မစ္စတာ ဂျွန်မက်ကိန်း တောင်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကြည့်ရှုနေစဉ်။ ဇွန် ၂၊ ၂၀၁၁။ |
လွန်ခဲ့တဲ့ အောက်တိုဘာနဲ့ ဒီဇင်ဘာကလည်း အရပ်သားအသင်းအဖွဲ့တွေ ရန်ကုန်မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီး တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေကို တင်ပြသွားပါတယ်။ ပြည်သူ့ဘဝသာယာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် အစိုးရအနေနဲ့ ဆောင်ရွက်သင့်တာတွေကို မီးမောင်းထိုးပြပါတယ်။ အရပ်သားအဖွဲ့တွေဟာ ပြည်သူ့အကျိုးစီးပွားကို အဓိကထားတာမို့ ဒီမိုကရေစီ ပြုစုပျိုးထောင်ရေးမှာ အရေးကြီးသလို လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရာမှာလည်း ပြည်သူလူထုကို ပညာပေးပြီး အများကြီး ကူညီထောက်ပံ့နိုင်ပါတယ်။
စစ်အာဏာရှင် ကြီးစိုးချိန်မှာ အရင်ကရှိခဲ့တဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ မြို့ နယ်အသင်းတွေ ဆက်လက်ရှင်သန်တာမို့ အရပ်သားအသင်းအဖွဲ့ အရေအတွက်ကို သိနိုင်ဖို့ မလွယ်ပါဘူး။ လွန်ခဲ့တဲ့ ဇူလိုင်လ (၁၈) ရက်နေ့က ပြဌာန်းတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာ မှတ်ပုံတင်စရာ မလိုတဲ့အသင်းအဖွဲ့ အမျိုးအစားကို ဖော်ပြပါတယ်။ သာသနာရေးနဲ့ စီးပွားရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေဟာ မှတ်ပုံတင်စရာ မလိုပါဘူး။ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးအဖွဲ့အစည်းဟာ ဒီဥပဒေမှာ အကြုံမဝင်ပါဘူး။ နောက်ပြီးတော့ တည်ဆဲဥပဒေအရ တည်ထောင်ထားတဲ့ အသင်းအဖွဲ့တွေလည်း မှတ်ပုံတင်စရာ မလိုပါဘူး။ ဒါကြောင့်မို့ အရပ်သားအသင်းအဖွဲ့ သုံးရာကျော်လောက် ရှိနိုင်တယ်လိုပ အကြမ်းဖျဉ်း ခန့်မှန်းတာမျိုးပဲ ရှိပါတယ်။
အစိုးရမှတ်ပုံတင်ဥပဒေမှာ အသိအမှတ်ပြုထားတဲ့ အသင်းအဖွဲ့ နှစ်မျိုးသာ ရှိပါတယ်။ အကျိုးအမြတ်မယူဘဲ လူမှုရေးလုပ်ငန်းဆောင်ရွက်တဲ့ ပြည်တွင်းအသင်းအဖွဲ့နဲ့ အစိုးရဆီမှာ မှတ်ပုံတင်ပြီး လူမှုရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့ NGO ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်သားအသင်းအဖွဲ့ အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးနဲ့ လုပ်ကိုင်နိုင်မှု စွမ်းရည်အမျိုးမျိုး ရှိကြပါတယ်။ ပြည်တွင်းအရပ်သား အသင်းအဖွဲ့တွေ လုပ်ရည်ကိုင်ရည်ရှိလာပြီး နိုင်ငံဖွံ့ဖြိုးရေးမှာ ပါဝင်လာနိုင်အောင် နိုင်ငံတကာ NGO အဖွဲ့တွေက ကူညီထောက်ပံ့ပါတယ်။ ဥပမာ လူမှုရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်အရေး နဲ့ ဒီမိုကရေစီအရေးမှာ ပါဝင်တဲ့ အရပ်သားအဖွဲ့တွေကို ကူညီနေတဲ့ “ပေါင်းကူး” NGO အဖွဲ့ဟာ ၂၀၀၈ နောက်ပိုင်းမှာ ထင်ရှားလာပါတယ်။
မြန်မာပြည်မှာ ကိုလိုနီခေတ်ကတည်းက ဘာသာရေး ကုသိုလ်ဖြစ်အသင်းတွေ ရှိပေမယ့် စစ်အစိုးရခေတ်ရောက်မှ လူမှုရေးလုပ်တဲ့ နိုင်ငံတကာ NGO တွေ ရှိလာတာ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ ကျန်းမာရေးဆိုင်ရာ NGO အချို့ ကို လုပ်ခွင့်ပေးပါတယ်။ ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် တိုင်းရင်းသားဒေသတွေမှာ နိုင်ငံတကာ NGO (၁၅) ခုလောက်အထိ ရှိလာပါတယ်။ ၂၀၀၅ နှောင်းပိုင်းမှာ နေပြည်တော်ကို အစိုးရရုံး ပြောင်းသွားတာဟာ ရန်ကုန်အခြေစိုက် အရပ်သားအသင်းအဖွဲ့နဲ့ နိုင်ငံတကာ NGO တွေကို လုပ်ရကိုင်ရ လွယ်ကူစေပါတယ်။ နေပြည်တော်မှာ အစိုးရရုံးစိုက်ပြီးတဲ့ နောက်ပိုင်းမှာ NGO နဲ့ အရပ်သားအသင်းအဖွဲ့တွေ တိုးပွားလာပါတယ်။ ၂၀၀၈ နာဂတ်လေဘေး ကယ်ဆယ်ရေးမှာ အရပ်သားအဖွဲ့တွေ မကြုံစဖူး လုပ်ပိုင်ခွင့်ရကြပြီး အသင်းအဖွဲသစ်တွေ နေ့ချင်းညချင်း ပေါ်ထွက်လာပါတယ်။
သံဃာနဲ့ အခြားဘာသာရေး အသင်းအဖွဲ့တွေ နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ တက်ကြွစွာ ပါဝင်ကြပေမယ့် ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု ကင်းရှင်းတာ တွေ့ရပါတယ်။ ဒါပေမဲ နောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းအချို့ မှာ ဘာသာရေး၊ လူမျိုးရေး ကွာဟချက်ကို ကျော်လွှာနိုင်စွမ်း မရှိပါဘူး။ လူမျိုးနဲ့ ဘာသာကိုလိုက်ပြီး အကူအညီပေးတာဟာ လူမှုရေး ကွာဟချက်ကို ကြီးမားစေတယ်လို့ ယုံကြည်တဲ့ အရပ်သား အသင်းအဖွဲ့တွေလည်း ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ဘဝမြှင့်တင်ရေးမှာ ပါဝင်လာကြတဲ့ အရပ်သားအဖွဲ့ဟာ တိုင်းပြည်ပြုပြင်ရေးကိုပါ စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။
ပြည်သူလူထုရဲ့  နစ်နာချက်နဲ့ လိုအပ်ျက်တွေကို အရပ်သားအသင်းအဖွဲ့တွေက တောင်းဆိုနိုင်ပါတယ်။ ပြည်သူလူထုရဲ့  အခွင့်အရေးကိုလည်း ကာကွယ်နိုင်ပါတယ်။ ပြည်သူလိုအပ်တဲ့ ပစ္စည်းပစ္စယနဲ့ ဝန်ဆောင်လုပ်ငန်းကိုလည်း အရပ်သားအဖွဲ့တွေက ပံ့ပိုးနိုင်ပါတယ်။ အတိုက်အခံနဲ့ နီးစပ်တဲ့ အသင်းအဖွဲ့တွေလည်း ရှိပေမယ့် အားလုံးဟာ ပြည်သူလူထုနဲ့ အစိုးရအကြားမှာ ရပ်တည်ပြီး ပြည်သူ့အကျိုးသယ်ပိုးတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဟောင်းရဲ့  လောင်းရိပ်က မထွက်နိုင်သေးတဲ့ အချိန်အခါမှာ အခုလို အရပ်သားအသင်းအဖွဲ့တွေ ရှင်သန်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်။
ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/news-analysis-civil-society/2606938.html
No comments:
Post a Comment