့ ထင်ပါတယ်။ အခုလိုကုန်ကျသွားတဲ့ ငွေတွေကိုလည်း ပြည်သူ တွေ အကျိုးရှိအောင် နေထိုင်ဖို့အတွက် အိမ်ရာတွေဆောက်ပေးမယ် ဆိုရင် ဘယ်လောက်ကောင်းမလဲ။ နောက်ပြီး ဆင်းရဲသားပြည်သူတွေ အတွက် ကုန်ဆုံးသွားတဲ့ ငွေတွေကိုသုံးပေးမယ်ဆို ပိုကောင်းတာပေါ့။ သမ္မတကြီးပြောနေတဲ့ ဆင်းရဲသားပပျောက်ရေးထဲမှာ အခုကုန်ကျသွားတဲ့ ငွေတွေကို သုံးလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကလေးတွေလည်း ပင်ပန်းတာပေါ့။ တစ်ရက်တည်းလုပ်တာ မဟုတ်ဘူးလေ။ အစောကြီးကတည်းက သွားပြီး လေ့ကျင့်နေရတာလေ။ ဒီလိုပွဲမျိုးဆိုတာက တိုင်းပြည်အေးချမ်းပြီး ပြည်သူတွေအလုပ်အကိုင် ကောင်းတဲ့အချိန်မှ လုပ်သင့်တယ်လို့ မြင်ပါတယ်။

ဦးစောဝင်းထွန်း (အတွင်းရေးမှူးဟောင်း-

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ)

နှစ် ၅၀ အကြာမှာ ပြန်စလုပ်တဲ့ အခမ်းအနားဖြစ်တယ်။ အရင်က ရှိခဲ့တဲ့ အစဉ်အလာတစ်ခုကို ပြန်ဖော်ထုတ်တယ်ဆိုရင်တော့ လုပ်သင့် လုပ်ထိုက်တာပေါ့။ ဗိုလ်ရှုခံပြုလုပ်တာ လက်ရှိအစိုးရမှာ နိုင်ငံရေးရည် ရွယ်ချက် တစ်ခုခုရှိလိမ့်မယ်။ အိမ်က စီးပွားရေးမကောင်းချိန်မှာ အပိုငွေဖြုန်းတယ်လို့ မြင်တယ်။ တကယ်ကျန်းမာရေး၊ ပညာရေး၊ လိုအပ်ချက်တွေလည်း ရှိနေတယ်။ တိုင်းပြည်ကျပ်တည်းနေချိန်မှာ တခြားအကျိုးရှိမယ့် ကျန်းမာရေးကဏ္ဍတွေကို သုံးသင့်တယ်။ ပြည်သူ ပြည်သားတွေ ကြံ့ခိုင်သန်စွမ်းမှ တခြားအရေးကြီးတာတွေ ထမ်းဆောင် နိုင်မယ်။ ဒီအခမ်းအနားဖြစ်ဖို့ လူတွေအများကြီးအချိန်ပေးရတယ်။ အပင်ပန်းခံပြီး လုပ်ရတယ်။ ငွေကုန်ကြေးကျများလို့ တိုင်းပြည်အကျိုး မရှိဘူး။ တိုင်းပြည်က ဆင်းရဲနေတာ။ နိုင်ငံတကာမှာ ပုံရိပ်မြှင့်တင်ဖို့ လုပ်တာလို့ပဲ မြင်တယ်။
http://7daydaily.com/story/28653#.VKnZYXs9THR

No comments:

Post a Comment