Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

နိုင်ငံသားတွေရဲ့ ဥာဏ်အမြော်အမြင် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နိုင်ငံတစ်ခု ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲ မွဲတေရတဲ့ အကြောင်း တရားနောက်မှာ ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျခြင်း သာမက အတွေးအခေါ် ပိုင်း ဆိုင်ရာ အားနည်းခြင်းလဲ ပါဝင်တာကြောင့် နိုင်ငံသူ နိုင်ငံသားတွေ ဥာဏ်ပညာ အမြော်အမြင် မြင့်မားဖို့ လိုအပ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီကနေ့ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတ ဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

"ဆင်းရဲမွဲတေမှုပပျောက်အောင် ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားတဲ့နေရာမှာ ကျမတို့ဟာ ဥာဏ်ပညာ အမြော်အမြင်လိုပါတယ်၊ ပညာရှိမှ ကျမတို့နိုင်ငံသားတွေ ပညာအဆင့်မြင့်မှ ဒီနိုင်ငံဟာ အဆင့်မြင့်နိုင်မှာ၊ ပညာမရှိဘဲနဲ့ ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်နိုင်မယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး၊ ပြည်သူတွေကို လွတ်လွတ်လပ်လပ် တွေးတောပိုင်ခွင့်မပေးဘဲနဲ့ ဒီနိုင်ငံအဆင့်မြင့်အောင်လုပ်မယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်မျိုးဖြစ်ပါတယ်"

ဒါ့အပြင် လူငယ်တွေ ပညာတတ်မြောက်လာရင် အဲဒီပညာကို အများအကျိုးအတွက် အသုံးပြုမှာလား ကိုယ်ကျိုးအတွက်ပဲ အသုံးပြုမှာလားဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်တယ်လို့ ပြောကြားခဲ့သလို အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ အလွတ်ကျက်ဖြေဆိုရတဲ့ ပညာရေးစနစ်ဟာ မှတ်ဥာဏ်ကောင်းရေးအတွက် အတိုင်းအတာတစ်ခုထိ လိုအပ်တာမှန်ပေမယ့် လူငယ်တွေ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားမှုကို အားနည်းစေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်း ၂၀၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း နှစ်သောင်းကျော်ကို ပညာသင်ကြားပေးနေပါတယ်။

အလားတူ ပညာရေးဖွံ့ဖြိုးမှု ပိုမိုနိမ့်ကျနေတဲ့ တိုင်းရင်းသားတွေနေထိုင်ရာ ပြည်နယ်တွေအတွက် ပညာရေးရန်ပုံငွေ သီးသန့်ထားပြီး လှူဒါန်းနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

No comments:

Post a Comment