ရေး(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊
တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မ စားသောက်ဆိုင်မှ စတင်သည့်
မီးလောင်းကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်က ဖြစ်ပွားခဲ့
ကာလတန်းဖိုး ၉၁သိန်းကျော် ဆုံးရှုံးခဲ့သည်ဟု ရဲမြို့ ရဲစခန်း၏
ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ရေးမြို့ သီရိနန္ဒာရပ်ကွက်တွင် မီးလောင်ထားသည့် မြင်ကွင်းကို ဇန်နဝါရီ ၁၃ရက် နံနက်က တွေ့ရစဉ်။(ဓာတ်ပုံ-ကွန်းချမ်း)
“ည ၁၁ နာရီ မခွဲခင်လောက်က စလောင်ပါတယ်။ မီးလောင်တဲ့အချိန် လေတွေလည်း
တအားကြမ်းတယ်” ဟု သီရိနန္ဒာရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့မှ ဦးစီး (ပြန်/ဆက်)
ဦးညာက ပြောသည်။
မီးလောင်းကျွမ်းမှုကြောင့် ဆိုင်ရှင် ဦးထင်ကျော်
နေထိုင်သည့် (၂၀x၄၀) ပေ သွပ်မိုး အုတ်ညှပ် နှစ်ထပ်တိုက် (၁) လုံး၊ အလျား
(၁၅၀x၅၀) ပေ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း စားသောက်ဆိုင်ခန်းကြီး (၁) လုံး၊
ဆိုင်ရှေ့ ရပ်ထားသည့် တိုယိုတာ ဖိုးဝီး (၂) ခန်းတွဲ အဖြူရောင် မော်တော်ကား
(၁) စီး လောင်ကျွမ်းပျက်စီးပြီး ကာလတန်ဖိုး (၉၁၂၅၀၀၀ိ/-) ရှိသည်ဟု
ရဲမှတ်တမ်းက ဆိုသည်။ သို့သော် မျက်မြင်များကမူ သိန်းတစ်ထောင်ဖိုးခန့်
ဆုံးရှုံးမှု ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။
“မီးစလောင်တာကို
သိသိချင်း ကားပိုင်ရှင်က စက်နှိုးပေမဲ့ နှိုးမရဘူး။ အနီးက လူတွေက ကူညီပြီး
ဝိုင်းတွန်းပေးတယ်။ ဒါပေမဲ့ အပူဒဏ်ကို မခံနိုင်လို့ လက်လွှတ်လိုက်ရတယ်” ဟု
မျက်မြင်တစ်ဦးက ပြောသည်။
မီးလောင်သည့် နေရာသည် ရတနာ စက်သုံးဆီ
အရောင်းဆိုင်ကြီး၏ လမ်းတဖက်တချက် ပေ ၄၀ ခန့်သာ ကွာဝေးသော်လည်း ဆီဆိုင်သည်
လေညာဘက်တွင် တည်ရှိခြင်း၊ လေအောက်ဘက်တွင် အဏ္ဏဝါချောင်း (ကွမ်တိုးချောင်း)
နှင့် ဓနိတောတစ်ခု ခြားနေခြင်းတို့ ပတ်ဝန်းကျင်သို့ ကူးစက်သွားနိုင်ခြင်း
မရှိခဲ့ကြောင်း ဦးညာ က ပြောသည်။
စားဖိုဆောင်မှ
စတင်လောင်ကျွမ်းသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြပြီး၊ အရန်မီးသတ် ၃၀၊ မီးသတ်ကား
၃ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာမှ နံနက် ၂
နာရီဝန်းကျင်တွင် မီးစွယ်ကျိုးသွားခဲ့သည်။
ယင်းလောင်းကျွမ်းမှုနှင့် ပတ်သက်၍ စားသောက်ဆိုင် ပိုင်ရှင် ဦးထင်ကျော် အား
ဒုရဲအုပ် ဇော်မင်းထွန်းမှ တရားလို ပြုကာ ရေးမြို့နယ် ရဲစခန်းမှ ပြစ်မှုပုဒ်မ
၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ
၃၁ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ရှိ ဆက်သုံးဆီ
သိုလှောင်ရုံနှင့် ဇန်နဝါရီလ ၃ ရက်နေ့တွင် မုဒုံမြို့နယ်၊
နှီးပဒေါကျေးရွာတို့၌ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု
သိန်းထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/36984-2015-01-13-18-16-33
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment