အရင်အပတ်တွေတုန်းက
စစ်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ကြီး တစ်ယောက်ဆီကို ချမ်းမြသာစည်
လေယာဉ်ကွင်း မြေနေရာပေးဖို့ သမီးတော်ကြီးက တောင်းတာကို မပေးခဲ့တဲ့အတွက်
ဒီမိုကရေစီ အစိုးရ လက်ထက်မှာ နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးနဲ့
လွဲခဲ့တာကို ရေးခဲ့ပါတယ်။ လက်စောင်းထက် သိသလောက်တော့ အဲဒီဗိုလ်ချုပ်ကြီး
တစ်ယောက်ပဲ မတော်ပါဘူး သမီးတော်ရယ်လို့ ပြောခဲ့တာဖြစ်ပြီး အားလုံးကတော့
အာဏာရှင်ကြီးကို ကြောက်လို့ တောင်းသမျှ အကုန်ပေးခဲ့ကြသူ တွေချည်းပါ။
အာဏာရှင်ကြီးက သမီးတော်တွေနဲ့ ပတ်သက်ပြီး ငြိုငြင်ရင် နောက်နေ့တောင်
မဆိုင်းဘဲ ဖြုတ်ထုတ်ခဲ့တဲ့ သာဓကတွေက ရှေ့မှာရှိခဲ့တာကိုး။
ပြီးတော့ သမီးတော်တွေ တစ်ကယ် တောင်းမတောင်းဆိုတာကလည်း သွားမေးလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ သမီးတော်တွေကပဲ တကယ်တောင်းတာလား၊ သမီးတော်တွေ နာမည်ခံပြီး သူများက ကြားထဲက အချောင်ဝင်နိုက်သွား သလားဆိုတာ သိချင်လို့ မေးချင်ဦးတော့၊ ဘယ်သူ့မှ အကောင်းမြင်စိတ် မထားတတ်တဲ့ သမီးတော်တွေက ဒီလူကြီးက ဘာလို့ လာမေးနေတာလဲ၊ ငါတို့ကို ပေးရတာ မကျေနပ်လို့လားဆိုပြီး ဖမခည်းတော် ဘ၀ရှင်မင်းတရားကြီးကို သွားတိုင်ရင် အားလုံး ဒုက္ခတွေ့ ကုန်မှာလေ။ ဒါကြောင့် တစ်ချို့ ကိစ္စတွေမှာ သမီးတော်တွေ အမှန်မတောင်းပါဘဲ၊ သမီးတော်တွေ နာမည်သုံးပြီး လုပ်စားသူတွေက လုပ်စားသွားကြပါတယ်။ ဒီတစ်ပတ် ရေးမှာကလည်း အဲဒီအထဲက ကိစ္စရပ်လေး တစ်ခုကို ထုတ်နှုတ် တင်ပြသွားမှာပါ။
မြေနီကုန်းမှာ အရင်ခေတ်က ဟိုတယ်ခရီး ၀န်ကြီးဌာနပိုင် မြေတစ်ကွက် လမ်းမတန်းမှာ ရှိပါတယ်။ ဆိုရှယ်လစ်ခေတ်က အရက်တောင် အစိုးရထုတ်တာ မဟုတ်ရင် မှောင်ခိုလို့ သတ်မှတ်ထားတော့ အစိုးရ အရက်ဖြူဆိုင်တွေက နေရာတကာ မှိုလိုပေါက် နေတာပေါ့။ မြေနီကုန်းမှာလည်း အခု ဂမုန်းပွင့် ကုန်တိုက်ဘေးမှာ ပေ ၈၀ မျက်နှာစာရှိတဲ့ မြေတစ်ကွက်ဟာ စားဖျော်ရဲ့ အရက်ဖြူဆိုင် ဖြစ်ပါတယ်။ ခေတ်တွေစနစ်တွေ ပြောင်းပြီး အစိုးရရဲ့ အရက်ဖြူကို ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်တော့တဲ့ အချိန်မှာ အဲဒီဆိုင်လဲ ပိတ်လိုက်ရပါတယ်။ လွတ်နေတဲ့ အဲဒီမြေနေရာကို ထိုစဉ်က ဟိုတယ်ခရီး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဘက ရွှေကမ္ဘာ မောင်မောင်ကိုပေးဖို့ လုပ်နေချိန်မှာပဲ ၁၉၉၇ ခုနှစ် အောက်တိုဘာလမှာ ၀န်ကြီး ဖြစ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို အာဏာရှင်ကြီးက အနားပေး လိုက်ပါတယ်။ န၀တကိုလည်း ဖျက်သိမ်းပြီး သူ့ရဲ့ တပည့်တပန်းတွေ၊ သူ့ကသေဆိုသေ ရှင်ဆိုရှင်မဲ့ သူတွေနဲ့ နယကအဖွဲ့ ပြန်ဖွဲ့လိုက်ပါတယ်။ အဲဒီမှာတင် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဘက ပေးမဲ့သူလည်း မရတော့ဘူးပေါ့။
ဒီနောက်မှာ ဟိုတယ်ခရီး ၀န်ကြီးရာထူးကို ဆက်ခံတဲ့ ဗိုလ်ချုပ် စောလွင် လက်ထက်မှာတော့ ဘယ်သူမှ မတောင်းရဲကြဘူး။ ဒီလူကြီးက အပြောကြမ်း ပါးစပ်ကြီး။ သိသမျှကိုလည်း ၀မ်းထဲမှာ မျိုမထားဘဲ လူရှေ့မရှောင် သူရှေ့မရှောင် ပြောတတ်တဲ့သူကြီးဆိုတော့ သူ့လက်ထက်မှာ ဟိုတယ်ခရီးက မြေနေရာတွေ လုပ်ငန်းတွေကို အကြံအဖန်သမားတွေက မထိရဲ မတို့ရဲကြဘူး။ ဒီလူကြီး အကြောင်း ပြောပြရရင် သံတောင်က တိုက်ခိုက်ရေး သင်တန်းကျောင်း ဖွင့်ပွဲမှာ တပ်မတော် အကြီးအကဲတွေကို နေ့လယ်စာနဲ့ ဧည့်ခံပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူးလုပ်တဲ့သူက တပည့်တွေကို စိတ်မချတာလား၊ သူကိုယ်တိုင် ဖားချင်တာလားတော့ မသိဘူး။ ကိုယ်တိုင် ယောက်ချိုဇွန်းကြီးကို လက်တစ်ဖက်က ကိုင်၊ လက်တစ်ဖက်က ဟင်းချိုလိုက်ပွဲကြီး ကိုင်ပြီး ဟင်းရည်တွေ လိုက်ထည့်ပေးပါတယ်။ အဲဒါကိုမြင်ရတဲ့ ဗိုလ်ချုပ်စောလွင်က အဲဒီဒုတိယ တိုင်းမှူးကို ဟေ့ကောင်မင်း တပ်မတော်မှာ အတော်ညာပြီး စားတတ်တာပဲ။ ဒါမင်းလုပ်စရာ အလုပ်လားလို့ လူတွေအားလုံးရှေ့မှာ ဟောက်လိုက်သလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဘက် မျက်နှာမူပြီး ဗိုလ်ချုပ်မှူးကြီး ဒီကောင် တပ်မတော်မှာ ညာစားနေတာ သူရဘွဲ့တောင် ရပြီးပြီ။ အခု ဒီတိုက်ခိုက်ရေးကျောင်း အတွက် ပရိဘောဂတွေကိုလည်း သူ့အမျိုးတွေက သွင်းတာ အတော်ပွသွားပြီးပြီ ပြောလို့ အားလုံး ပါးစပ် အဟောင်းသား ဖြစ်ဘူးပါတယ်။ ဒါကြောင့် ဒီလူကြီးဆိုရင် အတော်များများက လက်ရှောင်ကြပါတယ်။
သူလဲ ဒီလောက်နှုတ်ဖွာတော့ ကြာကြာဘယ်ခံမလဲဗျာ။ အာဏာရှင်ကြီး အကြောင်းလဲ နောက်ဘက်မှာ အတင်းတုတ်တာတွေ ကြားသွားတယ် ထင်ပါတယ်။ သူ့ကို အနားပေးပြီး လူကြီးတွေပေါ် အလွန် အလိုက်သိတတ်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သိန်းဇော်ကို ဟိုတယ် ခရီးဝန်ကြီး ခန့်လိုက်ပါတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ကလဲ စီးပွားရေး မျက်စိ ပွင့်လာတဲ့ အချိန်ဆိုတော့ ဟိုတယ်လုပ်ငန်းတွေစပြီး ခေါင်းထောင်လာချိန်ပေါ့။ တစ်နေ့တော့ ဟိုတယ်ခရီး ၀န်ကြီး ဗိုလ်ချုပ် သိန်းဇော်ဆီကို အာဏာရှင်ကြီးရဲ့ ကိုယ်ရံတော် ဗိုလ်မှူးချုပ် ရောက်လာပါတယ်။ သူကတော့ ရှင်းရှင်းပဲ တောင်းဆိုပါတယ်။ မြေနီကုန်းမှာရှိတဲ့ ၀န်ကြီးရဲ့ ဌာနပိုင် စားဖျော်က အရက်ဖြူဆိုင် နေရာကို သမီးတော်တွေက လိုချင်နေပါတယ်။ အမြန်ဆုံး လွှဲပေးပါပေါ့။
ရှေ့မှာ နည်းပေးလမ်းပြတွေ အများကြီး မြင်ခဲ့ဘူးတဲ့ ၀န်ကြီးကလည်း ချက်ခြင်းပဲ ဌာနကလူတွေကို ဆင့်ခေါ်ပြီး ဒီစားဖျော်ပိုင်၊ နိုင်ငံတော်ပိုင်မြေကို သမီးတော်တွေ အတွက်ဆိုပြီး လွှဲပေးလိုက်ပါတယ်။ အဲဒီမြေလည်းရရော ဘူးသီးတောင် မောင်တောက လာပြီး ရန်ကုန်မှာ သူဌေး လုပ်နေတဲ့ ဘင်္ဂါလီလူမျိုးပိုင် ရှိုင်းဆောက်လုပ်ရေး လက်ထဲ တစ်ခါထဲအပ်ပြီး ဆောက်လိုက်တာ အခုတော့ ဟီးထနေတဲ့ တိုက်ကြီးကို မြင်ရမှာ ဖြစ်တယ်။ မြေညီထပ်မှာတော့ တာယာဆိုင်တွေနဲ့ အကျအနပေါ့ဗျာ။ နောက်ပိုင်းမှာတော့ ပွစိပွစိ အသံတွေ ကြားရတာပါပဲ။ အဲဒီကိုယ်ရံတော် ဗိုလ်မှူးချုပ်က သမီးတော်တွေ နာမည်သုံးပြီး အဲဒီသူနဲ့ စီးပွားဖက် ဘင်္ဂါလီကို ပေးချင်လို့ လုပ်သွားတယ်တို့ ဘာတို့ပေါ့။ ဘာလို့လဲဆိုတော့ အဲဒီကိုယ်ရံတော်က ဘင်္ဂါလီတွေကို နိုင်ငံတော် သူဌေးကြီးတွေ ဖြစ်အောင် လုပ်ပေးခဲ့တဲ့ အထင်ကရ ပုဂ္ဂိုလ် ဖြစ်နေလို့ပါပဲ။ အဲဒီ ရှိုင်းဆောက်လုပ်ရေး နဲ့ပေါင်းပြီး နေပြည်တော်က လူနေရပ်ကွက်၊ နှစ်ထပ်ထက် ပိုမြင့်တဲ့ အဆောက်အဦး မဆောက်ရဆိုတဲ့ နေရာမှာလဲ လေးထပ်ရှိတဲ့ ဟိုတယ် ဆောက်ခဲ့သူလည်း ဖြစ်တယ်။ အဲဒီတုန်းက မေးခွင့်မရခဲ့ပေမဲ့ အခု ဒီနေရာကနေ မေးလိုက်ချင်ပါတယ်။ အဲဒီမြေနေရာကို သမီးတော်တွေ တကယ်ယူသွားတာလား၊ ကိုယ်ရံတော် ဗိုလ်မှူးချုပ်က သူ့အကျိုးစီးပွား အတွက် လက်ရဲ ဇက်ရဲ အကွက်ထွင်သွားသလား ဆိုတာ သိတဲ့သူတွေရှိရင် ပြောပြကြစမ်းပါဗျာ။
လက်စောင်းထက်
http://www.tomorrow.com.mm/?q=articles/1314

No comments:
Post a Comment