Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ငွေချေးယူသူ၏ ဦးလေးကို ရုံးခန်းတွင်းခေါ်ယူ၍ စာချုပ်လွတ်တွင် လက်မှတ် မထိုးပါက ဗလက္ကာရပြုခံရကြောင်း တိုင်တန်းမည်ဟု ကြံ့ခိုင်ရေး အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ခြိမ်းခြောက်


ရန်ကုန်၊ ဇန်န၀ါရီ ၁၇

တာမွေမြို့နယ်၊ ၁၄၇ လမ်း၊ ၅ လွှာ၊ အမှတ်(၃၃၅) နေ ဦးတင်ဝင်း၏ တူမဖြစ်သူ ဒေါ်အေးအေးဝင်းက တာမွေမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေထံမှ ငွေချေးယူ ထားသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်လဲ့လဲ့ဝင်းဆွေက ၎င်း၏ ရုံးခန်းအတွင်း၌ ဦးတင်ဝင်းကို စာချုပ် အလွတ် တွင် အဓမ္မ လက်မှတ်ထိုးခိုင်းပြီး လက်မှတ် မထိုးပါက ဗလက္ကာရ ပြုသည်ဆိုကာ တိုင်တန်းမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဇန်န၀ါရီ ၁၃ ရက်တွင် ဦးတင်ဝင်းနှင့် ၎င်း၏ မိသားစုများက မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါရပ်ကွက်နေ ဦးတင်ဝင်း၏ တူမဖြစ်သူ ဒေါ်အေးအေးဝင်း က ဒေါ်လဲ့လဲ့ဝင်းဆွေထံမှ ငွေ သိန်း ၅၀ ကို တစ်လ အတိုးနှုန်း ၇ ကျပ်ဖြင့် လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ချေးယူခဲ့ပြီး အတိုးအရင်းပေါင်း ပြန်ဆပ်ခဲ့ရာ လက်ရှိတွင် ၉ သိန်းခွဲသာ ကျန်ရှိ တော့သည်။…

““ဇန်န၀ါရီ ၁၁ ရက်နေ့က ကုဋေကြွယ် လက်ဖက်ရည်ဆိုင်ကို သွားတယ်။ အဲဒီနားမှာ ကွမ်းယာရောင်းတဲ့ ကိုအောင်ဆိုတဲ့ သူက ခဏလိုက်ခဲ့ပါ။ အန်တီလဲ့က ခိုင်းစရာရှိလို့ ဆိုပြီးပြောတယ်။ ကျွန်တော် လိုက်သွားတဲ့ အချိန်မှာ တံခါးဖွင့်ပြီး ၀င်ထိုင်ခိုင်းတယ်။ တံခါးပိတ်လိုက်ပြီးတော့ ကျွန်တော့် အိတ်ကပ်ထဲက ပိုက်ဆံကို နှိုက်ပြီး ကိုအောင် ဆိုတဲ့လူကို စာချုပ် သွားဝယ်ခိုင်းတယ်။ ပြီးတော့ စာချုပ် အလွတ်အပေါ်မှာ အတင်းအဓမ္မ လက်မှတ် ထိုးခိုင်းတယ်။ လက်ဗွေနှိပ်တယ်။ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ ရေးခိုင်း တယ်။ အင်္ကျီကို လက်နဲ့ ဆွဲပြီး လက်မှတ်မထိုးရင် ငါ့ကို ဗလက္ကာရ ပြုတယ်ဆိုပြီး တိုင်မယ်ဆိုလို့ ကြောက်တာနဲ့ လက်မှတ် ထိုးပေး လိုက်တယ်။ အဲဒီအချိန် ဒေါ်လဲ့လဲ့ဝင်းဆွေ တူမ မသူဇာပါရှိတယ်”” ဟု ဦးတင်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဒေါ်လဲ့လဲ့ဝင်းဆွေထံမှ ပိုက်ဆံချေးယူသူ ဒေါ်အေးအေးဝင်းကလည်း ““ဒေါ်လဲ့လဲ့ဝင်းဆွေက ပိုက်ဆံပွားပေးပါ။ ၇ ကျပ်တိုးနဲ့ ဆိုလို့ အစ်မကလည်း ယုဇနပလာဇာမှာ ဆိုင်ဖွင့်ထားတော့ ငွေလိုတာနဲ့ ယူလိုက်တာ။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က စယူတာပေါ့။ ပိုက်ဆံယူတာနဲ့ ပတ်သက်ပြီး စာချုပ်မှာ လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်တာ ၄ ရွက်လောက်ရှိတယ်။ အဲဒီစာချုပ်မှာ ငွေရရှိကြောင်း သူလက်မှတ် ထိုးထားတာလည်း ရှိတယ်။ ကျန်တဲ့ ပိုက်ဆံ ပေးမယ်ဆိုတော့လည်း ရုံးခန်းထဲလာပေးတဲ့။ ဒါဆို ရုံးခန်းက ငွေတိုးချေးစားတာလား။ ပြီးတော့ ရှေ့နေနဲ့ အပြင်မှာ တွေ့မယ် ဆိုတော့လည်း ငါ့လက်မှတ်က ဘယ်လောက် အရေးပါသလဲပေါ့။ အများပြည် သူ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ် တစ်ယောက်က ငွေတိုး ချေးစားတယ်။ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောတယ်။ အစ်မ တို့က ပိုက်ဆံပေးခိုင်းရင် ဦးလေး ဦးတင်ဝင်းကို ပေးခိုင်းတာတွေရှိတော့ ဒီကိစ္စထဲ ဦးလေးကိုပါ ဆွဲထည့်တာ။ ဦးလေးကို ထောင်ချမယ်ချည်း ခြိမ်းခြောက်နေတယ်။ ဒါနဲ့ပတ်သက်လို့ ရဲစခန်းမှာအမှု သွားဖွင့်တော့ စာရင်း သွင်းထားမယ်လို့သာ ပြောပါတယ်”” ဟု၎င်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ အား တယ်လီဖုန်းဖြင့် မေးမြန်းရာ ““မြန်မာသံတော်ဆင့် ဂျာနယ်ကပါ””ဟု ပြောကြားလိုက်ချိန်တွင် ““အဲဒါဆို မပြောတော့ဘူး””ဟုသာ ဖြေကြားခဲ့ပြီး မိနစ် အနည်းငယ် အကြာတွင် အဆိုပါဖုန်းအား ဒေါ်လဲ့လဲ့ဝင်းဆွေထံမှ ဖုန်းခေါ် ထားသည်ကို တွေ့ရှိသဖြင့် ပြန်လည်ခေါ်ဆိုပြီး မေးမြန်းရာမှ ယခုကဲ့သို့ ဖြေကြားခဲ့သည်။

““သူတို့နဲ့ ပတ်သက်ပြီး ငွေချေးငှားတွေ ရှိနေတော့ အန်တီ့ဆီကို ၄ ဦးလောက် လာတိုင်ထား တယ်။ ငွေတွေ၊ ရွှေတွေ၊ စိန်တွေ ချေးတယ်။ ပြန်မဆပ်တဲ့ အတွက်ကြောင့် လာတိုင်ကြတယ်။ တိတိကျကျ တိုင်စာတွေ ရှိတယ်။ သူ့ဦးလေးကလည်း ငွေတွေချေးတယ်။ လာတိုင်ထားတဲ့ သူတွေရှိတော့ အန်တီကလည်း ပြေရာပြေကြောင်း ရှင်းပြရင်းနဲ့ ရုံးထဲမှာ စကားများကြတာပေါ့။ သူတို့ကို တရားစွဲမယ့်သူ အများကြီးပဲ။ အန်တီကတော့ ဖျန်ဖြေပေးတာပေါ့။ အန်တီက လွှတ်တော် ကိုယ်စားလှယ်လေ။ ငွေချေးတဲ့ အလုပ်တွေမလုပ် ဘူး။ အရင်တုန်းကတော့ အန်တီတို့ ပြည်ခိုင်ဖြိုး ကနေပြီးတော့ ငွေချေးတဲ့ အလုပ်တွေ လုပ်တာပေါ့။ အန်တီ့မှာ အဲဒီ စီးပွားရေးမရှိဘူး။ ရုံးခန်းထဲ တံခါးပိတ်ပြီး လက်မှတ်ထိုးခိုင်းတာလည်း မရှိပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် မအားပါဘူး။ သူတို့က ငွေချေးပြီး ပြန်မဆပ်ဘူးနဲ့ တူပါတယ်။ အန်တီ့ကို လူတိုင်းက တိုင်ကြတာပဲ။ ခက်တာက ငွေယုံကြည် အပ်နှံမှု ငွေချေးတာတို့ကျတော့ အန်တီတို့အလုပ် မဟုတ်ဘူး။ သူတို့ဘာသာသူတို့ တရားမမှုနဲ့ သွားချင်သွားပေါ့””ဟု ဒေါ်လဲ့လဲ့ဝင်းဆွေ က မြန်မာသံတော်ဆင့် ၏ မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ဇန်န၀ါရီ ၁၂ ရက် နေ့လယ် ၃ နာရီ အချိန်ခန့်၌ တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရုံးခန်း၌ ယင်းကိစ္စနှင့် ပတ်သက်၍ အချင်းများ မှုများ ဖြစ်ပွားခဲ့သည်။

““ကျွန်တော်တို့ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်တယ်လို့ လာသတင်းပို့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမနေ့မှာပဲ ဦးတင်ဝင်းတို့ဘက်က ကျွန်တော်တို့ ရုံးမှာ တိုင်ထားပါတယ်။ ပိုက်ဆံချေးတဲ့ကိစ္စ ငွေရေး ကြေးရေးကိစ္စက ကျွန်တော်တို့ ရုံးက ဆုံးဖြတ်လို့မရပါဘူး။ အဲဒါကြောင့် ရဲစခန်းနဲ့ တရားရုံးကို လွှတ်လိုက် ပါတယ်”” ဟု တာမွေမြို့နယ် ပျားရည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း က မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

တင်ဇာအောင်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment