Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 27, 2015

မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ

တစ်ခါမှာ ဘာသာရေးပုဂ္ဂိုလ်တွေ အပါအဝင် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ထံပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ် ။ ဒီအမျိုးသမီးဟာ မကောင်းတဲ့ အကျင့်ကိုပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာ ၊ ဂျီးဇက်ဆီ ရောက်တဲ့အခါမှာ အဲဒီဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ (Moses) က အမိန့်ချတဲ့ အကြောင်း ၊ ဒီကိစ္စမှာ အသင်က ဘယ်လိုပြောဆို မိန့်မြွက်မလဲလို့ ဂျီးဇက်ကို မေးကြတယ် ။
ဂျီးဇက်ဟာ သူတို့ကိုမော်မကြည့်ဘဲ သူ့လက်ချောင်း နဲ့ မြေကြီးပေါ်မှာ စာရေးနေတယ်တဲ့ ။ တစ်စုံတစ်ခု မပြောမချင်း ဒီလူတွေကမေးနေကြတယ် ။ ဒီအခါမှာ ဂျီးဇက်က သူတို့ကိုမော်ကြည့်ပြီးတော့ “ သင်တို့အထဲကအပြစ်ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ အဲဒီအမျိုးသမီးကို ခဲနဲ့ပစ် “ လို့ပြောလိုက်တယ် ။
ဂျီးဇက်ရဲ့ စကားကိုကြားရတဲ့အခါမှာ အဲဒီလူတွေဟာ ထိတ်လန့်သွားပါတယ်။ လူ့စိတ်ဟာ နာရီပိုင်း ၊ မိနစ်ပိုင်းအတွင်း ဘာတွေ တွေးနေသလဲ ၊ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ အသေအချာ မညှာမတာကြည့်လိုက်ရင် အလိုလေးဗျာ …. ကောင်းတာက နည်းနည်းရယ် ၊ မကောင်းတဲ့ ၊ မသန့်ရှင်းတဲ့စိတ်တွေ အပြစ်တွေက အများကြီး ၊ အများကြီး မှ အများကြီးပါဗျာ ။ ဒီလိုစိတ်တွေ အပြစ်ရှိနေပုံကို အဲဒီလူတွေ သိမြင်သွားပုံပေါ်ပါတယ် ။ ဒါ့ကြောင့် ပြည့်တန်ဆာမကို ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်ထွက်သွား လိုက်တာ ဘယ်သူမှ မကျန်ရစ်တော့ဘူးတဲ့ ဗျ။ ဂျီးဇက်က ပြည့်တန်ဆာမကို နောင်မှာထပ်ပြီး အပြစ်တွေ မကောင်းမှု့တွေမလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်တယ်တဲ့ ဗျာ။
ကျွန်တော်တို့ဟာ မကောင်းမှု့ကို လူတွေ မသိအောင် ခိုးကြောင် ခိုးဝှက် နဲ့ လုပ်တတ်ကြတယ် ။အဲဒီလိုလုပ်ပြီးတဲ့အခါမှာ ငါလုပ်တာကို ဘယ်သူမှ မသိဘူးဆိုပြီး ကျေနပ်နေတတ်သေးတယ် ။ ရှက်ဖို့ အကောင်းဆုံးဟာ ဘာလဲဆိုတော့ ဘယ်သူမှ မသိဘူးလို့ထင်ပြီး ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို ကိုယ်တိုင်ကတော့ အသေအချာသိမြင်ခဲ့တာကြောင့် ကိုယ်တိုင်သက်သေဖြစ်နေတယ်ဆိုတဲ့အချက်ပဲတဲ့ဗျ။
မကောင်းမှု့ပြုသူအတွက် ဆိတ်ကွယ်ရာအရပ်သည် လောက၌ မရှိလို့ ဂေါတမဗုဒ္ဓက ဟောခဲ့သားပဲ ။ကိုယ်တိုင်သက်သေဖြစ်နေလို့ မကောင်းမှု့ပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင် တော်သေးရဲ့လို့ ပြောရမှာပဲ ။ဒါပေမယ့် လူမှာဖြစ်တတ်တာတစ်ခုက ကိုယ့်အပြစ်တွေ မကောင်းတာတွေ မတော်မလျော်ပြုခဲ့မိတာတွေကို အပြစ်မရှိသလိုလို မကောင်းစိတ်မမွေးသလိုလို၊ မတော်မလျော်မပြုသလိုလို ဖုံးကွယ်ရင်း ဟန်ဆောင်ရင်းက ကြာလာတော့ တကယ်ပဲ ကိုယ်ဟာ မကောင်းစိတ်မရှိသလိုလို အပြစ်ကင်းသူလိုလို ထင်မိသွားတတ်တဲ့ အချက်ပဲဗျ။ အဲဒီအထင်နဲ့ ပြုမိ၊ ပြောမိ၊ ရေးမိမှာကို ကျွန်တော်တော့ အကြောက်ဆုံးပဲ ။


 

ဆရာနန္ဒာသိန်းဇံရဲ့ မနက်ဖြန်များကိုဖြတ်သန်းနေသောစိတ်ကူးများ စာအုပ်မှကူးယူဖော်ပြပါသည် ။
via searchmyanmar

No comments:

Post a Comment