Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

စီးပွားရေးဗီဇာဖြင့် အိမ်ငှား နေထိုင်သည့် တရုတ်နိုင်ငံသား များအိမ်တွင် လူသတ်မှုဖြစ်


စစ်ကိုင်း ဇန်န၀ါရီ ၇

စီးပွားရေးဗီဇာ (Business Visa)ဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံသား ၃ ဦး ငှားရမ်း နေထိုင်သည့် အိမ်တွင် အိမ်အကူ အမျိုးသမီး အသတ်ခံရပြီး ကျောက်စိမ်း ပုတီးထုပ်များ ယူဆောင် သွားမှု တစ်ခု ဇန်န၀ါရီ ၅ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့၊ နန္ဒ၀န်ရပ်ကွက် (၁)လမ်းနေအိမ် တွင် ဖြစ်ပွားခဲ့ သည်။

ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နန္ဒ၀န်ရပ်ကွက်၊ အိမ်အမှတ်(၂၂၇)၌ ငှားရမ်းနေထိုင်သည့် တရုတ် နိုင်ငံသား ၃ ဦးနှင့် စကားပြန် တစ်ဦးတို့၏ အိမ်အကူဖြစ်သူ ဒေါ်နှင်းနွယ်(အသက် ၅၀)မှာ အိမ်အတွင်း ရှိ လှေကားရင်း၌ လည်ပင်းတွင် ဓားဒဏ်ရာ များဖြင့် သေဆုံးနေပြီး နေအိမ်အိပ်ခန်း အတွင်းရှိ အလေးချိန် (၃၀)ကျပ်သား ရှိသည့် ကျောက်ပုတီးထုပ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၂၀ ကျော်ဖိုး ရှိ) ပျောက် ဆုံးနေ ကြောင်း စစ်ကိုင်းမြို့၊ ဘော်ဂါ ကျောက်ဝိုင်းမှ ပြန်လာသည့် အဆိုပါ တရုတ်နိုင်ငံသားများက တွေ့ရှိခဲ့သဖြင့် စကားပြန်ဖြစ်သူ မဂျာဆိုင်းပန် (ခ)မမေရှမ်းက စစ်ကိုင်းမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။

အိမ်ငှားရမ်း နေထိုင်သည့် တရုတ်နိုင်ငံသား ၃ ဦးမှာ အဆိုပါ အိမ်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကပင် ငှားရမ်း နေထိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တရုတ်နိုင်ငံသားများ အိမ်ငှားရမ်း နေထိုင်မှုမှာ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားချက်နှင့် ကွဲလွဲနေသည့်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် နှစ်ပတ်ခန့်ကပင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူ သတိပေးခဲ့ဖူးပြီး စစ်ကိုင်းမြို့နယ် လူဝင်ကြီးကြပ်ရေး လ၀ကရုံးသို့ သွားရောက် အကြောင်းကြားရန် ပြောဆိုခံခဲ့ဖူးသူများ ဖြစ်သည်။

လ၀က၏ ညွှန်ကြားချက်အရ Business Visa ဖြင့် လာရောက်သူများမှာ အိမ်ငှားရမ်း နေထိုင်ခွင့် မရှိဘဲ သက်ဆိုင်ရာ ဟိုတယ်၊ တည်းခိုခန်း များတွင်သာ နေထိုင်ခွင့်ရှိကြောင်း သတ်မှတ်ထားသည်။

ယခုလူသတ်မှုနှင့် ပတ်သက်၍ ““သူတို့နေထိုင်တာက တစ်နှစ်လောက် ရှိပြီ။ အိမ်ရှင်ရော၊ သူတို့ ကိုကော ခေါ်ပြောပြီးပြီ။ အိမ်ရှင်က မော်လမြိုင်မှာ ဆိုတော့ လှမ်းပြောရတာပေါ့။ အိမ်ရှင်ကလည်း ကုန်တော့မယ်၊ လကုန်အောင်တော့ စောင့်ပါဦးလို့ဆိုလို့ အဲဒါ တော့ ခင်ဗျားတို့ အပိုင်းပဲလို့ ပြောလိုက်တယ်။ တရုတ်ကောင် ၃ ကောင်ကိုလည်း လ၀ကရုံးကို သွားဖို့ ပြောလိုက်တယ်။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က။ အခုကိစ္စနဲ့ ပတ်သက်ပြီး တော့ ကောင်မလေး မှတ်ပုံတင်ရယ်၊ တရုတ် ၃ ယောက် ပတ်စပို့စာအုပ် သုံးအုပ်ကိုတော့ စခန်းမှူးလ က်ထဲ ထည့်ပေးလိုက်တယ်””ဟု နန္ဒ၀န်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောဦးက မြန်မာသံတော် ဆင့်သို့ ပြောသည်။

တရုတ်နိုင်ငံသားများ အိမ်ငှားရမ်း နေထိုင်မှုကို ““အစ်ကိုတို့ကတော့ အဲဒါကို နောက်ကြောင်း ပြန်ပြီး လိုက်ပြီး စုံစမ်းတာ မလုပ်နိုင်သေးဘူး။ သူတို့ကိုပဲ လောလောဆယ်တော့ မှာထားလိုက်တာပေါ့။ နေလို့မရဘူး။ ဒါပေမဲ့ နေနေလား၊ မနေနေလားဆိုတာ သွားပြီးတော့ စစ်ဆေးတာတို့ ဘာတို့ မလုပ်ရသေးဘူး။ ဒါကလည်း စစ်ဆေး တယ်ဆိုရင် အဖွဲ့ပေါင်းစုံနဲ့ စစ်ဆေး ရတာကိုး။ အစ်ကိုတို့ တစ်ယောက်တည်း သွားစစ်လို့လည်း မဖြစ်ဘူးလေ။ အဲဒါကြောင့် အဲဒီ စစ်ဆေးတဲ့ကိစ္စတော့ မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ အစ်ကိုတို့ သိထားတာကတော့ သူတို့ ယာယီ သဘောမျိုးပဲ။ နေ့ခင်းဘက် ပစ္စည်းထားတယ်။ ပစ္စည်းဆေးတယ်။ ညအိပ် ညနေ မနေဘူးလို့ပဲ သိထားတယ်”” ဟု စစ်ကိုင်းမြို့နယ်၊ လ၀က ဦးစီးမှူး ဦးမိုးဇော်ခိုင်က ပြောသည်။

လတ်တလောတွင် အဆိုပါ လူသတ်မှုနှင့် လုယက်မှု ကျူးလွန်သူ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ (ပ) နံပါတ်(၁၉) ၂၀၁၅၊ ပုဒ်မ ၃၀၂/% ၃၉၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ တရုတ်နိုင်ငံသား ၃ ဦးကိုလည်း စစ်ဆေးလျက် ရှိသည်။

““သက်သေ စစ်ချက်အရ ပါတာပေါ့။ သူတို့ဘက်က ဘယ်လို ဖြေလဲ ဆိုတာတော့ ပြောလို့မရဘူး။ တရားခံက ဖမ်းမမိသေးဘူး။ ကျွန်တော်တို့က စစ်တုန်းဆေးတုန်းပဲ ရှိသေးတယ်””ဟု စစ်ကိုင်း မြို့မရဲစခန်းမှူး ဒုရဲမှူး သိင်္ခ၀င်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment