Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ရာသီဥတုဆိုးဝါးမှုကို အခွင့်ကောင်းယူသော လိမ်လည်မှုများ သတိပေး

အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်းနှင့် အရှေ့ဘက်ပိုင်းတွင် ရာသီဥတု ဆိုးဝါးစွာ အေးမြခြင်းကို အခွင့်ကောင်းယူသော လိမ်လည်မှုများ တိုးပွားလာကြောင်း ယင်းဒေသများမှ သက်ဆိုင်ရာ ရဲဌာနများက သတိပေးချက် ထုတ်ပြန်ထားပါသည်။ အာတိတ်ဝင်ရိုးစွန်း အအေးလှိုင်းဒဏ်ကို အလူးအလှိမ့် ခံစားနေရသော ဒေသများတွင် လူနေအိမ်များနှင့် စီးပွားရေးလုပ်ငန်းငယ်များကို တယ်လီဖုန်းဆက်ကာ လိမ်လည်မှုများ တိုးတက်ဖြစ်ပွားလာသည်ဟု သတင်းများတွင် ဖော်ပြသည်။အချို့နေရာများတွင် ရေခဲမှတ်အောက်အထိ အေးစက်နေချိန်တွင် လျှပ်စစ်ဓာတ်အားနှင့် ဟိတာအနွေးပေးစက် မရှိလျှင် သေမလောက် ကြောက်လန့်နေရသော အခြေအနေကို အခွင့်ကောင်းယူပြီး မသမာသူများက ခြိမ်းခြောက်လိမ်လည် ကြသည်။ ၎င်းတို့သည် လျှပ်စစ်ဓာတ်အားကုမ္ပဏီမှ ဝန်ထမ်းများ အယောင်ဆောင်၍ အိမ်ရှင်များထံ တယ်လီဖုန်းဆက်ကာ လျှပ်စစ်မီတာဘီလ် ကြွေးကျန်ရှိနေကြောင်း ပြောကြားသည်။ ထိုကြွေးကျန်ကို အချိန်အနည်းငယ်အတွင်း မပေးသွင်းပါက လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။
Green Dot ဖြင့် ပေးခိုင်း
မသမာသူများသည် လျှပ်စစ်မီတာခ ကျန်ငွေကို ငွေကြိုတင်ပေးကဒ်ဖြင့် ပေးသွင်းရန် ညွှန်ကြားသည်။ ကုန်စုံဆိုင်၊ လက်လီဆိုင်များတွင် နေရာတကာ ဝယ်နိုင်သော Green Dot ခေါ် ငွေကြိုပေးကဒ်ဖြင့် ပေးသွင်းလျှင် လက်ခံယူသူကို ခြေရာမခံနိုင်သောကြောင့် ထိုကဲ့သို့သော ကဒ်များဖြင့် ငွေသွင်းစေရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အနောက်မက်ဆာချူးဆက် လျှပ်စစ်ဓာတ်အားကုမ္ပဏီ (WMECO) မှ သတင်းဆက်ဆံရေး တာဝန်ခံ ပရစ်စီလာ ရက်စ်က ပြောကြားသည်။
အရမ်းချမ်းတုန်နေကာ အနွေးဓာတ်မရတော့မည်ကို အလွန်စိုးရိမ်ထိတ်လန့်နေသူများသည် ချင့်ချိန်စဉ်းစားမနေနိုင်ဘဲ ငွေပေးသွင်းမိကြသည်ဟု သူမက ရှင်းပြသည်။
ထိုကဲ့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မည့် ဖုန်းဆက်ပြောကြားမှုမျိုး လက်ခံရရှိလျှင် မိမိတို့၏ သက်ဆိုင်ရာ လျှပ်စစ်ကုမ္ပဏီကို ချက်ချင်းဆက်သွယ် စုံစမ်းသင့်ကြောင့် ပရစ်စီလာ ရက်စ်က သတိပေး ပြောကြားပါသည်။
ဆောင်းတွင်းမှာ လျှပ်စစ်ဖြတ်ခွင့်မရှိ
ဝစ္စကွန်ဆင်ပြည်နယ်၊ မက်ဒီဆင်မြို့ တခုတည်းမှာပင် ဒီဇင်ဘာလအတွင်း ထိုကဲ့သို့ ဖုန်းဆက်မှုများ တဟုန်ထိုးမြင့်တက်လာခဲ့ကြောင်း သိရသည်။ အိမ်ခြေ တသိန်းလေးသောင်းကျော်ကို လျှပ်စစ်ဓာတ်အားပေးနေသော မက်ဒီဆင် ဂက်စ်နှင့် လျှပ်စစ်ကုမ္ပဏီသို့ တနေ့လျှင် လူ ၃၀ ခန့် ဖုန်းဆက်၍ အလားတူကိစ္စများကို စုံစမ်းမေးမြန်းကြောင်း ကုမ္ပဏီ၏ လူထုဆက်သွယ်ရေး မန်နေဂျာ စတိဗ် ရှုလ်ဇ်က ပြောဆိုသည်။
မက်ဆာချူးဆက်အပါအဝင် ပြည်နယ်များစွာတွင် ဆောင်းကာလအတွင်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်း မပြုရန် တားမြစ်သော စည်းမျဉ်းအမိန့် ရှိသည်။ လျှပ်စစ်ဓာတ်အားခ ဘီလ်ပေးသွင်းရန် ပျက်ကွက်စေကာမူ ဆောင်းရာသီ မကုန်မချင်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းမပြုရဟူ၍ စည်းမျဉ်းအမိန့်ဖြင့် တားမြစ်ထားသည်။
ဝစ္စကွန်ဆင်ပြည်နယ်သည် နိုဝင်ဘာ ၁ ရက်မှ ဧပြီ ၁၅ ရက်ကာလအတွင်း လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်း မပြုရန် တားဆီးပိတ်ပင်ထားကြောင်း ရှုလ်ဇ်က ရှင်းပြသည်။
အလားတူပင်၊ ဆောင်းရာသီအအေးဒဏ်နှင့် လေမုန်တိုင်းတို့ကို အကြောင်းပြု၍ အိမ်ပြင်ဆင်ရန် လိမ်လည်ကြသူများ ပေါ်ပေါက်နေကြောင်းလည်း ပင်ဆီလ်ဗေးနီးယားပြည်နယ် ရှေ့နေချုပ် ကက်သလင်း ကိန်းက လွန်ခဲ့သော ရက်သတ္တပတ်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
အအေးပိုင်းဒေသများတွင် ထိုကဲ့သို့ လျှပ်စစ်ဖြတ်တောက်မည်ဟု ခြိမ်းခြောက်လိမ်လည်မှုများကဲ့သို့ပင် အပူပိုင်းပြည်နယ်များနှင့် နွေရာသီမှာလည်း အလားတူ လိမ်လည်မှုများ ရှိသည်။ ရာသီဥတု ပူပြင်းချိန်တွင် အိမ်ဆိုင်နှင့် လုပ်ငန်းငယ်များ၊ မိသားစုနေအိမ်များသို့ တယ်လီဖုန်းဆက်ကာ ဘီလ်အကြွေးကျန်ငွေကို ချက်ချင်း မပေးသွင်းလျှင် လျှပ်စစ်ဖြတ်မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။
ရေခဲသေတ္တာများတွင် သိုလှောင်ထားသော အစားအသောက်များ ပျက်စီးမည်၊ လာရောက်သော စားသုံးသူ ဧည့်သည်များ အဲယားကွန်း အအေးဓာတ် မရလျှင် ဒုက္ခရောက်မည်ကို စိုးရိမ်သော လုပ်ငန်းရှင်များက နောင်ကိစ္စ နောင်မှ ရှင်းမည်ဟု လောလောဆယ် ငွေအရင်သွင်းမိကာ အလိမ်ခံလိုက်ရသော အမှုများရှိကြောင်း သတင်းများတွင် ဖော်ပြထားပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=570:2015-01-13-23-53-24&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment