လာမယ့်နှစ် ကွန်ဂိုနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို နှောင့်နှေးကောင်း နှောင့်နှေးစေနိုင်တဲ့ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှုတွေကို တားမြစ်ဖို့ အတိုက်အခံပါတီတွေက ကြိုးစားနေတာကြောင့် မြို့တော် ကင်ရှာဆာ မှာ မနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်သလို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ခဲတွေနဲ့ ပြန်ပစ်ပေါက်ကြပါတယ်။ မြို့တော်ရဲ့ လမ်းတွေပေါ်မှာ ၀တ်စုံပြည့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ နေရာယူထားပြီး သမ္မတရဲ့ လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း တာဝန်ချထားပါတယ်။
ကွန်ဂိုအရှေ့ပိုင်းက အဓိကမြို့ဖြစ်တဲ့ ဂိုမာမြို့မှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသမား ၁၀၀၀ ခန့်ကို ပစ်ခတ်နှိမ်နင်းမှုကြောင့် ၂ ဦးသေနတ်ဒဏ်ရာ ရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
အောက်လွှတ်တော်က သီတင်းပတ်ကုန်ရက်က အတည်ပြုခဲ့တဲ့ ပြန်လည်ဆန်းစစ်ထားတဲ့ ရွေးကောက်ပွဲဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ မနေ့က ပြန်လည်စိစစ်ဖို့ ရှိပါတယ်။ ဒီမူကြမ်းအတွက် နိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူဖို့ လိုအပ်တာကြောင့် ရွေးကောက်ပွဲကို နှစ်ချီ နှောင့်နှေးစေနိုင်လို့ ဆန့် ကျင် ဆန္ဒပြကြတာပါ။
လုံခြုံရေးတပ်တွေက အတိုက်အခံရုံးတွေကို ၀န်းရံထားလို့ လွှတ်တော်ကိုသိမ်းပိုက်ရေး ဆော်သြခဲ့တဲ့ ခေါင်းဆောင်တွေ ဆန္ဒပြပွဲကို မပူးပေါင်းနိုင် ဖြစ်ခဲ့ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါ တယ်။ ဒီပြုပြင်ပြောင်းလဲမှုကို အခြေခံဥပဒေအရ အာဏာသိမ်းမှုလို့ အကဲခတ်တွေက ခေါ်ဝေါ်ပါတယ်။
အစိုးရကတော့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ အစိတ်အပိုင်းလို့ ပြောပါတယ်။ လူဦးရေ ၆၅ သန်းရှိတဲ့ ကွန်ဂိုနိုင်ငံဟာ ဓာတ်သတ္ထုကြွယ်ဝတဲ့ အာဖရိကနိုင်ငံ ဖြစ်ပါတယ်။
ဆယ်စုနှစ်နှစ်ခုကျော်ကြာ ပဋိပက္ခဖြစ်နေတဲ့ အရှေ့ပိုင်းနယ်စပ်က ရ၀မ်ဒါ ဟူတူသူပုန်တွေကို ကွန်ဂိုစစ်တပ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်သိမ်းမှုတပ်ဖွဲတို့က တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှယာ ရွေးကောက်ပွဲဥပဒေနဲ့ ပတ်သက်လို့ တင်းမာခဲ့ကြတာဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/77734
No comments:
Post a Comment