Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဂျာအေးသူ့အမေရိုက် ဆွေးနွေးပွဲနှင့် ပလ္လင်ပေါ်က နိုင်ငံရေး

ရှေ့မီနောက်မီ ၀ါရင့်နိုင်ငံရေး သမားကြီးတစ်ဦးက စာရေးသူကို ပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ ခင်ဗျားတို့ ကြိုက်သလောက်ရေး လက်သာပြတ်ကျသွားမယ်။ နိုင်ငံရေးကဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ သတိပေးစကားပါ။ မြန်မာ့နိုင်ငံရေးကလည်း သိတဲ့တိုင်း တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုသလို ဖြစ်နေတော့ သူပြောတာလည်း မလွန်ဘူးလို့ ဆိုရမှာပါပဲ။
ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အဆိုပြုထားတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကို ဖြေရှင်းရမယ့် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတောင်းဆိုမှုကို သမ္မတက သ၀ဏ်လွှာဖြင့် အကြောင်း ပြန်ရတော့မယ့် လွှတ်တော် အ စည်းအဝေးများ ပြန်စရန် တစ် ပတ်အလိုမှာ ဒေါ်အောင်ဆန်းစု ကြည်အပါအ၀င် ပါတီနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေ ၄၈ ဦးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ခုနစ်နာရီကျော်အကြာ တွေ့ဆုံမှုအပြီးမှာ တစ်ဦးကို ငါးမိနစ်ခန့်သာဆွေးနွေးခွင့်ရခဲ့ပြီး  ဘုံသဘောတူညီမှု တစ်ချက်မျှပင်မရဘဲ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ အစိုးရက မူ ဘောင်ချမှတ်ထားတဲ့ (က)ဒီမိုက ရေစီအသွင်ကူးပြောင်းရေးနှင့် ပြု ပြင်ပြောင်းလဲမှု ဆက်လက်ဖြစ် ထွန်းရေး(ခ)ငြိမ်းချမ်းရေးဖြစ်စဉ် ကို အခြေခံသည့် အမျိုးသားပြန် လည်စည်းလုံး ညီညွတ်ရေးဆိုင် ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး (ဂ)လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင် ရေး၊ မြင်သာသော အသွင်ကူး ပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိနေသော ကြားကာလနိုင်ငံရေး တည်ငြိမ်မှု ရှိရေးစတဲ့ အစည်းအဝေး အစီအစဉ်တွေနဲ့ ဆွေးနွေးကြရတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ နိုင်ငံတော် သမ္မတက အခြေခံဥပဒေပြင်ဆင် ရေးနဲ့ပတ်သက်ပြီး ဒီမိုကရေစီ၊ ဖက်ဒရယ်နဲ့ ကိုက်တဲ့ စံနှုန်းတွေ နဲ့ ပြင်ဖို့လိုတယ်လို့ ပြောခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကရလာတဲ့ အချက်တွေကိုလည်း အခြေခံပြီး ပြင်သင့်တယ်လို့ ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယ က ဦးရွှေမန်းကတော့ အခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းအရသာ ပြင်နိုင်ပြီး ၂၀၁၅ ခုနှစ် ဧပြီလ တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ ၂၀၁၅ ခုနှစ် နောက်ပိုင်းပေါ် ပေါက်လာမည့် လွှတ်တော်တွင် သာ ပြင်ဆင်မှုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး ကော်မ ရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်သမျှ ကို သင်ပုန်းချေရန်နဲ့ ၂၀၁၅ ရွေး ကောက်ပွဲကို တရားမျှတစွာ ကျင်းပ ပေးမယ်လို့ ဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ကတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ သဘောတူညီချက်ပါဝင်သည့် အချက်များကိုသာ ဖတ်ကြားသွားပြီး တုံ့ပြန်ဆွေးနွေးရန်ဖိတ်ခေါ်မှုမှာ ပါဝင်ဆွေးနွေးမှု မရှိခဲ့ကြောင်း တက်ရောက်သူများ က ဆိုပါတယ်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် ကျင်းပပြုလုပ်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ဖတ်ကြား သွားတဲ့အချက်တွေကို ဇန်န၀ါရီ ၁၃ ရက်မှာ ကြေညာချက်အမှတ် ၃/၀၁/၂၀၁၅ နဲ့ ရွှေဂုံတိုင်ရုံးချုပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
  အဲဒီကြေညာချက်ထဲမှာ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ် (က)ရဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေး ပြုပြင်ပြောင်းလဲရေး နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ မှုများ ရပ်တန့်နေခြင်း အချက်ရှစ်ချက်ကို ထောက်ပြခဲ့ သလိုအစီအစဉ် (ခ)အရ ငြိမ်းချမ်းရေးဖြစ်စဉ် ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားရင်ကြား စေ့ရေးကို ဦးတည်သော အနှစ်သာရ ရရှိသည့် ဆွေးနွေးပွဲများ အမြန် ဆုံးစရန်နဲ့ ခြောက်ပွင့်ဆိုင် ဆွေး နွေးပွဲ ရှောင်ရှားခြင်းမျိုး မဖြစ်သင့် ကြောင်း ဖော်ပြထားပါတယ်။အစီအစဉ်(ဂ)မှာ ပါဝင်တဲ့ လွတ်လပ်၍ တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးဟာ အခြေ ခံဥပဒေကို ပြည်သူများဆန္ဒနဲ့အ ညီ ပြုပြင်ပြောင်းလဲရန် အရေးကြီး သလို နိုင်ငံတော်အစိုးရက ဘက်လိုက်မှုကင်းစင်ရန်လည်း လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
  နိုင်ငံရေးလေ့လာသုံးသပ် သူများက ဝေဖန်ပြောကြားတဲ့ ခြောက်ပွင့်ဆိုင်ကို ရှောင်ရှား သော ၄၈ ဦးတွေ့ဆုံပွဲဟာ အနှစ် သာရမရှိ၊ ဘုံသဘောတူညီချက် တစ်ခုမှ မရဟု ဆိုသော်ငြားလည်း ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ကြည့်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ဟာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆မှ အစ ပုဒ်မ ၅၉(စ)ကဲ့သို့ သောပုဒ်မများပြင်ဆင်ရန် အကျပ်အတည်းဖြစ်နေတဲ့အတွက် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ဦးတို့ပါဝင်တဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို အဆိုပြုခဲ့တာ ဖြစ်ပြီးယခုဆွေးနွေးပွဲမှာတော့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများကိုပါ ထည့်သွင်းဖိတ်ကြားလိုက်တဲ့အတွက် အစိုးရဟာပုဒ်မ ၄၃၆၊ ၅၉(စ)စတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးထက် အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်နိုင်ဖို့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အရာတွေကို အခြေခံဥပဒေမှာ ပြင်ဆင်ရေးဆွဲဖို့ ဆန္ဒရှိနေတယ် ဆိုတာ သိသာမြင်သာလှပါတယ်။
 လွတ်လပ်ရေးနေ့ ဗိုလ်ရှု သဘင်အခမ်းအနားအပြီး တိုင်း ရင်းသား လက်နက်ကိုင် ခေါင်း ဆောင်များနဲ့ တွေ့ဆုံပွဲမှာ သမ္မတက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အမီ လက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ အစပြုဖို့ဆော်သြ လာခြင်းကလည်း ယခုဆွေးနွေးပွဲ ကို ဖြစ်ပေါ်စေတဲ့ အဓိကအ ကြောင်းရင်းတွေပါ။ ယေဘုယျ စဉ်းစားကြည့်မယ်ဆိုရင် အစိုးရနဲ့ တပ်မတော်ဟာ အတိုက်အခံပါတီ များနဲ့  နိုင်ငံရေးလှုပ်ရှား တက်ကြွသူများ လိုလားတဲ့ တပ်မတော် ကို လွှတ်တော်အတွင်းမှ မောင်းထုတ်နိုင်မယ့်၊ န၀တ၊ နအဖ အစိုးရများ ကျူးလွန်ခဲ့သမျှကို နောက်ကြောင်းပြန်အရေးယူနိုင်မယ့် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ အာသီသ မရှိဘဲ သူတို့အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရ သွားတယ်ဆိုတဲ့ သရုပ်သကန်ကို ပေါ်လွင်စေမယ့် ဖက်ဒရယ်စနစ် နဲ့ ဆိုင်တဲ့ အခြေခံဥပဒေပုဒ်မတွေ ပြင်ဆင်ဖို့ကိုသာ ချင်ခြင်းတပ်နေ တာ ဖြစ်ပါတယ်။
ယခုပဲ ကြည့်ပါ။ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ Target Date ပေးထားတဲ့ ဖေဖော်ဝါရီ ၁၂ ရက် ရောက်ဖို့ တစ်လလောက်ပဲ လိုပါတော့တယ်။ ကချင်ပြည်နယ်မှာ သမ္မတတက်ရောက်ခဲ့တဲ့ မနောပွဲကြီးပြီးတာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးရဲ့ ယာဉ်တန်းကို ကေအိုင်အေတပ်ရင်း (၆)က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သတင်း ထွက်လာပါတယ်။ ပြည်နယ်ဝန်ကြီးကို ပြန်လွှတ်လိုက်ပြီးပါသွားတဲ့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အတွက် နယ်မြေခံတပ်က လိုက်လံ ရှင်းလင်းရင်း ဖားကန့်ဒေသမှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။
မကြာခင်က ဂျာနယ်တစ် စောင် မိတ်ဆက်ပွဲအခမ်းအနား ရဲ့ နိုင်ငံရေးစကားဝိုင်းမှာ ၈၈ မျိုးဆက်ငြိမ်း/ပွင့် ခေါင်းဆောင်ဦးကိုကိုကြီး ပြောခဲ့တဲ့ စကားဟာ ယနေ့တိုင်းပြည်အခြေ အနေနဲ့ အံဝင်ခွင်ကျရှိလှတာကို တွေ့ရပါတယ်။ ‘‘ကျွန်တော်တို့တွေဟာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ တည်ဆောက်ရင်း ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအောက်ခြေမှာရှိတဲ့ အစိုးရ အဖွဲ့အစည်းတွေကိုယ်တိုင်က ကျွန်တော်တို့အပေါ် ယုံကြည်မှု မရှိဘူး’’ လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ခေတ်သစ်မြန်မာ့နိုင်ငံရေး အယူအဆဟာ ဟိုတစ်ချိန်ကလို ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်နယ်ခွဲထွက်ခွင့်စတဲ့ အိုင်ဒီယိုလိုဂျီပိုင်းနဲ့ပတ်သက်ပြီး အငြင်းပွာစရာတွေ မရှိတော့ပါဘူး။ ဒီမိုကရေစီစနစ်နဲ့ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူက ဆင်းသက်တဲ့အာဏာနဲ့တိုင်း ပြည်ကို တည်ဆောက်ဖို့ ဘုံသဘောတူထားပြီး ဖြစ်ပါတယ်။
သို့ဖြစ်တဲ့အတွက် အစိုးရနဲ့ အတိုက်အခံ၊ တပ်မတော်နဲ့ လက်နက်ကိုင်ကြားမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက် ယုံ ကြည်မှုတည်ဆောက်နိုင်ဖို့ပဲ အ ရေးကြီးပါတယ်။ ဒါမှ မဟုတ်ဘဲ ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ စိုးရိမ်ကြောင့် ကြမှုတွေနဲ့ ရှေ့ဆက်သွားနေမယ် ဆိုရင်တော့ ဘယ်လိုဆွေးနွေးပွဲ တွေ ခေါ်ခေါ်၊ ဘယ်လိုအစည်းအ အဝေးပွဲတွေ ကျင်းပ ကျင်းပ ဂျာ အေး သူ့အမေရိုက် ဆိုသလို ဖြစ် နေမှာပါပဲ။
အဲဒီထက်ပိုဆိုးတဲ့ ကိစ္စက တော့ နိုင်ငံရေးပလ္လင်စွဲမှု ပြဿ နာပါ။ ငါပဲမင်းလုပ်အုပ်ချုပ်မယ်။ ငါမလုပ်ရင်၊ ငါ့တပည့်၊ ငါ့အဖွဲ့ဆို တဲ့ အတ္တနောမတိကို စွန့်ခွာမှ သာ ဒီမိုကရေစီနိုင်ငံစစ်စစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အဲသလိုမှ မဟုတ်ရင်တော့ နိုင်ငံ ရေးအကျပ်အတည်းနဲ့ လက်နက် ကိုင်တိုက်ပွဲတွေကြားမှာ ခေါင်း မဖော်နိုင်ဘဲ ၁၉၃၂ ခုနှစ် ရန်ကုန် တက္ကသိုလ်ရောက်ခါစ ကျောင်း သားသစ်ကလေး ကိုအောင်ဆန်း တစ်ယောက် ပဲခူးဆောင်အောက်ထပ်မှာ အခန်းအောင်းပြီး တစ်နေ့ တစ်နေ့ ခြင်ထောင်ထဲဝင်ကာ ‘‘မြန်မာ့နိုင်ငံရေးတော့ ကိုယ်ကျိုး နည်းပါပြီ’’လို့ အကြိမ်ကြိမ်ရေရွတ်ခဲ့သလို ပြည်သူ ပြည်သား အပေါင်း ရေရွတ်နေရမှာသာဖြစ် ပါတော့တယ်။   ။
http://7daydaily.com/story/29692#.VLuUyXs9THQ

No comments:

Post a Comment