Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

ဗုဒ္ဓဝါဒနှင့် ပြည့်တန်ဆာ

ဗုဒ္ဓဝါဒနှင့် ပြည့်တန်ဆာ
(ချိုးလင်းပြာမှ ဘာသာပြန်သည်)

အစောပိုင်း ဗုဒ္ဓကျမ်းပါ ပြည့်တန်ဆာများ

‘ပြည့်တန်ဆာ’ဟူသော ဝေါဟာရကို ဗုဒ္ဓဝေါဟာရ ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် ဆိုဘီနီ (Sobhini) ဟူ၍ တွေ့ရ၏။ ယင်းသည် နာဂါဆိုနီရှီ (Nagar Sobhini) ကို အတိုကောက်သုံးခြင်း၏ အဓိပ္ပါယ်မှာ ‘မြို့တော်မှ ပိုင်ဆိုင်သည့် အလှမယ်’ ဖြစ်သည်။ ထိုဘွဲ့အမည်ကို ဝဇ္ဇီ (Vajji) ဘုရင်က ပထမဆုံး ပေးအပ်ခဲ့၍ အနှစ်သာရမှာ နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် အသက်မွေးရသော ရာထူးအဆင့်ကို အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ ထိုဘွဲ့ကိုရရှိရန် အမျိုးသမီး တစ်ဦးသည် ထူးထူးခြားခြား လှပရသည့်အပြင် လူမှုအနုပညာများဖြစ်သော သီဆိုခြင်း၊ ကခုန်ခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ ကဗျာလင်္ကာနှင့် ကာမသျှတ္တရ (ကာမပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်စေမှု အတတ်ပညာ) များကို လေ့လာထားရသည်။

သို့မဟုတ် ကောင်းစွာတတ်မြောက်ထားရသည်။ ဤသို့သော အမျိုးသမီးများကို နန်းပြိုင်ဘုရင်များ၊ မင်းညီမင်းသားများနှင့် မြင့်မြတ်သော သူကောင်းမျိုးများက လိုချင်တပ်မက်ကြသဖြင့် သူမတို့သည် ပြဿနာ၏ အဓိကသော့ချက်ဖြစ်လာကာ စစ်ပွဲများအထိပင် ဖြစ်စေနိုင်ပေသည်။ ဘုရင်က ဆိုဘီနီ (ပြည့်တန်ဆာ) ဘွဲ့အပ်နှင်းခြင်းဖြင့် သူမကို မည်သူ တစ်ဦးတစ်ယောက်မှ အတိအကျ မပိုင်ဆိုင်ရတော့ပေါ၊ သို့သော် ဈေးနှုန်းမြင့်မားသော သူမ၏ ဖြေဖျော်ခကို ပေးဆောင်နိုင်သူတို့နှင့် ပျော်ပါးရသည်။

ဆိုဘီနီ ပြည့်တန်ဆာတစ်ဦးသည် ဗာရာဏသီ မြို့ကြီး၏ တဝက်ခန့် အဖိုးထိုက်တန်ခဲ့ဖူးသည်။ တွေ့ရှိမှုများအရ ထိုအမျိုးသမီးများသည် အထက်တန်းလွှာများကြားတွင် ကူးလူးဆက်ဆံနေရသဖြင့် သူတို့၏ လူနေမှု အဆင့်အတန်းများလည်း အတန်အသင့် မြင့်မားခဲ့သည်။ သာမန်လူများအတွက် ဆောင်ရွက်ပေးကြရသည့် အခြားအလွှာမှ ပြည့်တန်ဆာများကို ဂန္ဒီကာ (Ganika) ဟုခေါ်ကာ ‘အမျိုးသမီးများ လူမှုအသိုင်းအဝိုင်း’ဟု ရိုးရှင်းစွာ အဓိပ္ပါယ်ရသည်။ အစောပိုင်း ဗုဒ္ဓကျမ်းဂန်များတွင် ဂန္ဒီကာများ၏ အကြောင်း ပါရှိသော်လည်း ဆိုဘီနီတို့၏ အကြောင်းကို အဓိကဖော်ပြထားကြသည်။

ရှေးဟောင်း ဗုဒ္ဓဘာသာ စာပေများ၌ ပြည့်တန်ဆာများအပေါ် အဆိုးမြင်သော သဘောထားများ ထင်ဟပ်ဖော်ပြထားသည်ကို မတွေ့ရပေ။ ဗုဒ္ဓကိုယ်တိုင် ထိုအမျိုးသမီးများအား ကြိုဆိုလက်ခံကာ ကျားမ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် (သို့မဟုတ်) အယူဝါဒ မခွဲခြားဘဲ အခြားသူများနှင့် တန်းတူပင် နိဗ္ဗာန်ကို မျက်မှောက် ပြုရာလမ်းကို လျှောက်လှမ်းခွင့်ပေးခဲ့သည်။

အမ္ဗပါလီသည် ဝေသာလီပြည်မှ ဆိုဘီနီခေါ် ပြည့်တန်ဆာဖြစ်သည်။ ကလေးဘဝက သရက်ပင်အောက်တွင် စွန့်ပစ်ခြင်းကို ခံခဲ့ရသောကြောင့် သူမ၏အမည်မှာ ‘သရက်ပင်အောက်မှ မိန်းကလေး’ဟု အဓိပ္ပါယ်ရှိသည်။ အမ္ဗပါလီကို ဥယျာဉ်မှူးတစ်ဦးက တွေ့ရှိ၍ ဝေသာလီဘုရင်ထံသို့ ယူဆောင်သွားခဲ့ကာ နန်းတွင်း၌ မွေးမြူစောင့်ရှောက်ထားခဲ့သည်။ ခုဒ္ဒက နိကာယ် (Kguddha Nikaya) တွင် အမ္ဗပါလီ၏ အလှကို ‘သူမ၏ ဆံကေသာသည် ပိတုံးရောင်ကဲ့သို့ မဲနက်တောက်ပနေကာ မျက်ခုံးများက အတော်ဆုံး ပန်းချီကျော် ရေးဆွဲထားသကဲ့သို့ လှပလေသည်။ ခြေတံများက ဆင်စွယ်များလို ချောမွေ့ပြီး ခြေချောင်းလေးများက ဝါဂွမ်းဆိုင်များ နူးညံ့သလို နူးညံ့လှပေသည်’ ဟု ဖော်ကြူးထားသည်။

အမ္ဗပါလီ၏ တစ်ညတာ အခငွေမှာ အသပြာ (Kahapanas)  ၅ဝ ကျော်ရှိပြီး သူမသည် အထက်တန်းလွှာမှ အမျိုးကောင်းသားများကို ညှို့ယူဖမ်းစား၍ နှစ်သက်ကျေနပ်စေသည့် အတတ်ပညာမျိုး ၆၄ သွယ်ကို တတ်မြောက်သည်ဟု မဟာဝဂ္ဂ၏ (Maha Vagga) ကျမ်းတွင် ဆက်လက် ဖော်ပြထားပါသည်။ များစွာသော ဝေသာလီ မင်းညီမင်းသားများနှင့် ဘုရင်တို့သည် အမ္ဗပါလီကို ရယူပိုင်ဆိုင်ခဲ့ကြသည်။ သူမနှင့်ပတ်သက်၍ အငြင်းအခုံများ ဖြစ်ခဲ့ကြရပြီး ယင်းကို မဖြေရှင်းနိုင်သောအခါ အမ္ဗပါလီကို ဆိုဘီနီခေါ် ပြည့်တန်ဆာဘွဲ့ကို အပ်နှင်းခဲ့ကြသည်။ အမ္ဗပါလီက သတ်မှတ်ထားသော အဖိုးအခကို လက်ခံ၍ ၄င်းတို့အား ဖြေဖျော်မှု ပြုရသည်။

နောက်ပိုင်းတွင် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရက သူမကို ကြင်ယာတော်အဖြစ် ဆောင်ယူခဲ့ကာ နောင်တွင် သားတစ်ယောက် ဖွားမြင်ခဲ့သည်။ သူတို့သားငယ်ဖြစ်သော ဝိမလကုန္ဒနသည် ရဟန်းဘောင်သို့ ဝင်ရောက်ပြီးလျှင် ရဟန္တာဖြစ်လာခဲ့သည်။

အမ္ဗလာပါလီ ထေရီယ ပတ္တရတွင် သူမ၏ အတိတ်ဘဝ ဇာတ်ကြောင်းများကို ပြန်လည်ဖော်ပြထားသည်။ တချိန်က အမ္ဗလာပါလီသည် ခတ္တိယ အမျိုးဇာတ်တွင် မွေးဖွားခဲ့၍ အရှင်ပုစ္ဆာမုနိ၏ နှမငယ်ဖြစ်ခဲ့ဖူးသည်။ သူမသည် တရားတော်ကို လိုက်နာကျင့်ကြံ၍ ကုသိုလ်ကောင်းမှုပြုကာ နောက်ဘဝတွင် အဆင်းအင်္ဂါလှပစေရန် ဆုတောင်းခဲ့သည်။

နောက်ဘဝတွင် သူမသည် ဗြဟ္မဏအမျိုးတွင် မွေးဖွားလာခဲ့ပြီး တောင်းသောဆုနှင့် ပြည့်ဝခဲ့လေသည်။

သို့ရာတွင် အဆင်းလှပမှုအပေါ် မာန်တက်ကာ ဘိက္ခု (ရဟန်းမ) တစ်ပါးကို ဆဲရေးတိုင်းထွာ စော်ကားခဲ့သည်။ ထိုအပြုအမူကြောင့် သူမသည် ဘဝပေါင်းများစွာ ဆင်းရဲဒုက္ခခံစားရပြီး ပြည့်တန်ဆာ အကြိမ်ကြိမ် ဖြစ်ခဲ့ရသည်။ ကဿပ ဘုရားရှင် လက်ထက်တွင် သူမသည် ရဟန်းပြု၍ ဘိက္ခူနီ ဖြစ်လာခဲ့သည်။ ယင်း၏နောက်ပိုင်း တာဝတိံသာ နတ်ပြည်တွင် ခံစားရပြီး ဂေါတမ ဗုဒ္ဓ ဘုရားရှင်၏ လက်ထက်အခါတွင် နောက်ဆုံးဘဝအဖြစ် ဖွားမြင်၍ ပြည့်တန်ဆာ ဖြစ်ခဲ့ရပြန်သည်။

‘မဟာပရိနဗ္ဗာရသုတ္တံ’တွင် ဗုဒ္ဓဘုရားရှင်သည် အမ္ဗပါလီ၏ သရက်တော ဥယျာဉ်တွင် ရပ်တန့်အနားယူခဲ့သည့် အချိန်က အဖြစ်ကို ကြားနာခဲ့ကြရသည်။ အမ္ဗပါလီသည် ဗုဒ္ဓဘုရားရှင်ကို အရိုအသေပြုကာ ဗုဒ္ဓနှင့် နောက်ပါ သံဃာတော်များကို  နောက်ရက်အတွက် ဆွမ်းပင့်ဖိတ်ကြားခဲ့သည်။ လစ္ဆဝီမင်းသား တစ်စုကလည်း ထိုနေ့တွင်ပင် ဗုဒ္ဓကို ဆွမ်းလုပ်ကျွေးလို၍ အမ္ဗပါလီကို အဿပြာငွေ (Kahapanas) တစ်သိန်းပေး၍ သူမ၏ ဆွမ်းပင့်ဖိတ်ကြားမှုကို ရုတ်သိမ်းစေခဲ့သည်။ အမ္ဗပါလီက လက်မခံသဖြင့် လစ္ဆ၀ီမင်းသားများသည် ဗုဒ္ဓထံတော်သို့ တိုက်ရိုက်ချဉ်းကပ်ကာ ဆွမ်းဖိတ်ကြားသော်လည်း ဗုဒ္ဓက အမ္ဗပါလီ၏ ပင့်ဖိတ်မှုကို လက်ခံပြီးကြောင်း အသိပေး တုန့်ပြန်ခဲ့သည်။

နောက်တစ်ရက်၌ ဆွမ်းစား ကြွလာည့်အခါ အမ္ဗပါလီက သူမ၏ သရက်တော ဥယျာဉ်ကို ဗုဒ္ဓနှင့် နောက်ပါ သံဃာတော်များအား လှူဒါန်းခဲ့သည်။ ထိုနောက်တွင် သူမပိုင် ပစ္စည်း ဥစ္စာများနှင့် ပြည့်တန်ဆာဘဝဟောင်းကို စွန့်ပစ်ကာ ဘိက္ခူနီဘဝကို ခံယူပြီးလျှင် ဗုဒ္ဓတရားတော်များကို အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့သဖြင့် ရဟန္တာအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ နှစ်ပေါင်းများစွာ ဗုဒ္ဓ၏ တရားတော်များကို ဟောကြားပြသခဲ့သည်။

ဝေသာလီပြည်ရှိ အခြားထင်ရှားသော ဆိုဘီနီ (ပြည့်တန်ဆာ) တစ်ဦးမှာ သလ္လာဝတီဖြစ်သည်။ သလ္လာဝတီသည် ရုပ်ဆင်းအင်္ဂါလှပပြီး သီဆိုကခုန်ခြင်းနှင့် ယောက်ျားသားတို့အား ဖြေဖျော်ရသည့် အတတ်ပညာများကို ကောင်းစွာ လေ့ကျင့်ထားသူဖြစ်သည်။ သူမနှင့် တစ်ညတာ ပေါင်းဖက်ရသည့် အနိမ့်ဆုံး အခငွေမှာ အသပြာ ၁ဝဝ ဖြစ်လေသည်။

သလ္လာဝတီ၏ ပထမသားဦးမှာ ဇီဝကဖြစ်သည်။ ဇီဝကကို ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရ၏သား အဘယရာဇာ မင်းသားက မွေးမြူစောင့်ရှောက်ခဲ့ပြီး နောက်တွင် တက္ကသီလာတွင် ဆေးအတတ်သင်ယူကာ ဗုဒ္ဓဘုရားရှင်နှင့် သံဃာတော်အပေါင်း၏ သမားတော်ကြီး ဖြစ်လာခဲ့သည်။

သလ္လာဝတီ၏ ဒုတိယကလေးမှာ သီရိမာ ဖြစ်သည်။ သီရိမာသည် လှပပြီး စွမ်းရည်ရှိ၍ သူမမိခင်နောက်တွင် ပြည့်တန်ဆာဘွဲ့ကို ခံယူရသည်။ သီရိမာသည် ဘာသာတရား ကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကာ နေ့စဉ် သံဃာတော် ၈ ပါးကို ဆွမ်းလုပ်ကျွေး ပြုစုခဲ့သည်။ ပျိုရွယ်သော ရဟန်းတစ်ပါးသည် သူမ၏အလှကို ကြားသိရကာ တွေ့မြင်လိုသဖြင့် သူမအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်လာသည်။ ထိုနေ့တွင် သီရိမာသည် နာမကျန်းဖြစ်၍ ဆင်တန်ဆာ မပြင်ဆင်နိုင်ပဲ နေ့စဉ်ဆွမ်းလှူဒါန်းမှုကို ပြုခဲ့သည်၊ ရဟန်းငယ်၏ စိတ်တွင် မဆင်ယင်ပဲနှင့် ဤမျှလှပလျှင် ကောင်းမွန်စွာ ခြယ်သထားပါက မည်မျှ လှပပေမည်နည်းဟု တွေးကာ သီရိမာအပေါ် စွဲလမ်းတပ်မက်လာသည်။

ယင်းနောက် မကြာမီ သီရိမာ ကွယ်လွန်သွားခဲ့သည်။ ဗုဒ္ဓက သီရိမာ ရုပ်အလောင်းကို (၄) ရက်ခန့်မျှထားရန် ပန်ကြားခဲ့ပြီး (၄) ရက်မြောက်သော နေ့တွင် သီရိမာအပေါ် စွဲလမ်းနေသော ရဟန်းနှင့် နောက်သံဃာများ မီးသဂြိုလ်မည့် အခမ်းအနားသို့ ကြွရောက်ခဲ့သည်။ ဗုဒ္ဓက သီရိမာ၏ ရုပ်ခန္ဓာကို အသပြာ တစ်ထောင်နှင့် စတင်ကမ်းလှမ်းပြီး နောက်ဆုံးတွင် အသပြာငွေ တစ်ပြားနှင့်ပင် ယူလိုသူမရှိခဲ့ချေ။ ထိုအခါတွင်မှ ဗုဒ္ဓက ရုပ်ခန္ဓာကိုယ်၏ မတည်မြဲသော တရားကို ရှင်းလင်း ဟောကြားတော်မူရာ တရားတော်၏ နက်ရှိုင်းမှုကြောင့် သီရိမာအပေါ် စွဲလမ်းနေသော ရဟန်းငယ်သည် အကျွတ်တရား ရခဲ့ပေသည်။

ကျမ်းဂန်စာပေများတွင် ပြည့်တန်ဆာဖြစ်ရခြင်း အကြောင်းကို မည်သို့ ရှင်းလင်းတင်ပြခဲ့ပါသနည်း။

ကျမတို့သည် အမ္ဗပါလီ၏ ထေရီယပတ္တန (ဘဝ ဇာတ်ကြောင်း) တွင် ယခင်ဘဝဟောင်းနှင့် မည်သို့ ဆက်နွယ်နေသည်ကို တွေ့ကြရပြီးဖြစ်သည်။ အတိတ်ဘဝကံကြောင့် ပြည့်တန်ဆာဖြစ်လာရသော အဒ္ဒကာသီ (Addhakasi) ၏ ဘဝဇာတ်ကြောင်းကို ပြန်ကြည့်ပါ။ သူမသည် ကဿပဘုရားလက်ထက်တွင် ဘိက္ခူနီမ ဖြစ်ခဲ့သည်။ သီတင်းသုံးဖေါ် ဘိက္ခူနီတစ်ဦးကို ပြည့်တန်ဆာမဟု ဒေါသနှင့် ဆဲဆိုခဲ့သဖြင့် ဘဝများစွာ ဒုက္ခဆင်းရဲ ခံခဲ့ရသည်။ နောက်ဆုံးဘဝတွင် ချမ်းသာသော မိသားစုတွင် မွေးဖွားကြီးပြင်း လာခဲ့ရသော်လည်း သူမ၏ လှပသော အဆင်းကြောင့် ဆိုဘီနီ ပြည့်တန်ဆာဘွဲ့ကို နှင်းအပ်ခံခဲ့ရသည်။ အဒ္ဒကာသီသည် ဗုဒ္ဓ၏ တရားတော်ကို နာကြားရပြီးနောက် ရဟန်းပြုခဲ့သည်။ သူမသည် ရဟန်းခံရန်အတွက် ဗာရာဏသီမှ သာဝတ္တိသို့ လာရောက်ရမည်ဖြစ်ကာ လမ်းခရီး၌ လူဆိုးသူခိုးများက ပြန်ပေးဆွဲဖို့ရန် ကြံစည်နေကြသည်။ ထိုအကြောင်းကို ဗုဒ္ဓက သိရှိခဲ့သဖြင့် တမန်စေလွှတ်၍ ရဟန်းခံခြင်းကို ပထမဆုံးအနေနှင့် ခွင့်ပြုခဲ့သည်။ အဒ္ဒကာသီသည် မကြာမီ ရဟန္တာဖြစ်ကာ သူမ၏ ကိုယ်တွေ့အဖြစ်များနှင့် ယှဉ်၍ ဗုဒ္ဓ၏ တရားတော်များကို ဟောပြောခဲ့သည်။

‘ထေရီဂါထာ’ (ဗုဒ္ဓဘာသာဝင် ရဟန္တာ ညီအစ်မတော်များ အကြောင်း) တွင် ဝိမလမူရာ လာဂနိက (Vimala purana Ganika) ၏ ဖြစ်စဉ်ကို ဖော်ပြထားသည်။ သူမသည် အဆင်းလှသည့် ဆိုဘီနီ ပြည့်တန်ဆာဖြစ်ကာ နောင်တွင် သာသနာဘောင်သို့ ဝင်ခဲ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့သည်။ (ထေရီဂါထာကျမ်းတွင်) သံယောဇဉ်၏ နှောင်ဖွဲ့ခြင်းသဘောကို ကောင်းစွာ သိမြင်သည့် သူမ၏ ဂါထာများကို ထည့်သွင်းဖော်ပြထားသည်။

လက်ရှိလောကအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများ ပြဿနာများကို စောင်းငဲ့မကြည့်မီ ပြည့်တန်ဆာလုပ်ငန်းအပေါ် ထားရှိသော ဗုဒ္ဓဘာသာ၏ သဘောကို ဆန်းစစ်ခြင်းက အကျိုးရှိနိုင်ပေသည်။ အခြေခံအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ကျင့်ကြံအားထုတ်ရာတွင် ပြည့်တန်ဆာများ၏ တန်းတူသော အခွင့်အလမ်းကို ဗုဒ္ဓဘာသာက ငြင်းပယ်ထားခြင်းမရှိပါ။ အချို့ ရှေ့တန်းရောက်ခဲ့သည့် ပြည့်တန်ဆာများသည် ပြည့်တန်ဆာဖြစ်ရ၍ အလိုရမ္မက်အပေါ် အလွန်အမင်း လိုက်လျောပေးရသော အတွေ့အကြုံနှင့် ယင်းတို့၏ အနှစ်သာရ ကင်းမဲ့ပုံကို နားလည်ခဲ့သဖြင့် တရားကျင့်ကြံ အားထုတ်ရာတွင် လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။

သို့သော် ဗုဒ္ဓလက်ထက်က ပြည့်တန်ဆာဘဝနှင့် လက်ရှိလူ့အဖွဲ့အစည်းတွင် ယေဘူယျ တည်ရှိနေသော ပြည့်တန်ဆာဘဝသည် များစွာကွာခြားလေသည်။ ယခင်က ပြည့်တန်ဆာလုပ်ငန်းသည် အထက်တန်းလွှာ လူ့အဖွဲ့အစည်း၏ အသက်မွေးမှု ဖြစ်ခဲ့သည်။ ပြည့်တန်ဆာများသည် အထက်တန်းလွှာတို့ကြားတွင် ကျင်လည်ခဲ့ပြီး သူတို့၏ လူနေမှုဘဝမှာလည်း အထိုက်အလျောက် မြင့်မားခဲ့သည်။

သို့ရာတွင် ယခင်မှ ယနေ့ထက်တိုင် တည်ရှိလာနေသော ပြည့်တန်ဆာလုပ်ငန်းသည် ယောက်ျားသားတို့၏ အလိုရမ္မက်အပေါ်တွင် မူတည်နေသည်။ အမျိုးသမီးတစ်ဦးကို ကာမပိုင်ဖြစ်မှုနှင့် ပတ်သက်၍ သူတို့၏ အတွင်းတွင်  သဘောထား ကွဲလွဲလာသောအခါ သူမကို အများပိုင်ဖြစ်စေခဲ့သည်။ ထိုအမျိုးသမီးကို တစ်ဦးတစ်ယောက်တည်းက မပိုင်ဆိုင်ပဲ အားလုံးက ပိုင်ဆိုင်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု ထုံးစံများတွင် တွေ့ရသကဲ့သို့ အမျိုးသမီးများမှာ အမျိုးသားက ပိုင်ဆိုင်သည့် အသုံးအဆောင် ပစ္စည်းပမာ ပြုမူဆက်ဆံ ခံနေကြရသည်။ အမျိုးသမီးတစ်ဦး၏ ကံကြမ္မာကို ယောက်ျားများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘာသာရေးဆိုင်ရာ သြဇာအာဏာဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ယနေ့ခေတ် အမျိုးသမီးများသည် အကျပ်အတည်းများကို ရင်ဆိုင်နေရဆဲဖြစ်ပေသည်။

ဗုဒ္ဓဘာသာသည် ပြည့်တန်ဆာများက လူသားအားလုံးအပေါ် မျှဝေပေးနိုင်သည့် ဝိဥာဉ်ရေးရာ (ဘာသာရေးဆိုင်ရာ) စွမ်းရည်ကို ငြင်းပယ်မထားပေ။ သို့ရာတွင် ပြည့်တန်ဆာလုပ်ငန်းကို မြှင့်တင်ပေးမှု (သို့မဟုတ်) အားပေးအားမြှောက် ပြုမှုလည်းမရှိပေ။ ယင်းအစား ပြည့်တန်ဆာဖြစ်ခြင်းကို တည်ရှိနေသော ဆင်းရဲဒုက္ခများ၏ လက္ခဏာတစ်ရပ်အဖြစ် တင်ပြထားသည်။ ဗုဒ္ဓစာပေများတွင် ပြည့်တန်ဆာဖြစ်မှုကို ဆင်းရဲဒုက္ခ၏ လက္ခဏာတစ်ရပ်အဖြစ် ဖော်ပြထားသည်ကို တွေ့ကြရသည်။
ဗုဒ္ဓဝါဒကို လက်ခံပြီးသည့် နောက်တွင် စင်ကြယ်သောဘဝကို လျှောက်လှမ်း၍ ပြည့်တန်ဆာဘဝကို စွန့်လွှတ်လိုက်သည့် အဖြစ်များ ရှိခဲ့သည်။

ဗုဒ္ဓဘာသာသည် ပြည့်တန်ဆာများအတွက် လမ်းဖွင့်ပေးထားသော်လည်း ပြည့်တန်ဆာလုပ်ငန်းကို ထောက်ခံအားပေးမှု မရှိပေ။ ပြည့်တန်ဆာဘဝကို စွန့်ပစ်၍ ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ဦးတည်နိုင်ရန် အတွက် အမျိုးသမီးများကို ဗုဒ္ဓဝါဒက ကူညီအားပေးနေသည်။

ဗုဒ္ဓဘာသာနှင့် ပြည့်တန်ဆာလုပ်ငန်း

ပြည့်တန်ဆာလုပ်ငန်းနှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဗုဒ္ဓဘာသာ၏ သင်ကြားမှုများသည် ထိရောက်သော နည်းလမ်းများ ဖြစ်နိုင်ပါသည်။ ကျမတို့အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းဖြစ်စဉ်နှင့် ရိုးရာဓလေ့များသည် ဥပမာတစ်ခုအဖြစ် ရှိနေပေသည်။ ဗုဒ္ဓလက်ထက်က ထင်ရှားသော ပြည့်တန်ဆာများသည် ဓမ္မတရားတော်မှ အကျိုးကျေးဇူးများ ရခဲ့ကြပြီးနောက် သူတို့၏ ဗုဒ္ဓဝါဒအပေါ် နားလည် လက်ခံမှုက ပြည့်တန်ဆာဘဝကို စွန့်လွှတ်စေခဲ့သည်၊ အချို့သည် ဘိက္ခူနီ (ရဟန်းမ) များအဖြစ်နှင့် သာသနာ့ဘောင်သို့ ဝင်ခဲ့ကြကာ တရားထူးများ ရရှိခဲ့ကြသည်။ အချို့မှာ ရဟန္တာများ ဖြစ်ခဲ့ကြပြီး ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ခိုင်မာသော အင်အားစု များဖြစ်လာခဲ့ကြသည်။
ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓ (ဘုရား)၊ ဓမ္မ(တရား)၊ သံဃာ (ရဟန်း) တို့ကို ကိုးကွယ်ဆည်းကပ် ကြရသည်။ ထိုရတနာသုံးပါးကို (ဘုရား၊ တရား၊ သံဃာ) က ပြည့်တန်ဆာများကို ခိုလှုံခွင့်ပေးပါသလား။ ဗုဒ္ဓသည် သူ၏ ဘဝတွင် ပြည့်တန်ဆာများအပေါ် အကောင်းမြင်စိတ်ထား၍ လက်ခံခြင်းဖြင့် စံနမူနာ ပြသခဲ့သည်။ ပြည့်တန်ဆာများကို တိုက်ရိုက်ချည်းကပ်၍ ဟောပြော ဆုံးမမှုများလည်း အခါခါပြုခဲ့သည်၊ ဗုဒ္ဓနှင့် နောက်ပါသံဃာတို့သည် ပြည့်တန်ဆာတို့ လှူဒါန်းသော ဒါနကို လက်ခံခြင်းဖြင့်လည်း တိုက်ရိုက်အကျိုးရခဲ့ကြသည်။

ဗုဒ္ဓသည် သတ္တဝါအပေါင်းအား သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေရေးအတွက် ကူညီရန် တာဝန်ရှိသည်ဟု ခံယူထားသည်။ ပြည့်တန်ဆာများ ဗုဒ္ဓထံတော်သို့ လာရောက် ခိုလှုံကြသောအခါ အခြား ဒုက္ခခံစားနေရသူများ၊ သတ္တဝါများ နည်းတူပင် ပြုမူဆက်ဆံခဲ့သည်။ ကျမတို့ သမိုင်း အစဉ်အလာရှိသော ဗုဒ္ဓဘုရားသည် ပရိနိဗ္ဗာန် ခံဝင်ခဲ့ရသော်လည်း ဗုဒ္ဓ၏ တရားတော်များက ဗုဒ္ဓ၏ စံနမူနာများအတိုင်း (လိုက်ကျင့်ကြံရန်) ကျမတို့ကို တွန်းအားပေးနေသည်။ ဗုဒ္ဓ၏ ဟောပြောပြသမှုများသည် ပြည့်တန်ဆာများနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ ထိုတရားတော်များသည် အမျိုးသမီးများကို ပြည့်တန်ဆာဘဝမှ လွတ်မြောက်ရန်သာမက ဘာသာရေးပိုင်းမှ အမျိုးသမီးများကို ပြည့်တန်ဆာဘဝမှ လွတ်မြောက်ရန်အတွက်ပါ ကြီးမားသည့် အထောက်အကူများ ဖြစ်စေနိုင်ပါသည်။

လူသားများ အားလုံးသည် ဘာသာရေးအရ (ဝိဥာဉ်ရေးအရ) တူညီသော လက်ခံနိုင်မှု ရှိသည်ဟူသော ခံယူမှုဖြင့် ဗုဒ္ဓသည် မိထွေးတော် ဂေါတမီ (မဟာပဇာ ပတိဂေါတမီ) အား သာသနာဘောင်သို့ လာခြင်းကို လက်ခံခဲ့သည်။ ဤအဖြစ်အပျက်သည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်နှင့် အမျိုးသား ဘာသာရေး ဦးဆောင်သူတစ်ဦးက အမျိုးသမီးများ၏ ဝိဥာဉ်ရေးစွမ်းရည် (ဘာသာတရားဆိုင်ရာ လက်ခံနိုင်မှုစွမ်းရည်) ကို ရှင်းရှင်းလင်းလင်းနှင့် အကြွင်းမဲ့ အသိအမှတ် ပြုလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဤသို့ အသိအမှတ်ပြုထားမှု၏ အရေးကြီးပုံကို နားလည်ရမည့်အပြင် ကောင်းစွာ အသုံးပြုကြရမည် ဖြစ်သည်။  ဘာသာရေးဆိုင်ရာ တန်းတူညီမျှမှုမှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရာ လမ်းခရီးသည် လူသားအားလုံးအတွက် မည်သည့် ချွင်းချက်များမှ မထားပဲ ဖွင့်လှစ်ထားသည်ဟူ၍ အဓိပ္ပာယ် ရပေသည်။

ဗုဒ္ဓဟောကြားခဲ့သော ပထမဆုံး သစ္စာတရားမှာ ဘဝသည် ဆင်းရဲခြင်းဖြစ်သည်ဆိုသော ဒုက္ခသစ္စာ ဖြစ်သည်။ လူတစ်ဦး၏ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍ (သို့မဟုတ်) အဆင့်အတန်းသည် မည်သို့ပင် ဖြစ်ပါစေ သူ၏ တွေ့ကြုံရမှုများသည် ဆင်းရဲခြင်း (ဒုက္ခ) သာဖြစ်သည်။ ယင်းကိုပင် နားလည်သိမြင်၍ လွတ်မြောက်ရာလမ်းကို ရှာဖွေမှသာ ဗုဒ္ဓဘာသာ၏ တရားသည် အဓိပ္ပါယ်ရှိလာသည်။ အကယ်၍ ပြည့်တန်ဆာတစ်ဦးသည် သူမ၏ ကိုယ်တွေ့ကြုံနေရသော ဆင်းရဲခြင်းနှင့် ဒုက္ခများကို စတင်သိမြင်လာပြီးလျှင် ဗုဒ္ဓညွှန်ပြထားသော လမ်းအတိုင်း လိုက်နာခြင်းအားဖြင့် သူမ၏ ကံကြမ္မာ တိုးတက်မှုကို ရှာကြံနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်သော နိဗ္ဗာန်ကို လူတိုင်း ရရှိနိုင်ပါသည်။ ရုပ်ခန္ဓာ၏ စင်ကြယ်ခြင်း (သို့မဟုတ်) မစင်ကြယ်ခြင်းသည် လူတစ်ဦးတစ်ယောက်ကို ဤအမြင့်မားဆုံး သစ္စာတရားအပေါ် နားလည်ခြင်းမှ တားဆီးမရနိုင်ပေ။ ပြည့်တန်ဆာများအပေါ် လူ့ဘောင်အဖွဲ့အစည်းများက ပြစ်တင်ရှုတ်ချမှုများ ရှိနေသော်လည်း ၄င်းသံသရာမှ လွတ်မြောက်ရာလမ်း (ဘာသာရေးတရား အားထုတ်မှုတို့) တွင် သူတို့၏ အတွေ့အကြုံများကို အကျိုးရှိရှိ အသုံးချနိုင်ပါသည်။ ဗုဒ္ဓလက်ထက် ပြည့်တန်ဆာတို့သည် ဧည့်သည်များအပေါ် အလွန်အမင်း လိုက်လျောရပြီး အောက်ကျသော အဖြစ်များ တွေ့ကြုံရခြင်းနှင့် ယင်း၏ အလုံးစုံ အဓိပ္ပါယ်ကင်းမဲ့မှုကို သဘော ပေါက်လာသောကြောင့် ဘာသာရေးနယ်ပယ်သို့ လုံးဝကူးပြောင်းသွားသော အဖြစ်အပျက်များ ရှိခဲ့သည်။

(လက္ခဏာရေး တရားသုံးပါး (Trilaksana, ဘဝတည်ရှိရသော ပုံစံသုံးမျိုး)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနိစ္စ (မတည်မြဲခြင်း)၊ အနတ္တ (အစိုးမရခြင်း/ငါမဟုတ်) စသည်တို့နှင့် ပတ်သက်သော ဟောကြားမှုသည် အထူး အဖိုးတန်ပါသည်။ လောကအတွင်းရှိ မြင်တွေ့နေကြရသော အရာတိုင်းသည် ဤလက္ခဏာ (၃)ရပ်ကို ထင်ရှားစေပါသည်။ တည်မြဲမှုမရှိခြင်း၏ သဘာဝသည် အထူးသဖြင့် ပြည့်တန်ဆာနှင့် ပတ်သက်နေသည်။ သူတို့၏ အသက်မွေးမှုသည် ပျိုရွယ်မှုနှင့် ရုပ်အဆင်း လှပမှုအပေါ်တွင် တည်မှီနေကာ ယင်းတို့သည် အခိုက်အတန့်မျှသာ ဖြစ်လေသည်။ ရုပ်ဆင်းအင်္ဂါ လှပမှုနှင့် ကာမဂုဏ်တရားများသည် တည်မြဲမှု မရှိပဲ ဆင်းရဲဒုက္ခများဆီသို့သာ ဦးတည်နေကြောင်းကို ပြည့်တန်ဆာများအား နားလည်လက်ခံစေရန် ဗုဒ္ဓတရားတော်က အထောက်အကူ ပြုနေနိုင်သည်။

(ချိုးလင်းပြာမှ ဘာသာပြန်သည်)
ထိုင်းနိုင်ငံ သံဃာ အဖွဲ့အစည်း နှင့် ဆက်စပ်တင်ပြမှုကို ဤမှာ ဆက်လက်ဖတ်ရှူနိုင်ပါသည်။ဗမာပြည်နှင့် သက်ဆိုင်ခြင်းမရှိ၍ ဆက်လက်မဖော်ပြတော့ပါ။ ချန်လှပ်ထားပါသည်။
https://www.facebook.com/notes/%E1%80%90%E1%80%AD%E1%80%AF%E1%82%95%E1%80%97%E1%80%99%E1%80%AC-dobama/%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%9D%E1%80%AB%E1%80%92%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%94%E1%80%B9%E1%80%86%E1%80%AC/422982584439774

No comments:

Post a Comment