Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

ပြင်ဦးလွင်ပန်းပွဲတော် ဖျော်ဖြေပွဲလာ ပရိသတ်တစ်ဦးကို လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များက အုပ်စုဖြင့် အကြိမ်ကြိမ် ရိုက်နှက်



ပြင်ဦးလွင်၊ ဒီဇင်ဘာ (၂၈) ကိုးတောင်ဝင့်

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀၊၂၁ ရက်များတွင် ကျင်းပခဲ့သော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ ရုက္ခဗေဒဥယျာဉ်၊ ပန်းပွဲတော် ဒုတိယနေ့ တွင် ဖျော်ဖြေရေး စင်မြင့်ရှေ့ ၌ ကခုန်နေသူ တစ်ဦးကို လုံခြုံရေး ရဲတပ်ဖွဲ့ များက အကြိမ်ကြိမ် ၀ိုင်းဝန်းရိုက်နှက် ခဲ့ကြသဖြင့် ပြင်ဦးလွင် ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒီဇင်ဘာလ (၂၁) ရက်နေ့ ၊ မွန်းလွဲပိုင်း (၃)နာရီခန့် က ပန်းပွဲတော်ကျင်းပရာ ပြင်ဦးလွင်မြို့ ၊ ရုက္ခဗေဒ ဥယျာဉ်အတွင်း၊ ဖျော်ဖြေရေးစင်မြင့်ရှေ့ ၊ ကခုန်ဆင်နွဲနေကြသော လူကြီးလူငယ်ပရိသတ်များအလယ်တွင် အောင်ဗလ သည် မိတ်ဆွေအပေါင်းအသင်းများနှင့် ကခုန်နေခဲ့၏။ အတူပါ သူငယ်ချင်း (၃)ဦးနှင့် လူချင်းကွဲသွားပြီး အောင်ဗလ ဆက်၍ကနေစဉ် တစ်စုံတစ်ဦးကထိုးလိုက်သည်ဟု ခံစားရပြီး နှာခေါင်းတွင်ပူခနဲဖြစ်ကာ သွေးများစီးကျလာ၏။ အောင်ဗလလည်း ကခုန်နေစဉ်အထိုးခံလိုက်ရပြီး နှာခေါင်းမှသွေးယိုစီးသည်အထိ ဒဏ်ရာရရှိခဲ့အတွက် ‘ငါ့ကို ဘယ်သူ ထိုးတာလဲ’ ဟုအော်ဟစ်လိုက်ပြီး ခါးပတ်ကိုလည်းဆွဲဖြုတ်ကာ လက်တွင်အသင့်အနေအထားဖြင့်ကိုင်ဆောင်လျက် မိမိကိုထိုးသူအား တွေ့ လိုတွေ့ ငြား ရှာကြည့်သော်လည်း မတွေ့ ဘဲဖြစ်နေခဲ့၏။ ထိုစဉ် အောင်ဗလနှင့် ရင်းနှီးသူ အချို့ လည်း အောင်ဗလထံရောက်ရှိလာကာ အောင်ဗလအား ၀ိုင်းဆွဲကြရာ ကခုန်နေသောပရိသတ်များအကြား အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သဖြင့် ပွဲခင်းလုံခြုံရေး ရဲများကလည်း ရောက်လာခဲ့သည်ဟု အောင်ဗလက ပြောပြသည်။

‘ရဲတွေအဖွဲ့ လိုက်ပြေးဝင်လာတာမြင်တော့ ကျွန်တော်လည်း ခါးပတ်ကို ကျွန်တော့်ရှေ့ ပစ်ချပြီး လက်နှစ်ဖက်ကို ပူးပြီး မြောက်ထားလိုက်တယ်။ ကျွန်တော်ရန်ဖြစ်တာမဟုတ်ဘူး။ သက်သက်မဲ့အထိုးခံရတာပါ လို့ လည်း ပါးစပ်က အော်ပြော လိုက်တယ်။ ဒါပေမယ့် ရဲတွေက အတင်းဝင်လာပြီး နံပါတ်တုတ်နဲ့ ရိုက်တော့ ကျွန်တော့်ကို လာဆွဲတဲ့ မိတ်ဆွေတွေ ရှေ့ က၀ိုင်းကာပေးကြတာ သူတို့ ကို ရိုက်မိသွားတယ်။’

အောင်ဗလနှင့်အတူ မိတ်ဆွေများက ရန်ဖြစ်ခြင်းမဟုတ်ကြောင်း၊ အထိုးခံရသူဖြစ်ကြောင်း၊ ဒဏ်ရာရထားကြောင်း၊ ဖမ်းမည်ဆိုပါက အဖမ်းခံမည်ဖြစ်ပါကြောင်း ရှင်းပြသော်လည်း ရဲများက အင်အားအလုံးအရင်းဖြင့် ဆက်လက် ရိုက်နှက်ခဲ့ကြောင်း အောင်ဗလက ဆက်လက်ပြောပြသည်။

‘ကျွန်တော့်ကို မရိုက်ပါနဲ့ ။ ဖမ်းမယ်ဆိုရင် ဖမ်းပါလို့ ပြောလည်း မရဘူး။ ရဲအုပ်တစ်ယောက်နဲ့  ဒုရဲအုပ်တစ်ယောက်၊ တစ်ယောက်က သံလက်သီးစွပ်ထားတယ်၊ နောက်တစ်ယောက်က လက်ထိပ်ကို ရိုက်ရန်အလို့ ငှာ ကိုင်ထားပြီး ကျွန်တော့်ဆီကို စုံဝင်လာပြီး ၀ိုင်းထိုးကြတယ်။ ကျွန်တော့် ညာဘက်မျက်ခုံး ကွဲသွားတယ်။ ကျန်တဲ့ ရဲတွေကလည်း ကျွန်တော့်ကို နံပါတ်တုတ်တွေနဲ့  ၀ိုင်းရိုက်ကြတယ်။’

ထိုအခါ အတူပါသူငယ်ချင်း (၃)ဦးလည်း ပြန်ရောက်လာပြီး အခြားမိတ်ဆွေများနှင့်အတူ ရဲနှင့်အောင်ဗလအကြား ၀ိုင်းဝန်းဖြန်ဖြေကာ အောင်ဗလကို ဆွဲထုတ်ကြရာ အောင်ဗလကလည်း ‘ကျွန်တော် အေးဆေးအဖမ်းခံလျက်နဲ့  ခင်ဗျားတို့ က တရားလွတ်ရိုက်တယ်။ ခင်ဗျားတို့ ကို လုံးဝမကျေနပ်ဘူး’ ဟု ရဲများကို အော်ဟစ်မိကြောင်း ၀န်ခံ ပြောဆို ၏။

ထို့ နောက် အောင်ဗလက အတူပါသူငယ်ချင်းများနှင့်အတူ ပွဲခင်းထဲမှ ပြန်လည်ထွက်ခွာခဲ့ရာ လက်မှတ်စစ်အပေါက် အနီးသို့ ရောက်သောအခါ ရဲများနောက်က ထပ်မံလိုက်လာပြီး ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ကြောင်း အောင်ဗလက ထပ်ဆင့် ပြောပြ၏။
‘သူငယ်ချင်းတွေနဲ့ ဝိုင်းတွဲပြီး ကျွန်တော်တို့ ပြန်ခဲ့ကြတယ်။ မျက်ခုံးကွဲ၊ နှာခေါင်းသွေးယို၊ ကိုယ်လုံးပေါ်မှာ ဒဏ်ရာ အပြည့်နဲ့  ကျွန်တော် အိမ်ကိုပြန်ဖို့  ပြန်လျှောက်လာတာ လက်မှတ်စစ်အပေါက်အနားကိုရောက်တော့ နောက်က ခြေသံတွေ ကြားရတယ်။ လှည့်ကြည့်လိုက်တော့ ရဲတွေ အယောက် ၂၀ လောက်ရှိတယ်။ နံပါတ်တုတ်တွေ ၀င့်ကိုင်ပြီး ပြေးလာကြတယ်။ ကျွန်တော် နောက်တစ်ခါက် လက်နှစ်ဖက်ကို ပူးမြောက်ပေးပြီး ရပ်စောင့်နေလိုက်တယ်။ ဒါပေမယ့် ရဲတွေက ကျွန်တော့်ကို ၀ိုင်းရိုက်ကြတယ်။ ကျွန်တော် ခေါင်းကွဲသွားတယ်။ တစ်ကိုယ်လုံး နံပါတ်တုတ်ရာတွေ အပြည့် ရသွားတယ်။ ကျွန်တော်ပုံလျက်သား လဲကျသွားတဲ့အထိ ရိုက်ရတာကို အားမရသေးဘဲ လဲကျသွားတဲ့ ကျွန်တော့်ကို ရဲဖိနပ်စီးထားတဲ့ သူတို့ ခြေထောက်တွေနဲ့  ၀ိုင်းကန်ကြတယ်။ ကျွန်တော့်ကို လက်ထိပ်ခတ်လိုက်ကြတယ်။’

ရဲတပ်ဖွဲ့ ဝင်များက အောင်ဗလကို လက်ထိပ်ခတ်ပြီးသော်လည်း ဆက်လက်ရိုက်နှက်ခဲ့သည်ကို မျက်မြင်သက်သေများ က ပြောပြသည်။ အောင်ဗလကို ကျွန်တော်တို့ ပြန်ခေါ်လာတာ လက်မှတ်စစ်ပေါက်နားရောက်တော့ ရဲတွေအားလုံး ပြေးလိုက်လာတယ်။ နံပါတ်တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ထားကြပြီး အောင်ဗလကို လဲသွားတဲ့အထိ ရိုက်တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ ပြီးတော့ လက်ထိပ်ခတ်တယ်။ လက်ထိပ်ခတ်ပြီးတော့ကို ထပ်ရိုက်ကျသေးတယ်ဗျာ ဟု အောင်ဗလနှင့်အတူပါ သူငယ်ချင်း (၃) ဦးက ပြောပြသည်။

ထို့ နောက် အောင်ဗလကို အချုပ်ကားပေါ်တင်ဆောင်ကာ ပြင်ဦးလွင်မြို့ မရဲစခန်းသို့  ခေါ်လာခဲ့ကြောင်း၊ အချုပ်ကား ပေါ်မှ အဆင်းတွင် လက်ထိပ်ခတ်ခံထားရပြီး ဒဏ်ရာဒဏ်ချက်တို့ မှ သွေးစိမ်းရှင်ရှင်တို့  အဆက်မပြတ်ထွက်နေသော အောင်ဗလကို ရဲများက ဆီးရိုက်ပုံ၊ မိမိအလွန်ဒေါသထွက် ခံစားရပြီး မတရားလုပ်လျင် တရားစွဲမည်ဟု ပြောရကြောင်း အောင်ဗလ၏ဖခင် ဦးကျော်ရွှေက ပြောပြသည်။

သားကို ရဲတွေအချုပ်ကားပေါ်တင်သွားတဲ့သတင်းကြားတော့ မြို့ မရဲစခန်းကို ကျွန်တော်သွားစောင့်နေလိုက်တယ်။ သားလေးအရင်ဆုံး ဆင်းလာတယ်။ လက်ထိပ်တန်းလန်း၊ သွေးသံရဲရဲနဲ့ ဆင်းလာတဲ့သားကို အောက်ကစောင့်နေတဲ့ ရဲတွေက နံပါတ်တုတ်တွေနဲ့ ထပ်ရိုက်တယ်။ ကျွန်တော့်ရင်ထဲ အရမ်းကိုခံစားရတယ်။ ဒါကြောင့် ‘မင်းတို့  ဒီလို တရား လက်လွှတ် မရိုက်နဲ့ ။ ဥပဒေရှိတယ်။ ဥပဒေနဲ့ အရေးယူပါ။ ဒါမှမဟုတ်ရင် မင်းတို့ အထက်အဆင့်တွေကို ငါတိုင်ရ လိမ့်မယ် လို့  ကျွန်တော်ပြောမှ ရိုက်တာရပ်သွားပါတယ်ဟု အောင်ဗလ၏ဖခင် ဦးကျော်ရွှေက ပြောပြသည်။
မြို့ မရဲစခန်းတွင် အောင်ဗလကို လက်ထိပ်ခတ်လျက် သွေးသံရဲရဲဖြင့် (၂)နာရီခန့်  ထိုင်ခိုင်းထားပြီး မည်သူကမှ စစ်ဆေးမေးမြန်းခြင်းမရှိပဲ ည ၆ နာရီခွဲခန့် တွင် တာဝန်ကျရဲအရာရှိက အိမ်ပြန်ခေါ်ခွင့်ပြုခဲ့သဖြင့် အောင်ဗလကို ပြင်ဦးလွင် ပြည်သူ့ ဆေးရုံကြီး အရေးပေါ်လူနာဌာနသို့  ခေါ်ဆောင်ခဲ့ပြီး ယခုအခါ ဦးနှောက်နှင့်အာရုံကြော အထူးကြပ်မတ်ကုသဆောင်တွင် အတွင်းလူနာအဖြစ် တင်ဆောင်ကုသထားရကြောင်း သိရသည်။

ပန်းပွဲတော်ဖျော်ဖြေရေးစင်မြင့်ရှေ့  ပရိသတ်များအကြား ကခုန်နေစဉ် အမည်မသိလူတစ်ဦးက လက်သီးဖြင့်ထိုးသွား သဖြင့် နှာခေါင်းသွေးယိုဒဏ်ရာရရှိခဲ့သောကြောင့် ခါးပတ်ချွတ်ကာ မိမိကိုထိုးသူအား လိုက်လံရှာဖွေခဲ့သူ အောင်ဗလ အား ရန်စသူဟုအထင်မှားကာ လုံခြုံရေးရဲတပ်ဖွဲ့ ဝင်များက ထိန်းသိမ်းရန်လိုအပ်သည်ထက်ပိုပြီး တရားလွန်ရိုက်နှက်ခဲ့ ခြင်းကြောင့် အောင်ဗလတွင် ဦးခေါင်းကွဲ၊ မျက်ခုံးကွဲ၊ နားနောက်ဒဏ်ရာ၊ ကျောပြင်တွင် နံပါတ်တုတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေရသဖြင့် အောင်ဗလနှင့်အတူ ဖခင်ဖြစ်သူ ဦးကျော်ရွှေမှာ ဥပဒေအတိုင်း အရေးမယူပဲ အင်အားအလွန်အကျွံသုံးကာ တရားလွန်ရိုက်နှက်ခဲ့ပြီး လူကို ဒဏ်ရာအနာတရများ ရရှိစေ သူ ပန်းပွဲတော်လုံခြုံရေးတပ်ဖွဲ့ ဝင်များကို ဥပဒေအတိုင်း အရေးယူပေးစေချင်နေကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/lashio.news.city
https://www.facebook.com/lashio.news.city/posts/1545003659072482

No comments:

Post a Comment