Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

သီတဂူဆရာတော် ဘုရားကြီး (မ.ဘ.သ) ဒုဥက္ကဋ္ဌအဖြစ် အကျိုးတော် ဆောင်နေဆဲဟု ဥက္ကဋ္ဌဆရာတော်မိန့်ကြား


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟို ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အရှင်တိလောကာဘိဝံသမှ သီတဂူ ဆရာတော် ဘုရားကြီးသည် မဘသဗဟို ဒုဥက္ကဋ္ဌ ဆရာတော် အဖြစ်မှ အကျိုးတော် ဆောင်နေဆဲ ဟု News Watch သို့ ဇန်န၀ါရီ ၁၄ရက်နေ့ က မိန့်ကြား လိုက်သည်။

မဘသ ဗဟိုဥက္ကဋ္ဌ ဆရာတော် အရှင်တိလောကဘိဝံသမှ မိန့်ကြားချက်အပြည့်အစုံမှာ“ဇာစ်မြစ်က စပြောရမယ်ဆိုရင် မဘသဖွဲ့ဖို့ ဆရာတော်တွေတိုင်ပင်ပြီးတော့ ဆရာတော်ကြီးကို သွားတိုင်ပင် လျှောက်ထား ခဲ့ကြတယ်။ အင်းစိန်ဆရာတော်ကို ဦးဆောင်ခိုင်းတယ်။ သူလည်း အားပေးမယ်၊ ပထမဆုံး ပြောခဲ့တယ်။ မှော်ဘီမှာလုပ်တဲ့ ပထမသံဃာညီလာခံမှာ သီတဂူဆရာတော်တက်ပြီး မိန့်ခွန်း ပြောပေးတယ်။ ဒီ မ.ဘ.သ ဖွဲ့စည်းတဲ့ ပထမအစည်းအဝေးမှာလည်း ဆရာတော်ကြီးကိုယ်တိုင်တက်ပြီး လမ်းညွှန်မှုတွေပေးတယ်၊ ဆရာတော်ကြီးလမ်းညွှန်တဲ့အတိုင်း လိုက်ဆောင်ရွက်တယ်။ အဲဒီတုန်းက ဆရာတော်ကြီးကိုယ်တိုင် ဒုဥက္ကဋ္ဌဆိုပြီး လက်မှတ်ထိုးပြီး ယူတယ်။ ဒီဘက်ဖြတ်သန်းလာတဲ့(၂)နှစ် သက်တမ်းတခုမှာတော့ ဒို့တွေကြားထဲ ဘာပြဿနာမှမရှိပါဘူး။ ဒို့အဖွဲ့အနေနဲ့တော့ပေါ့။ ဒါပေမဲ့ တဦးတယောက်ကို မကြိုက်တာတွေ ရှိကောင်းရှိနိုင်မယ်၊ ဒို့လည်း သူ့ရဲ့ သြ၀ါဒကိုခံယူပြီး လုပ်တာများပါတယ်။ အခုလက်ရှိ မ.ဘ.သ အဖွဲ့ထဲ သူမ ပါဝင်တော့ဘူးပြောတာ မဟုတ်ပါဘူး။ ကြေညာချက်က သီတဂူရဲ့လုပ်ငန်းတွေ အဓိကဆောင်ရွက်တယ်လို့ သဘောမျိုး ပြောတာပါ။ ကျန်တဲ့တာဝန် ယူထားတာမရှိဘူးလို့ ဆရာတော်ကြီးက ပြောတာပါ။ ဒီဟာကိုမလုပ်တော့ပါဘူးလို့ ဒို့ကိုလည်း အကြောင်းမကြားဘူး။ နုတ်ထွက်ခွင့်လည်း မတောင်းဘူး။ သူဟာကြေညာတဲ့သဘောပဲရှိတယ်။ ဒို့နဲ့ဆန့်ကျင် ဘက်လုပ်သွားဖို့မရှိဘူး။ အဲဒီသဘောပဲရှိတယ်။ ဒို့နဲ့ ဆန့်ကျင်ဘက် လုပ်သွားဖို့မရှိဘူး။ အဲဒီသဘောလေးရှိတယ်။ သူလည်းပဲ သူ့အခြေအနေအရ ပြည်တွင်းပြည်ပသတင်းတွေ တအားပျံ့နေတော့ ထိန်းသိမ်းတဲ့ ပုံစံမျိုးလို့ ယူဆတယ်လို့၊ သို့သော် ဒို့နဲ့တော့ ကွဲလွဲမှုတော့ ဘာမှမရှိပါဘူး”ဟု မိန့်ကြားခဲ့သည်။

မ.ဘ.သ အဖွဲ့ကြီးသည် မည်သည့်နိုင်ငံရေး၊ မည်သည့်ပါတီအတွက်မျှ ပြုလုပ်ခြင်းမရှိဘဲ အမျိုးသားရေးနှင့်ဘာသာ သာသနာရေးအတွက်သာလျှင် ရှေ့တန်းတင်အလုပ်လုပ်သည်ဟု မိန့်ကြားခဲ့သည်။ ဆရာတော်မှ “အမျိုးဘာသာကိုလုပ်တဲ့အခါမှာ သူများဘာသာ၊ သူများလူမျိုး ဘယ်သူနဲ့မဆို သူတို့ကိုဆန့်ကျင်ဖို့၊ တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ ကိုယ့်ဟာကိုယ်နေတတ်အောင် သတိထားတတ်အောင် စည်းရုံးလှုံ့ဆော်ပေးတာ၊ လူမျိုးခြား ဘာသာခြား အစိုးရနဲ့ မဆိုင်ဘူး။ ဒါပေမဲ့လက်ရှိအခြေအနေကို ပြန်သုံးသပ်ကြည့်တဲ့အခါ လက်ရှိအာဏာရနေတဲ့ ပုဂ်္ဂိုလ်တွေ သူပြုတ်ကိုယ်ပြုတ်ဆိုတဲ့ ပုံစံမျိုးတိုက်ခိုက်နေတဲ့သဘောတို့က ဒီလုပ်ရပ်တွေနိုင်ငံရေးမှာ အချင်းချင်းတယောက်နဲ့ တယောက် ရန်ဖြစ်ပုတ်ခတ်နေတာ တိုင်းပြည်နာရုံပဲရှိမယ်။ ညီညွတ်ကြပါ။ တခုတော့ရှိတာက ဒို့က သူတို့နဲ့ မပူးပေါင်းတဲ့အခါမှာ လုပ်ရပ်တွေ မှေးမှိန်အောင်၊ ပျက်ပြားအောင်၊ နာမည်ပျက်အောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးတာတွေရှိတယ်။ အထူးသဖြင့် အများက လက်ရှိ အာဏာရှင်ကို မုန်းတီးနေတော့ အဲဒါကိုအာဏာရှင်ခိုင်းလို့ လုပ်တယ်။ အာဏာရှင် လက်ကိုင်တုတ် လုပ်တယ်။ မဖြစ်ဖြစ်အောင် ဖန်တီးတယ်။ ဒို့က အာဏာရှင်အတွက်လည်း မလုပ်ဘူး။ ဘယ်သူ့မျက်နှာမှ မထောက်ဘူး။ သို့သော် ဘာသာရေးမျက်နှာပဲထောက်တယ်။ သူများကိုဆန့်ကျင်တိုက်ခိုက်နေတာမဟုတ်ဘူး။ ဘာသာသာသနာကိုပဲ ကြည့်တယ်။ သူများပြောတာတွေကို မှားတယ်၊ မှန်တယ် မပြောဘူး။ သို့သော် စွပ်စွဲပုတ်ခတ်တဲ့အပေါ် မဟုတ်ရင်မဟုတ်တဲ့အကြောင်း ရှင်းပြဖို့လိုအပ်တယ်”ဟုမိန့်ကြားခဲ့သည်။

၂၀၁၅ ဇန်န၀ါရီ ၁၃ ရက်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သီတဂူဆရာတော်ကြီးသည် International Association of Theravada Buddhist University(ATBU) ပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့၏ အဓိကပတိ၊ မန္တလေးမလွန်ဆန်လှူအသင်းကြီး၏ သြ၀ါဒစရိယ ရန်ကုန် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သြ၀ါဒစရိယမှတပါး မြန်မာနိုင်ငံအတွင်း မည်သည့် ဘာသာရေး အသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့များတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်း မရှိကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment