Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

အလုပ် လုပ်နိုင်သည့် အရွယ် လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်နှုန်း မြင့်တက်လာ

အသက် ၃၀ မှ ၆၅ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား လူလတ်ပိုင်းများတွင် ကင်ဆာဖြစ်ပွားနှုန်းများ မြင့်တက်လာပြီး ရောဂါဖြစ်ပွားမှု ပုံစံများလည်း ပြောင်းလဲလာကြောင်း ကင်ဆာရောဂါ ပုံစံများ ဆေးရုံအခြေပြု ကင်ဆာရောဂါ စစ်တမ်းအရ သိရသည်။

အဆိုပါ စစ်တမ်းကို နေပြည်တော် ခုတင် (၁၀၀၀ ဆံ့) အထွေထွေရောဂါကု ဆေးရုံကြီးတွင် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောဂါလာရောက် စစ်ဆေးခြင်း (သို့မဟုတ်) တက်ရောက်ကုသခဲ့သည့် ကင်ဆာလူနာများ၏ ဆေးကုသမှု မှတ်တမ်းများ၊ ရောဂါဗေဒဆိုင်ရာ စစ်ဆေးချက်များ၊ ဌာနအချို့ရှိ ဆေးမှတ်တမ်းများမှ အချက်အလက်များအပေါ် မူတည်ကာ လူဦးရေ ၇၃၆ ဦးကို ယင်းဆေးရုံမှ ဆရာဝန်ကြီးများက သုတေသနစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရရှိလာသည့် အချက်အလက်များပေါ် မူတည်ကာ ကိုယ်တိုင်ပြုလုပ်ထားသည့် ကွန်ပျူတာမှတ်တမ်း ပုံစံတွင် သိမ်းဆည်းထားပြီး လူနာတစ်ဦးချင်းစီ၏ အချက်အလက်များ၊ နေထိုင်ရာ ဒေသဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံတကာသုံး ရောဂါဆိုင်ရာ ကုတ်နံပါတ်များဖြင့် မှတ်သားထားသော ကင်ဆာဖြစ်ပွားရာ ကိုယ်ခန္ဓာ အစိတ်အပိုင်း နေရာများကို လေ့လာထားခြင်းဖြစ်ကြောင်းနှင့် အမျိုးသား/အမျိုးသမီး အချိုးမှာ တစ်အချိုး တစ်ဒသမတစ်ဖြစ်ပြီး လူနာစုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းမှာ နေပြည်တော်နှင့် အနီးတစ်ဝိုက် မြို့နယ်များမှဖြစ်ကြောင်း သိရသည်။

စစ်တမ်းပြုလုပ်ရာတွင် အသက်အငယ်ဆုံးမှာ ခြောက်နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၈၈ နှစ်အထိ သုတေသနပြုလုပ်ခဲ့ပြီး ရောဂါဖြစ်ပွားမှု အများဆုံးနှင့် အမြင့်ဆုံး အသက်အရွယ်မှာ ၅၅ မှ ၅၉ နှစ်ကြား အရွယ်များ ဖြစ်ကြောင်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားသူများကို လေ့လာရာတွင် အများစုမှာ အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားဖြစ်သည့် အသက် ၃၀ မှ ၆၅ နှစ်ကြား လူလတ်ပိုင်းများမှာ အများဆုံးဖြစ်နေကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။

အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာငါးမျိုးမှာ အဆုတ် (၁၉ ဒသမ ၆ ရာခိုင်နှုန်း)၊ အသည်း (၁၃ ဒသမ ၉ ရာခိုင်နှုန်း)၊ ခံတွင်း(၁၀ ဒသမ ၈ ရာခိုင်နှုန်း)၊ အစာအိမ် (၇ ဒသမ ၁ ရာခိုင်နှုန်း)၊ အသံအိုးကင်ဆာ (၆ ဒသမ ၂၅ ရာခိုင်နှုန်း) တို့ဖြစ်ကြောင်းနှင့် အမျိုးသမီးများတွင် ရင်သား( ၂၄ ဒသမ ၇ ရာခိုင်နှုန်း)၊ သားအိမ်ခေါင်း (၁၄ ဒသမ ၁ ရာခိုင်နှုန်း)၊ မမျိုးဥကင်ဆာ(၇ ဒသမ ၆ ရာခိုင်နှုန်း)၊ အစာအိမ် (၆ ဒသမ ၅ ရာခိုင်နှုန်း)၊ အဆုတ် (၆ ဒသမ ၅ ရာခိုင်နှုန်း) တို့ ဖြစ်ကြောင်း သိရသည်။

“ဒီစစ်တမ်းကို နေပြည်တော်ဆေးရုံက ကင်ဆာရောဂါကု ဌာနမှပဲ လုပ်ခဲ့ပြီး အဓိက သိစေချင်တာက အလုပ်လုပ်နိုင်တဲ့ အရွယ်တွေမှာ ကင်ဆာဖြစ်နှုန်းတွေက အရင်ကထက်စာရင် များလာတာကို ထောက်ပြချင်တာပါ။ ဒီလိုအရွယ်တွေမှာ ရောဂါဖြစ်တာ များလာတော့ လူ့အရင်းအမြစ်ကို အများကြီး ထိခိုက်စေတယ်။ နောက်တစ်ခုက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားတဲ့ လူဦးရေ တစ်သန်းမှာ ကင်ဆာဓာတ်ရောင်ခြည် ကုသရေးစက် အနည်းဆုံး တစ်လုံးကနေ သုံးလုံးကြားရှိရမယ်လို့ သတ်မှတ်ထားပေမယ့် ကျွန်တော့်ဆီမှာက တစ်လုံးပဲ ရှိနေတော့ ကုသရေးပိုင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ အခု ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ရောင်ခြည် ကုသတာချည်းပဲ တစ်နေ့ကို လူဦးရေ ၁၅၀ လောက် ကုနေရတာပါ” ဟု ယင်းစစ်တမ်းတွင် ပါဝင်လုပ်ဆောင်ခဲ့သူ နေပြည်တော် ခုတင် (၁၀၀၀ ဆံ့) ဆေးရုံမှ ဒေါက်တာကောင်းမြတ်ရွှေက ပြောပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူဦးရေ တစ်သိန်းတွင် ကင်ဆာဖြစ်ပွားသူ ၁၅၀ ခန့်ရှိနေပြီး မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေ သုံးသန်းအထက်တွင် ရှိနေကြောင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
Writer:
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

- See more at: http://www.news-eleven.com

No comments:

Post a Comment