Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

အမြဲတမ်း နိုင်ငံရေး အလုပ်သမား


နူးညံ့သောမုန်တိုင်း (၂၈)

အမြဲတမ်း နိုင်ငံရေး အလုပ်သမား
••••••••••••••••••••••••••••••

တို့ဗမာအစည်းအရုံး ဌာနချုပ်သည် ၁၉၃၉ခုနှစ်၊ မေလ
၃၀ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ အမှတ် ၂၇၇ မှ ရန်ကုန်
အရှေ့ပိုင်း ရေကျော်လမ်း၊ အမှတ်(၇၆) သို့ ပြောင်းရွှေ့သည်။ ထိုနေရာ
သည် သခင်အောင်ဆန်း၏ နိုင်ငံရေး ရိပ်မြုံဖြစ်လာသည်။ သခင်အောင် ဆန်းသည် သူ၏ဟောင်းနွမ်းသော မွေ့ရာလိပ်နှင့် စာအုပ်သေတ္တာ၂လုံး
အဝတ်အစားသေတ္တာ တစ်လုံးတို့ကို လန်ခြားနှင့် တို့ဗမာအစည်းအရုံး
ဋ္ဌာနချုပ်သို့ သယ်ယူပြောင်းရွှေ့လာသည်။ သူသည် မော်လမြိုင်ညီလာ
ခံမှ ရွေးချယ်ခံရသော တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး
အမြဲတမ်း အလုပ်သမားဖြစ်နေပေပြီ။ သခင်အောင်ဆန်းကို မြင်လျှင်
တက္ကသိုလ်ကျောင်းထွက် ဟူ၍ပင် ယုံနိုင်စရာမရှိချေ။ ခေါင်းစုတ်ဖွား၊
ရှူးသိုးသိုးနှင့် လုံချည်တိုတို ဝတ်ပြီးလျှင် လေယာဉ်ပျံဖိနပ် သော်လည်း
ကောင်း၊ ခုံဖိနပ်သော်လည်းကောင်း စီး၍သာ အမြဲတွေ့ရမည်ဖြစ်သည်။

သခင်အောင်ဆန်းသည် လုံချည်တစ်ထည်ကို ဆယ့်ငါးရက် တစ်လ
ကြာအောင် ဝတ်တတ်သည်။ ဆံပင်ကိုလည်း တစ်လတစ်ခါပင် မညှပ်
ဖြစ်ခဲ့။ အလုပ်ခွင်တွင် ခေါင်းမြှုပ်၍ အလုပ်ဈာန်ပွားသော သခင်အောင်
ဆန်းကို " ခင်ဗျားဆံပင်တွေ မုတ်ဆိတ်တွေ ရှည်လှပါပကော၊ တော
ထွက်မလို့လား၊ လာဗျာ ဆံပင်ညှပ်ဆိုင် သွားညှပ်ရအောင် " ဟု
အပေါင်းအသင်း ရဲဘော်များက ပြောပြောဆိုဆိုနှင့် ဆွဲခေါ်ပြီး ဆံပင်
ညှပ်ဆိုင်တွင် ဆံပင်ညှပ်၊ အမွေးအမှင်များ ရှင်းလင်းသုတ်သင်ခိုင်းကြ
ရသည်လည်း ရှိခဲ့သည်။ သခင်အောင်ဆန်း၏ ဘဝကို စာရေးဆရာ
မြဒေါင်းညိုက ' လမ်းဘေးထမင်းဆိုင်မှာ ဝယ်စားရင်း ဒုက္ကရစရိယာ
ကျင့်နေသောအခါပေတည်း ' ဟု ရေးသား မှတ်တမ်းတင်လေသည်။

သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးတွင် အဆင်းရဲ
ခံနိုင်ဆုံး နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ အစည်းအရုံး၌ အမြဲတမ်း
နိုင်ငံရေးလုပ်သူများအတွက်ထောက်ပံ့ငွေသည်ဘဏ္ဍာရေးကျပ်တည်း
မှုကြောင့် လပေါင်းများစွာ ပြတ်လပ်နေလေ့ရှိရာ ဋ္ဌာနချုပ်ရုံး၌ အလုပ်
လုပ်နေသော သခင်အောင်ဆန်းနှင့် သခင်ခေါင်းဆောင်အချို့သည်
အများအားဖြင့် နံနက်စာကို နပ်မှန်အောင် မစားကြရချေ။ ညစာအ
တွက်မူ ရေကျော်ညဈေးတွင် ထမင်းရောင်းနေသည့် ညီအစ်မနှစ်
ယောက်က နိုင်ငံရေးသမားများအား ကြည်ညိုပြီး အကြွေးပေး၍သာ
စားကြရသည်။ တစ်ခါတစ်ရံ အားနားလှသဖြင့် ဗိုကမှောက်၍ အိပ်
နေလိုက်ကြသည်လည်းရှိသည်။ သခင်အောင်ဆန်းသည် ခေါင်းကို
သ သည်ဟူ၍ မရှိခဲ့။ ထို့ကြောင့် သူ၏ ဆံပင်များသည် ရှေ့သို့ ဖွား
ရရား ကျနေလေ့ရှိပြီး သူ စိတ်ကူးရ၍ ခေါင်းဖြီးသည့် အခါတွင်မူ
မှန်ကြည့်ပြီး မျက်နှာအမူအရာ ပြုံးတုံးတုံး လုပ်နေလေ့ရှိသည်။ သူ့
အိပ်ရာမှာလည်း ဟောင်နွမ်းလှသည့် လွှာချင်းစောင်တစ်ထည်၊
ခေါင်းအုံး ၂လုံးနှင့် လျှော်ဖွပ်လေ့မရှိသော မွေ့ရာခင်းတို့အပြင် ဗလ
ပွကြဲနေသော သတင်းစာစက္ကူအဟောင်းများနှင့် ရောနှောလျက် ရှိ
လေသည်။ သခင်အောင်ဆန်းသည် ဤမျှ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့၊
ဝတ်ရမဲ့မဲ့ ဖြစ်နေစေကာမူ သူ့အား လစဉ်ကြေးလိုသမျှ ထောက်ပံ့
နိုင်သော သူ့မိခင်ကြီးအား ဒုက္ခမပေးချေ။ တစ်ခါမျှသာ သူ့မိခင်ကြီး
ထံ ငွေ ၈၀ိ/ ပေးပို့ရန် စာရေးတောင်းဆိုခဲ့ဖူးသည်း

အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းသည် ဤမျှ
ဆင်းရဲငတ်ပြတ်စွာ နေထိုင်ခဲ့ရသော်လည်း အစည်းအရုံး၏ ငွေထိန်း
ဖြစ်သူ သခင်နုထံမှလည်း " ကျုပ်ထမင်း မစားရသေးဘူး၊ အဲဒါ ပိုက်
ဆံရှာပေးစမ်းပါ။ ကျုပ်တော့ဖြင့် ဆာတယ် " စသည်ဖြင့် တစိကြိမ်
တစ်ခါမျှ ပြောဆိုတောင်းခံခြင်း မရှိချေ။ ဖြစ်သလို နေသွားသည်။
ရောင်းရင်း သခင်တို့က " လာထမင်းစားရအောင်၊ သခင်အောင်
ဆန်းလာပါ " ဆိုမှ ထစားလိုက်သည်။
သခင်အောင်ဆန်းသည် အစားဆင်းရဲမှုကို ညည်းညူခြင်း
မရှိသကဲ့သို့ အနေဆင်းရဲမှုကိုလည်း ညည်းညူးခြင်းမရျိချေ။ ဖြစ်သ
လိုနေသွားသည်။ ဋ္ဌာနချုပ်တွင်နေထိုင်သော အခြားအမှုဆောင်များ
သည် မိမိတို့၏ အိပ်ရာခင်းကို သေသပ်စွာထားလေ့ရှိသည်။ သခင်
အောင်ဆန်းသည် နိုင်ငံရေးကိုသာ အမြဲအာရုံစိုက်နေသူဖြစ်ရာ၊ သူ့
အခန်းတွင် ကြမ်းပိုးများ သောင်းကျန်းနေသည်ကိုလည်း ဂရုမစိုက်၊
အိပ်ချင်လျှင် ဝင်အိပ်၍ အိပ်ပြီးလျှင် ညပီးသည့်အတိုင်း ပစ်ထား
လိုက်သည်။ တစ်ခါက သခင်အောင်ဆန်း၏ အခန်းတွင် နယ်မှ
ဧည့်သည်များ ဝင်အိပ်ဖူးရာ ည ၁၂နာရီခန့်၌ ထိုဧည့်သည်များ
အပြင်သို့ပြောင်း၍ အိပ်ကြရသည်။ သခင်အောင်ဆန်း၏အခန်း
၌ အိပ်မရလောက်အောင်ပင် ကြမ်းပိုးများသောင်းကျန်းနေသော
ကြောင့် ဖြစ်သည်။ သို့သော် သခင်အောင်ဆန်းအဖို့ကား ကြမ်းပိုး
ကိုက်မှုကို လုံးဝ ဂရုမစိုက်ချေ။

ဆက်ပါဦးမည်****

ဗိုလ်ရဲထွဋ်(ရဲဘော်သုံးကျိပ်)နှင့် နိုင်ငံရေးသမားကြီး
များ ကမကထပြုစုသော " အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း " အတ္ထုပ္ပတ္တိစာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Than Win Thu

No comments:

Post a Comment