Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 1, 2015

သိန်းထောင်ချီတဲ့စိတ်ကူး

ကျပ်သိန်းတစ်ရာခန့်ငွေကို ရင်းနှီးကာ လာမည့်နှစ်အနည်းငယ်အတွင်း ကျပ်သိန်းထောင်ချီချမ်းသာသူတစ်ဦးဖြစ်လာရန် ဒေါ်မာမြင့် (အမည်ပြောင်း)က ရည်မှန်းထားသည်။ သာမန်လခစားဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်မာမြင့်က သူစုဆောင်းလာခဲ့သည့်ငွေများကို အမြတ်အစွန်းရရန် ရာနှုန်းပြည့်နီးပါးသေချာနေသည့် စီးပွားရေးလုပ်ငန်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ လက်ထဲတွင် ရှိသည့်ငွေဖြင့် သင့်လျော်သည့် မြေတစ်ကွက်ကို ၀ယ်ယူရင်းနှီးမြှုပ်နှံထားခြင်းဖြင့် ဘာမှမလုပ်ရန်မလိုဘဲ နေ့စဉ်နှင့်အမျှ မြေကွက်ဈေးနှုန်းမြင့်တက်လာပြီး နှစ်အနည်းငယ်အတွင်း ကျပ်သိန်းထောင်ချီအမြတ်အစွန်းရကာ သူ့မိသားစုအတွက် သင့်လျော်သည့် နေအိမ်တစ်လုံး ၀ယ်ယူနိုင်လိမ့်မည်ဟု ဒေါ်မာမြင့်ယုံကြည်ထားသည်။

သို့သော် မန္တလေးမြို့တွင် နေထိုင်သော ဒေါ်မာမြင့်အတွက် သူ့လက်ထဲတွင်ရှိသည့် ကျပ်သိန်းတစ်ရာခန့်က မြို့ပေါ်ရှိ မြေကွက်ဝယ်ယူရန်မဆိုထားနှင့် မန္တလေးမြို့ပြင်ရှိ ကျေးရွာများမှ မြေတစ်ကွက်ကိုပင် ၀ယ်ယူရရှိနိုင်သည့် ပမာဏမဟုတ်ပါ။ ထို့ကြောင့် ဒေါ်မာမြင့်က သူ့မိတ်ဆွေများနှင့်စုပေါင်းပြီး အိမ်ခြံမြေဈေးကွက်အတွင်း ၀င်ရောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

မိတ်ဆွေသုံးဦးခန့်စုပေါင်းပြီး ငွေကျပ်သိန်းနှစ်ရာခန့်ရရှိလျှင်မူ မန္တလေးမြို့အနီးဝန်းကျင်ရှိ ပုသိမ်ကြီး၊ မတ္တရာ၊ အမရပူရ စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာမြေအချို့နှင့် လယ်ယာမြေများကို ၀ယ်ယူနိုင်မည်ဖြစ်သည်။

‘‘အနိမ့်ဆုံးသိန်းနှစ်ရာလောက်ရှိရင်ရပြီ။ ၀ယ်ရောင်းပဲလုပ်လုပ်၊ မြေကွက်ဝယ်ပြီး ရင်းရင်လည်း ရင်းထား။ သေချာတာက အရှုံးမရှိဘူး။ နေရာကောင်းလေးသာရခဲ့ရင် နှစ်ပိုင်းအတွင်း သိန်းထောင်ချီဈေးတက်လာမယ်’’ဟု ဒေါ်မာမြင့်က တက်ကြွစွာပြောပြသည်။

‘‘အခုမှစလုပ်ရမှာဆိုတော့ နောက်တောင်ကျနေပြီလား မသိဘူး။ သူများတွေဆို အိမ်ခြံမြေအလုပ်နဲ့ ချမ်းသာလာပြီ။ မန္တလေးမှာ ၀န်ထမ်းတွေရော၊ သူဌေးတွေရော၊ တရုတ်တွေရော၊ ရွာကလူတွေရော အားလုံးက ဒီအလုပ်ပဲ လုပ်ကြတယ်။ ဒီအလုပ်က အိမ်ပိုင်ရာပိုင်ဖြစ်ဖို့၊ ချမ်းသာဖို့ အကောင်းဆုံးနည်းလမ်းပဲ’’ဟုလည်း ဆိုသည်။

မြေကွက်များကို ၀ယ်ယူရင်းနှီးမြှုပ်နှံထားခြင်းက မြန်မာနိုင်ငံတွင် အကျိုးအမြတ်အရှိဆုံး စီးပွားရေးလုပ်ငန်းဖြစ်လာသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်ကတည်းကဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲများ၊တရုတ်လူမျိုးချမ်းသာသူများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြင့် နေ့စဉ်စီးပွားဥစ္စာတိုးတက်လျက် ရှိနေသည်။

ယနေ့အချိန်တွင်မူ ဒေါ်မာမြင့်ကဲ့သို့ အစိုးရ၀န်ထမ်းများနှင့် အနည်းငယ်ငွေကြေးတတ်နိုင်သူများကပါ ၎င်းတို့လက်ထဲတွင်ရှိသည့် ငွေကြေးဖြင့် အိမ်ခြံမြေဈေးကွက်အတွင်း ၀င်ရောက်ကာ အကျိုးအမြတ်ရရန် တာစူနေကြသည်။ မြေကွက်ဝယ်ယူထားခြင်း၊ မြေဈေးကစားခြင်းများက စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်လုပ်ကိုင်ခြင်းများထက် ပိုမိုအကျိုးအမြတ်ရမည်ဟု အများစုက ယုံကြည်လာနေကြသည်။

ယခင်က ငွေကြေးချမ်းသာသည့် လုပ်ငန်းရှင်ကြီးများနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များသာ အဓိကလုပ်ကိုင်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် ကျောက်မျက်ကုန်သည်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ငွေပိုငွေလျှံအနည်းငယ်ရှိသည့် သာမန်လူတန်းစားများနှင့် အစိုးရ၀န်ထမ်းများပါ အိမ်ခြံမြေဈေးကွက်အတွင်း ၀င်ရောက်လာကြပြီး အိမ်ခြံမြေဈေးကစားနေကြပြီဖြစ်သည်ဟု မန္တလေးမြို့ခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

၂၀၁၂ မြေယာဥပဒေ ပေါ်ထွက်လာပြီးနောက်ပိုင်း လယ်ယာမြေများ အရောင်းအ၀ယ်ပြုလုပ်လာနိုင်ခြင်းကလည်း ဒေါ်မာမြင့်ကဲ့သို့ ငွေကြေးအရင်းအနှီးနည်းပါးသူများအတွက် အိမ်ခြံမြေဈေးကွက်အတွင်း ၀င်ရောက်လာနိုင်ရန် တံခါးဖွင့်ပေးသကဲ့သို့ ဖြစ်ခဲ့သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ဆိုကြသည်။ မြို့ပေါ်ရှိ ကျပ်သိန်းထောင်ချီ မြေကွက်များကို လက်လှမ်းမမီသူများက ကျပ်သိန်းဆယ်ဂဏန်းနှင့် ရာဂဏန်းတန်ဖိုးရှိ လယ်ယာမြေများကို အရောင်းအ၀ယ် လုပ်ကိုင်ကြခြင်းဖြင့် ပေါက်ဖော်ကြီးများ ဖောက်ခဲ့သည့်လမ်းကို လှေကြုံစီးလိုက်ပြီး ငွေရှာကြခြင်းဖြစ်သည်ဟုဆိုသည်။

‘‘အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းက အရင်ကတော့ တရုတ်တွေ အဓိကလုပ်ကြတာပေါ့ဗျာ။ အခုတော့ အားလုံးက အိမ်ခြံမြေဘက်ဝင်လုပ်ကုန်ကြပြီ။ အိမ်ခြံမြေပွဲစားလုပ်ဖို့ကလည်း ဈေးကွက်အကြောင်း ဘာမှနားလည်စရာမလိုဘူး။ ရောင်းမယ်ဆိုတဲ့ စာရွက်ပါရင်ကို ကြိုက်တဲ့လူက ၀ယ်နေကြတာပဲ’’ဟု အိမ်ခြံမြေအရောင်းအ၀ယ်လုပ်ငန်းများ စန်းထနေကြောင်းကို မန္တလေးမြို့ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်။‘‘လုပ်ငန်းရှင်မှန်သမျှကလည်း အိမ်ခြံမြေကိုစိတ်ဝင်စားတယ်။ မြေကို စိတ်မ၀င်စားတဲ့ စီးပွားရေးသမားရှိကိုမရှိတာ။ ရွေးချယ်မှုမှန်ကန်ရင် အကျိုးအမြတ်ကလည်း အရမ်းများတာကိုး’’ဟု ၎င်းကမှတ်ချက်ပြုသည်။

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်တွင် အဓိကအရောင်းအ၀ယ်လုပ်ကိုင်နေသူများမှာ တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပြီး မန္တလေးမြို့ အိမ်ခြံမြေဈေးနှုန်းမြင့်တက်ခြင်းမှာ တရုတ်နိုင်ငံမှ စီးဝင်လာသော ငွေကြေးများနှင့် များစွာသက်ဆိုင်နေသည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။ တရုတ်နိုင်ငံတွင်းမှ သက်သာသောဘဏ်အတိုးနှုန်းဖြင့်ငွေချေးကာ မြန်မာနိုင်ငံအတွင်း လာရောက်မြေဈေးကစားခြင်းများကြောင့်လည်း အိမ်ခြံမြေဈေးတက်ကာ အရောင်းအ၀ယ်သွက်နေခြင်းဖြစ်သည်ဟု မြို့ခံများကဆိုသည်။

မြို့ကွက်သစ်များ စတင်ဖော်ထုတ်သည့် ၁၉၉၀ ပြည့်နှစ် ခုနှစ်ဝန်းကျင်ကာလများမှ စတင်ကာ ကျယ်ပြန့်လာသည့် မန္တလေးမြို့ အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်မှာ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကျွန်းအား ဗြိတိသျှမှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးချိန်တွင် တရုတ်နိုင်ငံမှ ငွေကြေးအမြောက်အမြား မန္တလေးအိမ်ခြံမြေဈေးကွက်သို့ စီးဝင်လာခဲ့ခြင်းနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး အရောင်းအ၀ယ်သွက်ခဲ့သည်။

၂၀၀၃ခုနှစ် ပြည်တွင်းဘဏ်များပြိုလဲချိန်တွင် ငွေကြေးအများအပြား အိမ်ခြံမြေဈေးကွက်အတွင်းသို့ ၀င်ရောက်လာကာ အိမ်ခြံမြေဈေးနှုန်းများ ထပ်မံမြင့်တက်ကာ အရောင်းအ၀ယ်သွက်ခဲ့ကြောင်း မြို့ခံဝါရင့် အိမ်ခြံမြေအကျိုးဆောင် Royal ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးတင်မောင်က အတွေ့အကြုံကို ပြောသည်။

တရုတ်နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတစ်ခုဖြစ်တိုင်း မန္တလေးအိမ်ခြံမြေဈေးကွက်ပေါ် ရိုက်ခတ်မှုရှိပြီး တရုတ်လူမျိုးများ အဓိကရင်းနှီးမြှုပ်နှံထားသည့်အတွက် တရုတ်ငွေဈေးတက်ချိန်တွင်လည်း မန္တလေးအိမ်ခြံမြေဈေးကွက် ဈေးတက်လေ့ရှိသည်ဟု ဦးတင်မောင်ကပြောသည်။၂၀၁၁ အတွင်း မန္တလေးမြို့၏ အိမ်ခြံမြေကဏ္ဍမှာ အရောင်းအ၀ယ် အကောင်းဆုံးနှင့် အကျိုးအမြတ်အများဆုံးဖြစ်ခဲ့သည်။ အစိုးရသစ်တက်လာပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာချိန်တွင် မြေနေရာပိုင်ဆိုင်ထားသူများ အကျိုးအမြတ်ရလိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များက တွက်ဆခဲ့ကြကာ မြေကွက်များ ကြိုတင်ဝယ်ယူထားခြင်းဖြစ်သည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထင်သလောက်ဝင်ရောက်လာခြင်းမရှိသကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများမှာလည်း အမြင့်ဆုံးအထိ ရောက်ခဲ့သည့်အတွက် ၂၀၁၃ မှစတင်ကာ အိမ်ခြံမြေအရောင်းအ၀ယ်ဈေးကွက်ပြန်အေးသွားခဲ့သည်။ ထိုအခြေအနေတွင် အစိုးရက ထုတ်ပြန်လိုက်သည့် လယ်ယာမြေဥပဒေသစ်ကြောင့် ယခင်ကမြို့ပေါ်ရှိ ပိုင်ဆိုင်မှုခိုင်မာသည့် ဂရန်ပေါက်မြေကွက်များကိုသာ အရောင်းအ၀ယ်ပြုလုပ်နေသည့် ငွေကြေးများက လယ်ယာမြေဘက်သို့ ဦးတည်သွားခဲ့သည်။

ဥပဒေကလည်း လယ်ယာမြေများကို တရားဝင်ရောင်းချခွင့်၊ ၀ယ်ယူခွင့်ပြုပေးထားရာ ယခင်က မြို့ပေါ်ရပ်ကွက်များကိုသာ အရောင်းအ၀ယ်ပြုလုပ်နေကြရာမှ လယ်ယာမြေများကို အလုံးအရင်းဖြင့် ၀ယ်ယူစုဆောင်းမှုများ ပြုလုပ်ကြတော့သည်။ လက်ရှိအချိန်တွင် လယ်ယာမြေအရောင်းအ၀ယ်လုပ်ငန်းမှာ မန္တလေးမြို့နှင့်အနီးဝန်းကျင်ဒေသများ၌ အဆမတန်ကြီးထွားလာနေသည်ဟု မန္တလေးမြို့ခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

‘‘အရင်က တရုတ်တွေက လယ်ယာမြေဆိုမ၀ယ်ဘူး။ ဥပဒေသစ်ထွက်လာပြီး လယ်ယာမြေတွေကို ပေါင်နှံခွင့်၊ ရောင်းချခွင့်ရှိတယ်လည်းဆိုရော အခုကျတော့ တရုတ်တွေက ရသမျှမြေ အကုန်ဝယ်နေတယ်။ လယ်မြေ၊ ယာမြေ၊ တောင်ပေါ်မြေ ဘာမှမရွေးဘူး။ မြေကွက်က ဘယ်နေရာမှာရှိတာလဲဆိုတာတောင် သိပ်မစဉ်းစားကြတော့ဘူး’’ဟု ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။

လယ်ယာမြေများအရောင်းအ၀ယ်လုပ်ကိုင်ရာတွင် အခွန်ငွေပေးဆောင်ရန် သီးခြားသတ်မှတ်ထားမှုမရှိခြင်းကြောင့်လည်း မြေဈေးကစားရန် အဓိက ၀ယ်ယူနေကြခြင်းဖြစ်သည်။

‘‘ဂရန်မြေ၀ယ်ရင် အခွန်ဆောင်ရမယ်။ အခုနောက်ပိုင်း အစိုးရက ငွေမည်းခ၀ါချမှုတိုက်ဖျက်ရေးတို့၊ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးတို့ ဆိုတာတွေကလည်း လုပ်နေတယ်။ လယ်ယာမြေ၀ယ်ထားရင် ဘယ်အစိုးရဌာနမှ သွားစရာမလိုဘူး။ ဘယ်သူကမှလည်း မစစ်ဘူး။ ပုံစံ(၇)ကိုင်ထားလိုက်ရင်ပြီးပြီလေ။ အဲဒါကြောင့် အခုနောက်ပိုင်း တရုတ်တွေက လယ်ယာမြေတွေအဓိက၀ယ်နေတာ’’ ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။ မြို့ပေါ်ရှိ ဂရန်ပေါက်မြေများအတွက် အိမ်ခြံမြေဈေနှုန်းကျဆင်းစေရန်နှင့် တရားမ၀င်ငွေကြေးများ ၀င်လာမှုမရှိစေရန် အစိုးရက ထိန်းချုပ်ရန်ကြိုးစားနေသော်လည်း ကြီးထွားလာနေသည့် လယ်ယာမြေအရောင်းအ၀ယ်လုပ်ငန်းအပေါ် အစိုးရ ထိန်းချုပ်မှုမရှိသေးဘဲ ဖြစ်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ပြင်ဦးလွင်မြို့တွင် အိမ်ခြံမြေ၀ယ်ယူသူများက အခွန်ဆောင်ရန်မလိုသည့် မြို့အနီးဝန်းကျင်ရှိ ကျပ်သိန်းရာချီဈေးပေါက်သော လယ်ယာမြေများကို အဓိက၀ယ်ယူနေကြသည်ဟု ပြင်ဦးလွင်ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

တရားမ၀င်ငွေကြေးများမှာလည်း မြို့ပေါ်ရှိ ဂရန်ပေါက်မြေကွက်များထက် လယ်ယာမြေကဏ္ဍသို့ အများစုဝင်ရောက်လာနေသည်ဟု ထင်မြင်မိကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

‘‘လယ်ယာမြေတစ်ဧကမှ သိန်းလေး၊ ငါးဆယ်၊ တစ်ရာပဲ ဈေးရှိတာ။ မြို့ပေါ်က မြေကွက်တွေနဲ့ ယှဉ်လိုက်ရင်ဈေးကအရမ်းကွာတယ်။ အဲဒီတော့ တရုတ်ရော၊ ဗမာရောဝယ်ပြီး ရင်းထားကြတာပေါ့’’ဟု မန္တလေးမြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကလည်း ပြောသည်။

စီမံကိန်းတစ်ခုလျှင် မြေဈေးတက်ရန် မျှော်လင့်ချက်ဖြင့် လိုက်ဝယ်ကြသကဲ့သို့ စီမံကိန်းဖော်ဆောင်မည့်မြေနေရာတွင် ကြိုတင်မြေကွက်ဝယ်ယူထားသူများမှာ အမြတ်အစွန်းများစွာရကြသည်ဟု ဆိုသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက အမြတ်အစွန်းရရှိရန်အတွက် လယ်ယာမြေများဝယ်ယူကြခြင်းဖြစ်သော်လည်း တရုတ်လုပ်ငန်းရှင်များက မြေနေရာလက်ဦးမှုရရှိရန် လယ်ယာမြေများ ၀ယ်ယူကြခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မန္တလေးမြို့အနီးဝန်းကျင်ရှိ လယ်ယာမြေများကို စီးပွားရေးသမားများက ၀ယ်ယူထားကြပြီးဖြစ်သကဲ့သို့ ရန်ကုန်-မန္တလေးအမြန်လမ်းမဘေး၊ တံတားဦးမြို့နယ်၊ အမရပူရ၊ ပုသိမ်ကြီး၊ စစ်ကိုင်း၊ မတ္တရာ၊ ကျောက်ဆည်၊ ပြင်ဦးလွင်မြို့နယ်များအတွင်းရှိ လယ်ယာမြေများပါ အရောင်းအ၀ယ်ဖြစ်နေသည်ဟု ဆိုသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင် မန္တလေးမြို့အထွက်မှ နွားထိုးကြီးနှင့် သာစည် စသည့်မြို့နယ်များအထိ ကားလမ်းမဘေးတစ်လျှောက် လယ်ယာမြေများမှာ ဒေသခံတောင်သူများ ပိုင်ဆိုင်မှုမရှိတော့ဘဲ စီးပွားရေးသမားများက ၀ယ်ယူထားကြပြီးဖြစ်သည်ဟု ဆိုသည်။

တောင်သူတို့၏ လယ်ယာမြေအများအပြားကို တရုတ်လူမျိုးများနှင့် စီးပွားရေးသမားများက ၀ယ်ယူပိုင်ဆိုင်ထားခြင်းကြောင့် လယ်ယာမြေပိုင်ဆိုင်မှုပြဿနာများနှင့် အခြားဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပြီး အစိုးရအဖွဲ့က ထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်သည်။

‘‘ငွေဈေးက အရမ်းကွာတယ်။ မြန်မာငွေသိန်းတစ်သောင်းကို တရုတ်ငွေသိန်း ၆၀ လောက်ပဲရှိတယ်။ သူတို့ဆီမှာ ကလေးမုန့်ဖိုးပေးသလောက်ငွေပမာဏက ဒီမှာကျတော့ တရင်းတနှီးကြီးကို ဖြစ်နေတာ။ ကြာရင် ပိုင်ဆိုင်မှုပြဿနာတွေ ဖြစ်လာနိုင်တယ်’’ဟု မန္တလေးမြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးကျော်ဝင်းက ပြောသည်။

လယ်ယာမြေ၀ယ်ယူသူများက လတ်တလောတွင် ပုံစံ(၇)ကိုသာ ရယူသွားပြီး မူလတောင်သူများကို ပုံမှန်အတိုင်း သီးနှံပြန်လည်စိုက်ပျိုးခွင့်ပေးထားသည်ဟု လယ်ယာမြေရောင်းချမှုများပြုလုပ်ခဲ့သည့် တံတားဦးမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ တောင်သူများကပြောသည်။ ပုံမှန်အတိုင်း သီးနှံစိုက်ပျိုးခွင့်ရသကဲ့သို့ မက်မောလောက်သည့် ငွေပမာဏပေးဝယ်ယူကြသောကြောင့် လယ်ယာမြေများရောင်းချကာ တောင်သူများက ကားဝယ်စီးကြသည်ဟု မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများကဆိုသည်။

မြို့ပေါ်ရှိမြေကွက်များသာမက မြို့ကြီးများ၏ ပတ်ဝန်းကျင်ရှိ အိမ်ရာဖော်ဆောင်နိုင်မည့် လယ်ယာဥယျဉ်ခြံမြေများကိုပါ ငွေကြေးချမ်းသာသူများ၊ အိမ်ခြံမြေဈေးက စားသူများက ၀ယ်ယူရင်းနှီးမြှုပ်နှံထားခြင်းမှာ မြို့သစ်ချဲ့ထွင်ခြင်းနှင့် အိမ်ရာဖော်ဆောင်ခြင်းကဲ့သို့ လုပ်ငန်းများလုပ်ကိုင်ရန်အတွက်လည်း အခက်အခဲဖြစ်စေမည်ဟု မန္တလေးမြို့ခံ ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးဇင်မင်းဆွေ(ဗိသုကာ)ကပြောသည်။

အကျိုးဆက်အဖြစ် တိုးတက်လာမည့်လူဦးရေအတွက် အစိုးရက အိမ်ရာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်တော့မည်မဟုတ်ဘဲ ယင်းသို့မပြည့်စုံမှုအတွက် အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများအတွက် အိမ်ရာလိုအပ်ချက် မြင့်တက်လာမည်ဖြစ်သည်။

လိုအပ်ချက်ကြောင့် အိမ်ခြံမြေဈေးနှုန်းများ၊ အငှားဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည် ဖြစ်သကဲ့သို့ ကျူးကျော်နေထိုင်သူများလည်း ထပ်မံတိုးပွားလာမည်ဖြစ်သည်ဟု CADဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇင်မင်းဆွေ(ဗိသုကာ)က သုံးသပ်သည်။

‘‘ဒါက နိုင်ငံတော်အနေနဲ့လည်း ရေရှည်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်’’ဟု ၎င်းကပြောသည်။

‘‘နိုင်ငံတော်အနေနဲ့ အနာဂတ်မြို့ပြချဲ့ထွင်ဖို့အတွက် မြို့ပြအရံမြေတွေ(Reserved Land)ထားရှိပြီး မြို့ပြစနစ်တကျဖွံ့ဖြိုးမှုအတွက် ကြိုတင်တွက်ချက်ပြီး စီမံကိန်းတွေကို ကြိုတင်လျာထားသင့်ပါတယ်။ မြို့ပြတိုးချဲ့မယ့်နေရာတွေကို နိုင်ငံတော်ကနေပြီးကြို တင်ဝယ်ယူကာ (Grovernment Land Bank)အနေနဲ့ ထားရှိမယ်ဆိုရင် လယ်တွေကိုလိုက်ပြီး ၀ယ်လှောင်နေတာတွေ အထိုက်အလျှောက်တော့ လျော့နည်းသွားဖို့ရှိပါတယ်’’ဟု ၎င်းကအကြံပြုသည်။

ဒေါ်မာမြင့်ကတော့ ကျပ်သိန်းတစ်ရာပင်မပြည့်သည့် သူ့ငွေကို အိမ်ခြံမြေကဏ္ဍတွင်ရင်းနှီးပြီး ရရှိလာသော အမြတ်အစွန်းဖြင့် စား၊ ၀တ်၊ နေရေးအတွက် မတောင့်မတရဘဲ ပြည့်စုံသည့်ဘ၀တစ်ခုဖြစ်လာရန် အိပ်မက်မက်ထားပါသည်။

No comments:

Post a Comment