Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် စာချုပ်သဘောတူညီမှု ရရှိရန် နီးကပ်လာချိန်တွင် မြန်မာ စစ်ခေါင်းဆောင်များ၏ နောက်ကြောင်းပြန်လှည့်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်ကာ နှစ်ဖက်ယုံကြည်မှု လျော့ကျလာ

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် စာချုပ်သဘောတူညီမှု ရရှိရန် နီးကပ်လာချိန်တွင် မြန်မာ စစ်ခေါင်းဆောင်များ၏ နောက်ကြောင်းပြန်လှည့်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်ကာ နှစ်ဖက်ယုံကြည်မှု လျော့ကျလာသည်ဟု ဇန်န၀ါရီ ၁၂ ရက်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဇန်န၀ါရီ ၁၂ ရက်က ထုတ်ပြန်လိုက်သည်။
၅၂ နှစ်မြောက် တအာင်း အမျိုးသားတော်လှန်ရေးနေ့တွင် ထုတ်ပြန်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ သဘောထား ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြပါရှိသည်။
တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၏ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ တာပန်လ က “အပစ်ရပ်လက်မှတ်ထိုးဖို့ ကြိုးစားနေကြတဲ့အချိန် ကြားထဲမှာ ထိုးစစ်ကို ပိုမိုလုပ်လာတာမျိုးတွေ တွေ့ ရတယ်။ ပြီးတော့ကာ အကြောင်းမဲ့ လက်နက်ကြီးငယ်နဲ့ ပစ်မှတ်ထားတာမျိုးတွေ တွေ့ရတယ်။ ရန်စတဲ့ အပြုအမူတွေက အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့အတွက် အဟန့်အတားတွေ ဖြစ်နေပါတယ်”ဟု မဇ္ဈိမကို ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း TNLA နှင့် မြန်မာ စစ်တပ်ထိတွေ့မှု တိုက်ပွဲကြီးငယ် စုစုပေါင်း အကြိမ် ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး တအာင်း အမျိုးသား တပ်မတော်မှ ၁၇ ဦး ကျဆုံးကာ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာပန် လက ထံမှသိရသည်။
တိုင်းရင်းသားဒေသများတွင် ထိုးစစ်များ ပုံမှန်ပြင်ဆင်နေခြင်း၊ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားရန် အကြောင်းရှာ ရန်စခြင်း၊ တိုင်းရင်းသား ဒေသများ သို့ ကျူးကျော်နယ်ချဲ့ ခြင်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခြင်းတို့ကို မြန်မာ့တပ်မတော်က ပြုလုပ်နေခြင်းသည် ပြည်တွင်း စစ်မီးရပ်စဲကာ တိုင်းပြည်ငြိမ်းချမ်း စေနိုင်မည် မဟုတ်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း “ကျွန်တော်တို့ ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့တုန်းကတော့ သူတို့အနေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုံးဝမရှိပါဘူးလို့ တရားဝင်ပြောကြားခဲ့တာရှိပါတယ်။ ဒါပေမဲ့ မူအရ ပြောထားပေမယ့် လက်တွေ့ကျကျ လုပ်နိုင်ဖို့ တိုက်တွန်းရမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။
မြန်မာစစ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားများကြောင့် တိုင်းရင်းသားပြည်သူလူထုများသည် ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေဦး မည်ဖြစ်သည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားသည်။
ယင်းကြေညာချက်တွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရန် မြန်မာပြည်ရှိ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအနေဖြင့် နိုင်ငံရေးသတိ၊ ဒီမိုကရေစီအသိ၊ စည်းလုံး ညီညွတ်မှုရှိရှိဖြင့် ၂၀၁၅ ခုနှစ်ကို ဖြတ်သန်းရင်ဆိုင်ကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော် ထားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရန် အပစ်ရပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ခြောက်ကြိမ်မြောက် ဆွေးနွေးပြီးဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36935-2015-01-13-05-43-15

No comments:

Post a Comment