Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ကုလသမဂ္ဂ၏ တိုက်တွန်းချက်အား ပြည်တွင်း အင်အားစုများနှင့် ပူးပေါင်း ခုခံသွားမည်ဟု ဒေါက်တာ အေးမောင် ပြောကြား


စစ်တွေ၊ ဇန်န၀ါရီ ၂။

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တိုက်တွန်းမှုအား ပြည်တွင်း အင်အားစုများနှင့် ပူးပေါင်း၍ ခုခံသွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က Rakhine News Agency သို့ပြောသည်။

“ကျွန်တော်တို့ရဲ့ သမိုင်းပေး အခြေအနေအရ ကျွန်တော်တို့လူမျိုး တည်တံ့ ခိုင်မြဲဖို့ အတွက် အချုပ်အခြာ အာဏာရဲ့ ရပိုင်ခွင့် အရ ကျွန်တော်တို့ ပြည်တွင်း အင်အားစု တွေနဲ့ ညီညီညွတ်ညွတ် ခုခံသွားမှာဖြစ်တယ်” ဟု ဒေါက်တာအေးမောင် ကပြောသည်။

ဒီဇင်ဘာ ၃၀ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာအစိုးရ အနေဖြင့် လူနည်းစု ရိုဟင်ဂျာ (မူရင်းအသုံးအနှုန်း) များကို နိုင်ငံသား ဖြစ်ခွင့်ပြုရန် နှင့် ညီမျှသည့် အခွင့်အရေးများ ပေးရန် တိုက်တွန်းချက်အား အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။

ယင်းတိုက်တွန်းချက်အား အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃နိုင်ငံ တက်ရောက်သည့် ညီလာခံအတွင်း အများဆုံးဖြတ်ချက်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၂ခုနှစ်က ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်များအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ရိုဟင်ဂျာ (မူရင်းအသုံးအနှုန်း) တစ်သိန်းလေးသောင်းကျော်မှာ ညစ်ပတ်နေသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရပြီး အထူးစိုးရိမ်စရာ အခြေအနေဖြစ်နေသည်ဟု ယင်းတိုက်တွန်းချက်တွင် ဖော်ပြထားသည်။

“ကုလသမဂ္ဂအနေနဲ့ ဒီပုဂ္ဂိုလ်တွေ ဘယ်ကလာသလဲ ဆိုတဲ့ ဇာစ်မြစ်ကို တိတိကျကျ မလေ့လာဘဲနဲ့ တစ်နည်းအားဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရဲ့ လူဦးရေ ဖောင်းပွပေါက်ကွဲမှုကို လက်ခံ အသိအမှတ်ပြုခြင်း မရှိဘဲနဲ့ ပြောဆိုခြင်းဟာ ရာစုနှစ်နဲ့ ချီပြီး ဘုရင့်နိုင်ငံ အဖြစ်တည်ရှိ လာခဲ့တဲ့ မျိုးနွယ်စုတစ်ခု ပျောက်ကွယ်သွားအောင် ဆောင်ရွက်သလို ဖြစ်သွားနိုင်တယ် ဆိုတာမျိုးကို သူတို့ဘက်က စဉ်းစားပေးဖို့လိုတယ်။ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး တောင်းဆိုတဲ့ ပုံသဏ္ဍာန်မျိုးဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ အာဏာကို လျစ်လျူရှုရာ ရောက်တယ်။ ဒါက ကုလသမဂ္ဂရဲ့ ပဋိဥာဏ်တွေကို ချိုးဖောက်သလို ခံစားရတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပထ၀ီ အနေအထားအရ တည်ရှိမှု၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်၊ ဥပဒေပြဋ္ဌာန်းပြီး ဥပဒေအရ ကြပ်မတ်ဆောင်ရွက်ပိုင်ခွင့် ကျွန်တော်တို့မှာ ရှိတယ်” ဟု ဒေါက်တာအေးမောင် ကပြောသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသည့် လူမျိုးလုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နိုင်ငံတကာသို့ ပြောကြားထားပြီး ဖြစ်သည်။

“ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ တည်ငြိမ်စ ပြုနေတဲ့ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေ၊ လူမှုရေးအခြေအနေကို ပိုပြီးဆိုးရွားသွားအောင် ဖန်တီးနေတဲ့သဘော ဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ အဲ့ဒါကြောင့် ကုလသမဂ္ဂအပါအ၀င် အဖွဲ့အစည်းများရဲ့ လက်ရှိ ဆောင်ရွက်မှုတွေ အပေါ်မှာ ကျွန်တော်တို့ ရှုတ်ချတယ်” ဟု ဒေါက်တာအေးမောင် ကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်နိုင်ရန်အတွက် ၁၉၈၂ ခုနှစ် တွင်ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား စိစစ်ခြင်းကို ဆောင်ရွက်နေပြီး၊ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် နိုင်ငံသား စိစစ်ခြင်း ကိုလည်း ယခုလအတွင်း စတင်ဆောင်ရွက်ရန် ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်ရှိ ဘင်္ဂါလီများသည် မြန်မာနိုင်ငံသား ဖြစ်လာရန်အတွက် ရှေးဦးစွာ နိုင်ငံသားဖြစ်ခွင့် လျှောက်လွှာဖြင့် လျှောက်ထားရန် လိုအပ်သည်။ နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီများသည်
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီပါက နိုင်ငံသားအခွင့်အရေးများကို ရရှိမည်ဖြစ်ပြီး၊ ထိုသို့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများသည် ရိုဟင်ဂျာလူမျိုးအဖြစ် လျှောက်ထားပါက ထိုလျှောက်လွှာကို စစ်ဆေးမည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မှ သိရသည်။

Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment