Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

၂၀၁၅ ခုနှစ်၏ ပထမဆုံး လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သော ဘိုကိုဟရမ် အဖွဲ့၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု



Abubakar Shekau (center), leader of Nigerian terrorist group Boko Haram, and his comrades have captured a territory in northeastern Nigeria the size of Maryland and have extended their operations to Cameroon and Niger.  


 
ကိုကိုဟန်

နိုင်ဂျီးရီးယား နိုင်ငံ ချဒ်ရေကန် ကမ်းခြေရှိ ဘာဂါမြို့ ဈေးကို ဘိုကိုဟရမ် အဖွဲ့က ဗုံးပစ် လောင်ချာများ၊ သေနတ် ပစ်ခတ်မှုများ နှင့် ဗုံးပေါက်ကွဲမှု များဖြင့် နံနက်ခင်း ဈေး အရောင်းအဝယ် စည်ကားချိန်ကို ဖြိုခွင်းပစ် လိုက်သည်။

၎င်း တိုက်ခိုက်မှုသည် ၂ဝ၁၅ ခုနှစ်တွင် လူအသေ အပျောက် အများဆုံးသော အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ခဲ့သည်။ စိုးရိမ် ထိတ်လန့် နေသော ဘာဂါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ နေ ပြည်သူ များသည် ချုံပုတ်များ ရှိရာသို့ ပြေးလွှား ပုန်းအောင်း နေရာယူ ကြသည်။ ထရပ်ကားများ ပေါ်တွင် အသင့် ယူလာသည့် မော်တော် ဆိုင်ကယ် များဖြင့် သေနတ်သမား များသည် ထွက်ပြေး သွားသော လူများနောက်သို့ လိုက်လံ ပစ်ခတ် ကြကြောင်း သိရသည်။ အချို့သည် ထွက်မပြေးဘဲ အိမ်တွင်း၌ ပုန်းနေကြ သဖြင့် အိမ်များ မီးလောင်ကာ အရှင် လတ်လတ် မီးရှို့သတ်ခံ ကြရပြီး ချဒ်ရေကန်ကို ဖြတ်၍ အိမ်နီးချင်း ချဒ်နိုင်ငံ ဘက်သို့ ရေကူး ထွက်ပြေးရန် ကြိုးစားသူ များလည်း ရေနစ် သေကြ ရသည်။

သေနတ်သံများ ငြိမ်သက် သွားပြီးနောက် သေဆုံးသူမှာ ရာဂဏန်းမှ ၂ဝဝဝ အထိရှိပြီး လူသေ အလောင်း များသည် နေရာတိုင်းတွင် မြင်မကောင်း အောင် ကျန်နေ ခဲ့ကြောင်း သိရသည်။ တနင်္လာ နေ့တွင် လူသေ အလောင်းများ အနီးအနား တောချုံပုတ် များတွင် ဒီအတိုင်းပင် ရှိနေ သေးသည်။ ''တောထဲက အလောင်း တွေကို ကောက်ယူ သင်္ဂြိုဟ်ဖို့ ကလည်း အန္တရာယ်က ရှိနေ သေးတယ်'' ဟု ဘာဂါမြို့ ဒေသခံ အစိုးရ အဖွဲ့ဥက္ကဋ္ဌ မူဆာဘူကာ က ပြောသည်။

ကယ်ဆယ်ရေး လုပ်သားများ အနေဖြင့် ကျေးရွာ များတွင် ဘိုကိုဟရမ် အဖွဲ့များ ရှိနေသေး သဖြင့် မသွားရောက် နိုင်ကြကြောင်း နှင့် ဘာဂါမြို့ကို ဘိုကိုဟရမ် အဖွဲ့က သိမ်းပိုက် ထားကြောင်း မြောက်ပိုင်း ဘော်နိုပြည်နယ် ၏ အထက် လွှတ်တော် အမတ် မယ်နူမားဂျီ လာဝမ် က ပြောသည်။

၂ဝဝ၉ ခုနှစ် ကတည်းက နိုင်ဂျီးရီးယား မြောက်ပိုင်းကို ဘိုကိုဟရမ် အဖွဲ့က ပုံမှန် အကြမ်းဖက် တိုက်ခိုက် နေခဲ့သည်။ ရဲစခန်း များကို တိုက်ခိုက်သည်။ အစိုးရ အဆောက် အအုံများ၊ စာသင်ကျောင်းများ၊ ဘုရားရှိခိုး ကျောင်းများ နှင့် အရပ်သူ၊ အရပ်သား များကို ဗုံးခွဲတိုက်ခိုက် ခဲ့သည်။

ယင်း အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုသည် နိုင်ဂျီးရီးယား နိုင်ငံအား တင်းကျပ်သော ရှာရီယာ ဘာသာရေး ဥပဒေပုံစံ အတင်း အဓမ္မ သွတ်သွင်းရန် ရည်ရွယ်ချက် ရှိကြောင်း သိရသည်။ နိုင်ဂျီးရီးယား မြောက်ပိုင်း တွင် မွတ်စလင် အများစု နေ၍ တောင်ပိုင်း တွင် ခရစ်ယာန် အများစုနေထိုင် ကြသည်။

ဘိုကိုဟရမ် အဖွဲ့၏ ရက်စက်သော နည်းဗျူဟာ တိုက်ခိုက်နည်း များကို ကမ္ဘာက ထိတ်လန့် သွားခဲ့သည်။ ဧပြီလက ကျောင်းသူ ၂ဝဝ ကျော်ကို အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားခြင်း တစ်ခု အပါအဝင် ဖြစ်သည်။ ယင်းသို့ ခေါ်ဆောင် သွားသော ကျောင်းသူ ၂ဝဝ ကျော်မှာ ယနေ့တိုင် ပျောက်ဆုံး နေဆဲဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့က အသက် ၁ဝ နှစ်ခန့်ရှိ မိန်းကလေး တစ်ဦး၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲ ပစ္စည်းများကို ပတ်လျက် နိုင်ဂျီးရီးယား ၌ လူစည်ကား သော ဈေးတစ်ခုတွင် ဖောက်ခွဲ ပစ်လိုက်ရာ လူ ၂ဝ ခန့် သေဆုံးခဲ့ ရသည်။ မည်သူ တစ်ဦး တစ်ယောက်မှ ၄င်းတို့ လက်ချက် ဟု မပြောသော်လည်း ဘိုကိုဟရမ် တို့သည် သာလျှင် အဓိက လက်သည် တရားခံများ ဖြစ်ကြသည်။ ယခု ဇန်နဝါရီ လဆန်းတွင် တိုက်ခိုက်မှု ပမာဏ အတိုင်းအတာမှာ လူပေါင်း ရာချီ သေကြရသည်။ ဇန်နဝါရီ ၃ ရက်က တိုက်ခိုက်မှု စတင်ခဲ့ရာ ရုံးပိတ်ရက် နှစ်ရက် ဆက်တိုက် တိုက်ခိုက် နေဆဲဟု ဒေသခံ များက ပြောသည်။

ဘိုကိုဟရမ်တို့ ကျူးလွန်သော ရာဇဝတ်မှု အသစ်တိုင်း သည် ရက်စက်မှုတွင် နောက်ဆုံး အခြေအနေ ထက်ပင် ကျော်လွန် လာသည်။ ဘိုကိုဟရမ် လှုပ်ရှားသော နေရာ ပတ်ဝန်းကျင် များ၏ တိုက်ရိုက် ခံစားရသော အကျိုးဆက်များ ဖြစ်သည်။ အချိန်တိုင်း သူတို့က လူ အမြောက်အမြား ကို သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်း နှင့် အမျိုးသမီးနှင့် ကလေးများကို ကျွန်ပြုခြင်းများ ပြုလုပ်ကြသည်။ သူတို့ အတင့်ရဲ သည်ထက် ရဲလာကြပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ကော်မရှင်နာ မင်းကြီး၏ အထူး ကိုယ်စားလှယ် အင်ဂျလီနာ ဂျိုလီ ၏ ကြေညာချက် တွင် ဖော်ပြ ထားသည်။ အင်ဂျလီနာ ဂျိုလီ က အမေရိကန် ပြည်ထောင်စု နှင့် အခြားနိုင်ငံများအား နိုင်ဂျီးရီးယား နိုင်ငံကို သက်သေခံ ပစ္စည်းများ စုဆောင်း၍ ဤ အကြမ်းဖက်မှု များကို ကျူးလွန်ကြ သူများအား တရား ဥပဒေအရ အရေးယူ နိုင်အောင် အကူအညီ များ ပေးကြပါရန် တိုက်တွန်း လိုက်သည်။

Amnesty International ကလည်း လူများ အစုလိုက်၊ အပြုံလိုက် အမြောက်အမြား  သတ်ဖြတ် နေသော ဘိုကိုဟရမ် အား အရေးယူပေးရန် တောင်းဆို လိုက်သည်။ Amnesty International အဖွဲ့၏ နိုင်ဂျီးရီးယား သုတေသီ ဒန်နီယယ်အိုင်ယား က အကယ်၍ ယခု သတင်းကြား ရသော ဘာဂါမြို့ကို မီးလောင် တိုက်သွင်းပြီး လူများရာနှင့် ချီ၍ ၂ဝဝဝ ခန့်အထိ သတ်ဖြတ် သည်မှာ မှန်ကန်ပါက ဘိုကိုဟရမ် သည် ရှေ့ဆက်၍ သွေးမြေ ကျအောင် ပို၍ လုပ်ဆောင်သွား လိမ့်မည်ဟု ပြောသည်။

နိုင်ဂျီးရီးယား စစ်တပ်က ဘိုကိုဟရမ် အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုသည် ဘာဂါမြို့ရှိ လက်နက်မဲ့ ပြည်သူများအား လက်နက် အားကိုးဖြင့် သတ်ဖြတ် အနိုင်ကျင့် နေခြင်းမှာ မှန်ကန်ကြောင်း ဖော်ပြခဲ့သည်။

တိုက်ခိုက်ခံ ရစဉ် လူပေါင်း ၃ဝဝဝဝ ကျော် နေရာ ရွှေ့ပြောင်း ခဲ့ရာ လူ ၂ဝဝဝဝ မှာ မယ်ဒူဂူရီ တွင် တဲများထိုး၍ စခန်းချ နေကြရသည်။ နောက်ထပ် လူ ၁ဝဝဝဝ ကို ဘာဂါမြို့မှ ၃၆ မိုင်ဝေးသော မွန်ဂူနိုမြို့ မှ သယ်ဆောင် လာခဲ့ကြ ရသည်။

မိုက်အိုမာရီ ဆိုသူ အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့် ရ ပုဂ္ဂိုလ်ကလည်း နိုင်ဂျီးရီးယား တပ်များ ဘိုကိုဟရမ် တို့နောက်သို့ လိုက်လံ တိုက်ခိုက် နေကြောင်း ပြောသည်။ လုံခြုံရေးတပ် များက ချက်ချင်း တုံ့ပြန် ခဲ့ကြပြီး အရေးပါသော စစ်လက်နက် များဖြင့် တပ်ဖြန့် ထားကြကာ လေကြောင်းမှ တိုက်ခိုက် မှုများကိုလည်း ပြုလုပ်နေကြောင်း ၄င်းက ပြောသည်။ အကြမ်းဖက် သမားများ လက်မှ ထို နယ်မြေကို ပြန်လည် သိမ်းပိုက်ရန် အစိုးရတပ် များက စစ်ဆင်ရေး စတင် နေကြောင်း သိရသည်။

ထို့ကြောင့် နိုင်ဂျီးရီးယား ပြည်သူများသည် သောင်းကျန်းမှုကို အမြစ်ပြတ်အောင် မနှိမ်နင်းသည့် သမ္မတ ဂွတ်လပ် ဂျိုနာသန် ၏ အစိုးရကို ပြစ်တင်ဝေဖန် စွပ်စွဲမှုများ လည်း ရှိနေသည်။ သို့ဖြစ်၍ ဘိုကိုဟရမ် အဖွဲ့၏ လုံးဝ လက်ခံနိုင်စရာ မရှိသော အပြစ်မဲ့ ပြည်သူများ အပေါ် ရက်စက် ကြမ်းကြုတ်စွာ တိုက်ခိုက် သတ်ဖြတ် နေခြင်းအား သိရှိနိုင်ပါရန် ဖော်ပြလိုက်ရ ပါသည်။

2,000 feared killed in 'deadliest' Boko Haram attack in Nigeria

Boko Haram kills hundreds; the world barely shrugs

Boko Haram poses huge danger to Africa’s most populous country

https://www.youtube.com/watch?v=U8rxIjHHkBU

https://www.youtube.com/watch?v=ZwHf2c6sqN8

https://www.youtube.com/watch?v=8Gre_qmBWkw

#PyiChitThar

No comments:

Post a Comment