Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

စစ်ကိုင်းမြို့နယ် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ မြစ်ကမ်းပါးယံ ပြို ကျရာမှ ရှေးဟောင်းလှေကြီးတွေ့ရှိ


မင်းကွန်း၊ ဇန်နဝါရီ ၉

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လည်ပတ် လေ့လာ လျက်ရှိနေသည့် စစ်ကိုင်း မြို့နယ် မင်းကွန်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ဇန်နဝါရီ ၄ရက်က ဧရာဝတီ မြစ်ကမ်းပါး ပြိုကျရာမှ ရှေးဟောင်း လှေကြီး တစ်စီးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းလှေကြီးကို မင်းကွန်းဘိုးဘွား ရိပ်သာဆိပ်ကမ်း (ဖောင်တော်သီဆိပ်) ရေဝဲကယက်အနီးရှိ မြစ်ကမ်းပါးယံ ပြိုကျရာမှ တွေ့ရှိကြခြင်းဖြစ်ကြောင်း၊ သစ်ထွင်းလှေကြီးဖြစ်ပြီး ရေအောက်ရွှံနွံထဲတွင် နစ်မြုပ်လျက်ရှိကာ လှေ၏နောက်မြီးပိုင်း အနည်းငယ်သာ ရေပေါ်တွင် ပေါ်ထွက်လျက် ရှိနေကြောင်း၊ အဆိုပါလှေကြီးကို စတင်တွေ့ရှိစဉ်က သစ်တုံးကြီးထင်မှတ်၍ ဆယ်ယူရန်ပြင်ဆင်ရာမှ လှေကြီးဖြစ်နေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ရေတွင်နစ်မြုပ်နေသည့် အဆိုပါလှေကြီးအား စမ်းသပ်ကြည့်ရာ စောက်နှင့် လှေဝမ်းအကျယ်မှာ နှစ်တောင်ခန့်ရှိကြောင်း၊ အလျားပေနှစ်ဆယ်ခန့်အထိ စမ်းတွေ့မိပြီး ကျန်အပိုင်းမှာ မြေအောက်တွင် နစ်မြုပ်လျက်ရှိနေကြောင်း၊ ရှေးဟောင်းလှေကြီးအား မင်းကွန်းလေးဌာနဆရာတော်ကြီးများက ဖော်ယူထိန်းသိမ်းသွားမည်ဟု သိရသည်။

''ဘိုးတော်ဘုရားလက်ထက် နန်းတော်ကျွန်းကနေ ခေါင်းလောင်းကြီးကို သယ်ယူတုန်းက အသုံးပြုခဲ့တဲ့ လုပ်ငန်းသုံးလှေကြီး ထင်တာပဲ။ ရွှေချထားတာတွေ၊ အမွှန်းအပြောက်တွေ မပါတဲ့အတွက် မင်းစီးလှေတော့ ဟုတ်ဟန်မတူဘူး။ စို့သံကြီးတွေနဲ့သစ်သားပြားတွေကို တွဲထားတယ်လို့ သိရတယ်။ လှေကြီးပေါ်ထွက်နေတဲ့နေရာက ဝဲရှိတော့ ရေစီးသန်တယ်'' ဟု မင်းကွန်းမှ ပန်းချီဆရာဆရာကိုစုက ပြောသည်။

ဧရာဝတီမြစ်ရေကျဆင်းသဖြင့် အဆိုပါ နစ်မြုပ်ရှေးဟောင်းလှေကြီး ပေါ်ထွက်နေသည့်နေရာ၏ အထက်ဘက်ပေ ၃ဝ ခန့်အကွာ မြစ်ကမ်းစပ်တွင် စကျင်ကျောက်နှင့်ပြုလုပ်ထားသည့် ရှည်မျောမျော ကျောက်တုံးကြီးနှစ်တုံးလည်း ပေါ်ထွက်လာရာ ဒေသခံများက မင်းကွန်းခြင်္သေ့ကြီးများ၏ ခြေသည်း လက်သည်းများဖြစ်သည်ဟု ပြောပြကြသည်။ မြစ်ကမ်းစပ်တွင်ပေါ်ထွက်လာသည့် စကျင်ကျောက်တုံး ကြီးများမှာ နာမည်ကျော် မင်းကွန်းခြင်္သေ့ကြီးများ၏ ခြေသည်း လက်သည်းများ ဖြစ်ပါက သက်ဆိုင်ရာမှ စနစ်တကျဖော်ယူ ထိန်းသိမ်းသင့်ကြောင်း ဒေသခံများ ကပြောသည်။

နန္ဒာမင်းလွင်
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment