Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ကျောက်မဲတွင် အစိုးရ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံး

အစိုးရတပ် စစ်ကြောင်းကားများ တွေ့ရစဉ် (ဓာတ်ပုံ - Myanmar Military)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ က အစိုးရ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူနဲ့ သေဆုံးသူတွေ ရှိခဲ့ပါတယ်။

မန္တလေး တပ်သား စုဆောင်းရေး တပ်က တပ်သား သစ်တွေကို လားရှိုးမြို့နယ် ကုန်းညောင် စစ်သင်တန်းကျောင်းကို ပို့ဆောင်ဖို့အသွား ကျောက်မဲမြို့နယ် လုံဝယ်ကျေးရွာ ဘုန်းကြီးကျောင်းနားမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ၀န်ထမ်းက ပြောပါတယ်။

“၃၀ ရက်နေ့ ညနေ ၅ နာရီလောက်က အဲဒီလမ်းပေါ်မှာ အစိုးရယာဉ်တန်း ၅ စီး ဖြတ်လာပါတယ်။ လုံဝယ်ဘုန်းကြီးကျောင်းနားရောက်တော့ စတုတ္ထမြောက်ယာဉ်က ဆွဲမိုင်းနဲ့ အတိုက်ခံရတယ်။ တပ်သားသစ် ၆ ယောက် ဒဏ်ရာရတယ်။ ၄ ဦးက ပြင်ဦးလွင် တပ်မတော်ဆေးရုံမှာ တင်ထားပြီး၊ ၂ ဦးကတော့ လားရှိုးတပ်မတော်ဆေးရုံ တင်ထားရ ပါတယ်။ ပြင်ဦးလွင်ဆေးရုံမှာ အသက် ၂၀ ကျော် တပ်သားတစ်ဦးကတော့ ၃၁ ရက်နေ့ ညနေ ၃ နာရီမှာ ဆုံးသွားပြီလို့ ပြောပါတယ်ခင်ဗျ။”

ဒီခြုံခိုတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်လည်းဆိုတာ မသိရသလို ရဲစခန်းအနေနဲ့ အမှုဖွင့်အရေးယူထားတာလည်း မရှိဘူလို့ ၀န်ထမ်းက ဆက်ပြောပါတယ်။

အဲဒီမတိုင်ခင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း ကျောက်မဲမြို့ လူစည်ကားရာနေရာမှာ အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

တပတ်အတွင်း ခုလိုတိုက်ခိုက်ခံရမှု ၂ ကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် ကျောက်မဲခရိုင်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ စစ်တပ်တို့ ပူးပေါင်းပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ရဲတပ်ဖွဲ့ရုံးဝန်ထမ်းက ပြောပါတယ်။

ကျောက်မဲခရိုင်ထဲမှာ တီအဲန်အယ်လ်အေ (တအာင်းပလောင်တပ်ဖွဲ့)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75779

No comments:

Post a Comment