Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

ငြိမ်းချမ်းရေးရဖို့ လက်တကမ်းအလိုမှာ ရောက်နေပြီလို့ သမ္မတ ဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ လက်တစ်ကမ်း အလိုမှာ ရောက်နေပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို မကြာမီ လက်မှတ်ရေး ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က မြစ်ကြီးနားမြို့ မနောကွင်း ဥယျာဉ်မှာ ပြုလုပ်နေတဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောကြား လိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က အခုလို ပြောလိုက်တာပါ။

"ကျနော်တို့ ငြိမ်းချမ်းရေးဟာ ကျနော်တို့နဲ့အတူ ၅၁ သန်းကျော်သော ပြည်သူတွေရဲ့ လိုအပ်ချက်ဖြစ်ပါတယ်၊ ဒါကြောင့်မို့လည်း ငြိမ်းချမ်းရေးရရှိဖို့အတွက် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်၊ ကျနော်တို့ ငြိမ်းချမ်းရေးဟာလည်း ကျနော်တို့ လက်တကမ်းအကွာမှာပဲ ကျနော်တို့ ရောက်ရှိနေပြီဖြစ်ပါတယ်၊ မကြာခင်မှာလည်း ကျနော်တို့ လက်မှတ်ရေးထိုးနိုင်မယ် ကျနော်တို့ ဒါမျှော်လင့်ထားပါတယ်၊ ပြည်သူပြည်သားတွေပါ ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးမှ ဒီငြိမ်းချမ်းရေးဟာ ကျနော်တို့ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေးဟာ မြန်မြန်ဆန်ဆန်နဲ့ ကျနော်တို့ ရမှာဖြစ်ပါတယ်"

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကလည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသခံ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြဖို့ သူ့ရဲ့မိန့်ခွန်းမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က ပေးပို့လိုက်တဲ့ သဝဏ်လွှာတွေကိုလည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့က ဖတ်ကြားခဲ့ပါတယ်။

မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ်မှာ ပြုလုပ်နေတဲ့ ၆၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ တပ်မတော်ထိပ်ပိုင်းအရာရှိတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် သုံးနှစ်ကြာမပြုလုပ်နိုင်ခဲ့တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဒီနှစ်မှာ ပြန်လည်ကျင်းပခဲ့တာပါ။

ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး မငြိမ်းချမ်းသေးတဲ့အတွက် မနောပွဲတော်မကျင်းပဖို့ ကချင်ပြည်နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဖိအားပေးကန့်ကွက်မှုတွေရှိခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားကို ပြည်နယ်အတွင်းက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့တွေအပါအဝင် ဒေသခံပြည်သူ ငါးသောင်းကျော်တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment