Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

အစိုးရအတွက် စိမ်ခေါ်မှုများ သမ္မတ ထုတ်ဖော်ပြောကြား


မိမိတို့ အစိုးရ သက်တမ်း နောက်ဆုံးနှစ်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့ဟာ အစိုးရအတွက် အဓိက စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ထဲမှာ အောင်မြင်မှုများရှိခဲ့သလို ဆက်ပြီး ရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုများလည်း ရှိနေပါသေးတယ်၊ လက်ရှိရရှိထားပြီးဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်စဉ်များ ဆက်လက်ရှင်သန်စေဖို့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာစေဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်ကနေ နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်လာဖို့နဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ဖို့ ဆိုတဲ့အချက်များဟာ ကျနော်တို့ကျော်လွှားရမဲ့ စိန်ခေါ်မှုများပဲဖြစ်ပါတယ်၊ အဲ့ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် မိမိနိုင်ငံ မိမိလူ့အဖွဲ့အစည်းနဲ့ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးများမှာ မူတည်ပြီးလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သင့်ပြင်ထိုက်တာတွေကို ဥပဒေနဲ့အညီ ပြင်ဆင်သွားရမှာပဲဖြစ်ပါတယ်"

ဒါ့အပြင် အစိုးရအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

"ကျနော်တို့ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး ၄ ရပ်ထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ အရေးအကြီးဆုံးနဲ့ သိမ်မွေ့နက်နဲမှုအရှိဆုံးဖြစ်ပါတယ်၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိဖို့၊ ပြည်သူများအသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုနဲ့နိုင်ငံရေးအခြေအနေများ တည်ငြိမ်စွာဖွဲ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်၊ ကျနော်တို့နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တစ်ချိန်တည်းနီးပါးစတင်ခဲ့တဲ့ နိုင်ငံအချို့မှာ ပြည်တွင်းပဋိပက္ခများ၊ စစ်ပွဲများနဲ့ အတိဒုက္ခရောက်နေတာကို သင်ခန်းစာယူဖို့ လိုအပ်ပါတယ်၊ ဒီလိုမဖြစ်စေဖို့အတွက် ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်"

အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ တွေ နဲ့ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေက ချီတက်အလေးပြုခဲ့ကြပါတယ်။

ဒီ ဗိုလ်ရှုခံ အခမ်းအနားကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဥာဏ်ထွန်း၊ လွှတ်တော်ဥက္ကဌတွေ ဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော် အရာရှိတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နိုင်ငံတကာ သံတမန်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်ဖို့အတွက် ဖိတ်ကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှာ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးနဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦးတို့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment