Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

အချိန်အခါမဟုတ်ဘဲ မူဆယ်ခရိုင်အတွင်း မိုးနှင့်အတူ လေတိုက်ပြီး မိုးသီးများကျ


မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဇန်န၀ါရီလ (၈)ရက်နေ့မှ စ၍ ရာသီဥတုမှာ မိုးရွာမှု အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဇန်န၀ါရီလ(၈)ရက်နေ့ ညပိုင်း အချိန်တွင် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ဒေသ မူဆယ်ခရိုင်တွင် မိုးနှင့်အတူ လေများတိုက်ပြီး မိုးသီးများ ကျလာမှု ဖြစ်ပွားကြောင်း သိရသည်။

"ဒီအသက်အရွယ်ထိ အခုလောက် မိုးသီးတွေ အများကြီးကျလာတာ တစ်ခါမှ မမြင်ဖူးသေးဘူး၊ ကြည့်လေရာတိုင်းမှာ မိုးသီးတွေ ဖွေးဖွေးလှုပ်နေတာဘဲ"ဟု မူဆယ်နေ ဆယ်ကျော်သက်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

"မိုးရွာတာကတော့ မူဆယ်ခရိုင်တစ်ခုလုံးနီးပါးဘဲ၊ ည (၇)နာရီကျော်ကျော်လောက်က ကွတ်ခိုင်မှာ လေတွေရော မိုးတွေရော ရွာတာ အပင်တွေလည်း လဲကုန်တဲ့အပြင် ၀ါးပင်တွေတောင် တစ်ခြမ်းစီကွဲပြီး လဲကုန်တယ်"ဟု ကွတ်ခိုင်တွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကွတ်ခိုင်မှာ ညက မိုးနှစ်ကြိမ်ရွာတယ်၊ ညကတည်းက မိုးသီးကျနေတာ၊ မူဆယ်မှာတော့ ညပိုင်းမှာ လေတွေတိုက်တယ်၊ မနက်မှာ မိုးသီးကျတယ်၊ ကွတ်ခိုင်မှာ ကျတဲ့ မိုးသီးက မူဆယ်ထက် နည်းနည်းကြီးတယ်"ဟု ၎င်းမှ ဆက်လက်ပြောသည်။

မိုးရွာသွန်းမှုနှင့် ပတ်သက်၍ "ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ မိုးအသင့်အတင့် ရွာနိုင်ပြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နဲ့ တနင်္သာရီတိုင်း ဒေသကြီး တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ ကျန်တပြည်လုံးတွင် အများအားဖြင့် သာယာမည်.."ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ယနေ့ ဇန်န၀ါရီလ(၉)ရက်နေ့ နံနက်ပိုင်းမှာ အသိပေးကြေငြာထားရှိသည်။

သတင်း ။ ။ ကိုဇောင်း
ဓါတ်ပုံ ။ ။ Xai Zeng
Tachileik Online News
http://www.tachileik.net/2015/01/MuseNews.html

No comments:

Post a Comment