Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ကိုယ်ဟာ ကိုယ့်သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်းဟုတ်မဟုတ် ဒီအချက်တွေက ပြောပြနိုင်

ကိုယ့်သူငယ်ချင်းတွေအပေါ်မှာ ကိုယ်ဟာ သိပ်ကောင်းတဲ့ သူငယ်ချင်းကောင်းလား။ ဒီအဖြေဟာ ရက်စ် နဲ့ နိုး နှစ်ခုတည်းက ရွေးရမယ်ဆိုရင် ကောင်းသလိုလို၊ မကောင်းသလိုလို ဖြစ်နေတယ်ဆိုတဲ့ အဖြေမျိုးသား ကြားရတာ များပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ့်ကြောင့် သူငယ်ချင်းတွေ စိတ်အနှောင့်အယှက်ဖြစ်ရတာ များလာတဲ့အခါမှာတော့ ကိုယ့်ဘက်က အနည်းငယ် ဆင်ခြင်သင့်တာလေးတွေ ဆင်ခြင်ပေးရမှာပေါ့။ ဒီတော့ ကိုယ်ဟာ သူတို့အပေါ် သူငယ်ချင်းကောင်းဖြစ်မဖြစ် ဒါလေးတွေ အရင်ဖတ်ကြည့်လိုက်ပါဦး။
၁။ချိန်းတိုင်း အမြဲတမ်း နောက်ကျနေတတ်သူ
တစ်နေရာသွားဖို့ ချိန်းပြီဟေ့ဆိုရင် သူငယ်ချင်းတွေအားလုံးက ကိုယ့်ဆီကို ဖုန်းအခါတစ်ရာလောက်ဆက်ပြီး နှိုးရတာကတစ်မျိုး၊ နောက်ကျမနေအောင် လိုက်ပြောဆိုနေရတာကတစ်မျိုး၊ ဒါတောင် သူတို့ဖုန်းမဆက်တဲ့နေ့ဆို ကိုယ့်ကြောင့် သွားမယ့်လာမယ့်ကိစ္စတွေ ပျက်သွားတာမျိုး ကြုံဖူးတယ်ဆိုရင်တော့ သင်ဟာ သူတို့အတွက် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ သူငယ်ချင်းမျိုးပါပဲ။
၂။တစ်ချိန်လုံး လိုအပ်ချက်တွေများပြီး အကူအညီတောင်းနေတတ်သူ
သူငယ်ချင်းဆိုတာ မရှိအတူ၊ ရှိအတူ ဆိုတာမှန်ပါတယ်။ ကိုယ်အခက်အခဲဖြစ်နေတဲ့အချိန် ကိုယ့်ကို ကူညီဖေးမတတ်တာလည်း သူငယ်ချင်းတွေပါပဲ။ ဒါပေမယ့် ဒီလူတွေနဲ့စခင်ကတည်းက ခုချိန်ထိ တစ်ခုမဟုတ်တစ်ခု အကူအညီ တောင်းတတ်ဆုံးက ကိုယ်ဖြစ်နေမယ်ဆိုရင်တော့ ရေရှည်မှာ သူတို့ကိုယ်နဲ့ပေါင်းချင်ပါတော့မလား။ ဒါကို စဉ်းစားကြည့်ပါ။
၃။သူငယ်ချင်းဆိုတာ အားလုံးအတူတူဖြစ်နေရမယ်လို့ တွေးနေတတ်သူ
လူတွေဟာ ပြောင်းလဲတတ်ကြပါတယ်။ စိတ်ဓာတ်အနေအထား မပြောင်းလဲသွားဘူးဆိုရင်တောင် သူတို့ရဲ့ နေ့စဉ်ဘ၀တွေက ပြောင်းလဲမှုတွေရှိနေတာပါပဲ။ ဥပမာ ကိုယ်က ဒီတက္ကသိုလ်တက်လို့ ကိုယ့်သူငယ်ချင်းကပါ ဒီဟာပဲ လိုက်တက်ရမယ်၊ ကိုယ်က ဒါလုပ်လို့ သူလည်း ဒါပဲလုပ်ရမယ် ဆိုတဲ့ အယူအဆမျိုးကတော့ မရှိသင့်ပါဘူး။ ဒီလိုအတွေးအခေါ်၊ အတ္တမျိုးတွေ ပိုင်ဆိုင်ထားမယ်ဆိုရင် ကိုယ့်အတွက် ကိုယ်တွေးပြီး ကိုယ့်သူငယ်ချင်းအတွက် တွေးပေးရာ မရောက်တော့ဘူးဆိုတာ သိသာသွားပါပြီ။
၎။စကားများသူ
မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ ကိုယ်ပြောချင်ရာတွေကို စွတ်ပြောနေတတ်တဲ့သူဆိုရင် တစ်ဖက်က သူငယ်ချင်းတွေက နားထောင်ရုံသက်သက်ပဲလားဆိုတာ စဉ်းစားပါ။ သူတို့ရဲ့အချိန်တွေကို ဖဲ့ပြီး သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးဖို့ ရောက်လာကြပေမယ့် ကိုယ်ပြောတာချည်း နားထောင်ပြီး ဘယ်သူကမှ ပြန်မသွားချင်ပါဘူး။ အားလုံးပြောကြ၊ ဆိုကြ၊ ရယ်မောကြ ဒီလိုဘ၀မျိုးကို လိုချင်မှာပဲလေ။
၅။ဘာအစီအစဉ်မှ မလုပ်တတ်သူ၊ လုပ်ဖို့ဝန်လေးသူ
ကိုယ်က သူငယ်ချင်းတွေကို အပြင်ခေါ်ထုတ်ဖို့ ဦးဆောင်တတ်သူ၊ အကြံပေးတတ်သူလား၊ သူတို့ ဖုန်းဆက်ခေါ်တာကိုပဲ အမြဲစောင့်နေတတ်သူလား စဉ်းစားပါ။ ဒီတစ်ခါ ဘာလုပ်ကြမယ်ဆိုတာမျိုး တစ်ခါမှ ၀င်မစီစဉ်ဖူးဘူးဆိုရင်တော့ ကြာရင် သူငယ်ချင်းတွေက မင်းကတော့ အမြဲအခန့်သား၊ နင်ကတော့ ငါတို့စီစဉ်လိုက်တာနဲ့ အေးဆေးပါလာတတ်တာပဲ ဆိုတဲ့ အတွေးမျိုးတွေ ၀င်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
Ref:yourtango.com
http://www.trend.com.mm/2015/01/14/lifestyle-5483

No comments:

Post a Comment