Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ဗီဒီယို အကြိုခံစားခြင်း

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်ဟာသဇာတ်ကားလေး တစ်ကားအကြောင်း ညွှန်းပေးလိုက်ပါတယ်။

ကဝိက သူတို့ရပ်ကွက်မှာ ရာအိမ်မှူး ရာထူးရထားပါတယ်။ အရင်က ဆယ်အိမ်မှူး ဖြစ်ပေမယ့် ရာအိမ်မှူး ရုတ်တရက်ဆုံး သွားတာကြောင့် ရပ်ကွက်က အဲဒီရာထူးကို ရွေးပေးထားတာ ဖြစ်ပါတယ်။ ရာအိမ်မှူး ဖြစ်ပေမယ့် ကဝိက လာဘ်စားတာမျိုးတွေ လည်း မရှိပါဘူး။ ကဝိတို့အိမ်က အပေါင်ခံတဲ့ အလုပ်လုပ်ပါတယ်။ အဲဒါကြောင့် ရပ်ကွက်ထဲက လူတွေကလည်း သူတို့အိမ်နဲ့ကင်းတဲ့လူမရှိပါဘူး။ အဲဒီအကြောင်းအရာတွေကလည်း ကဝိရာအိမ်မှူးဖြစ်လာတဲ့ အချက်တစ်ခုပါ။ ရာအိမ်မှူးဖြစ်တာကြောင့် သူတို့ရပ်ကွက်ထဲမှာရှိတဲ့ လူမျိုးစုံရဲ့ ပြဿနာတွေကိုလည်း လိုက်ပြီးဖြေရှင်းနေတာနဲ့ပဲ အချိန်ကုန်နေပါတယ်။
အိမ်စီးပွားရေးကိုလည်း ညီမဖြစ်တဲ့သူက လုပ်နေတာကြောင့် ကဝိကရပ်ကွက်အတွက်ပဲ အချိန်ပေးထားပါတယ်။ တစ်ရက်မှာအပေါင်ဆိုင် အလုပ်ကို ကဝိကူလုပ်နေတဲ့အချိန် မြမင်းဒင်ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆွဲကြိုးတစ်ကုံးလာပေါင်ပါတယ်။ အခက်အခဲဖြစ်နေတာကြောင့် ကဝိရဲ့ညီမပေးတဲ့ ငွေထက် ငါးသောင်းလောက် ပိုပေးဖို့ပြောနေ တာကို ကဝိကြားပြီး သူ့ညီမကို မြမင်းဒင်တောင်းတဲ့ ပိုက်ဆံပမာ ဏအတိုင်းပေးဖို့ပြောခဲ့ပါတယ်။
တကယ်တော့ ကဝိက မြမင်းဒင်ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့လည်း မြမင်းဒင်က သူတို့ရပ်ကွက်က မဟုတ်ပါဘူး။ ဒါပေမဲ့ ကဝိကသူတို့ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ အိမ်ငှားတင်ဖို့ကိစ္စ စာချုပ်ချုပ်ဖို့သွားရင်း မြမင်းဒင်နဲ့ ပြန်ပြီးဆုံတွေ့ခဲ့ပါတယ်။ မြမင်းဒင်ငှားနေတဲ့ အိမ်က အမျိုးသမီးက ရပ်ကွက်ထဲမှာ  အတင်း ပြောတတ်တဲ့သူတစ်ယောက်ဖြစ်သလို ယောက်ျားကလည်း လောင်းကစားသမား တစ်ယောက်ပါ။
မြမင်းဒင်က တစ်ယောက် တည်းနေတာဖြစ်ပြီး ညကျမှ အလုပ်သွားလေ့ ရှိပါတယ်။ သူ့အလုပ်ကိုလည်း အထည်ချုပ်မှာ လုပ်တယ်လို့ ရပ်ကွက်ကို အသိပေးထားပါတယ်။
ဒါပေမဲ့ စပ်စပ်စုစုနိုင်တဲ့ အိမ်ရှင် အမျိုးသမီးက ညဘက်မှ အလုပ်ထွက်လုပ်တဲ့ မြမင်းဒင်ကို တဖြည်းဖြည်း မယုံသင်္ကာ ဖြစ်လာပြီး မြမင်းဒင်က မကောင်းတဲ့ အလုပ်လုပ်စား သူလို့ရပ်ကွက်ထဲမှာ လျှောက်ပြောထားပါတယ်။
မြမင်းဒင်ကို ယုံတာကတော့ ကဝိတစ်ယောက်ပဲ ရှိပါတယ်။ ကဝိကမြမင်းဒင်ကိုချစ်နေတာကြောင့် ဘယ်ဘဝရောက်နေနေ ခွင့်လွှတ်နိုင်တယ်လို့ ခံယူထားပါတယ်။ ဒါပေမဲ့လည်း ကဝိရဲ့ မိသားစုကတော့ ကဝိကို မြမင်းဒင်နဲ့ လုံးဝသဘောမတူပါဘူး။ ကဝိနဲ့ မြမင်းဒင်တို့ တကယ်ချစ်သူတွေ ဖြစ်သွားမှာလား။ မြမင်းဒင်ကရော ကဝိတို့ရပ်ကွက်ထဲမှာ ဘာလို့လာနေနေတာလဲ။ မြမင်းဒင်ဘာအလုပ်လုပ်တာလဲဆိုတာကိုတော့ခရေဖြူထုတ်လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့လူစုံဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ ကဝိအဖြစ် ပြေတီဦး မြမင်းဒင်အဖြစ် မိုးဟေကိုတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဝိဇ္ဇာရဲ့ ဝတ္ထုကို စိုးခန့်(ကြို့ပင်ကောက်)ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။
7DAY DAILY

No comments:

Post a Comment