Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ လျာထားသည့် အဆင့်သာ ရှိသေး

Written by  ဝင်းကိုကိုလတ်

နေပြည်တော် (မဇ္ဈိမ)။ ။ ယခုနှစ် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကိုယ်စားလှယ်များအတည်ပြုမရွေးချယ်သေးပဲ လျာထားသည့်အဆင့်သာရှိသေးသည်ဟု ပါတီတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နေပြည်တော် လွှတ်တော်ရုံတွင် ကျင်းပလျှက်ရှိသည့် ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမဆုံးနေ့သို့ တက်ရောက်လာသည့် ဟင်္သတမြို့နယ် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ) လွှတ်တော်အမတ် ဦးဌေးဦးအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)

ပြည်ခိုင်ဖြိုး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦးက 'ကိုယ်စားလှယ်လောင်း မရေးတာ မဟုတ်ပါဘူး၊ ရွေးထားပါတယ်၊ ဒါပေမယ့် အတည်မဖြစ်သေး ပါဘူး၊ လျာထားတဲ့ အဆင့်သာ ရှိပါသေးတယ်' ဟု ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ်မြောက် ပါတီဗဟို ကော်မတီ အစည်းအဝေးကို ယခုလ ၁၆နှင့် ၁၇ ရက်များက ပါတီရုံးချုပ် တည်ရှိရာ
နေပြည်တော်၊ ဒက္ခိဏသီရိမြို့တွင် ကျင်းပခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

၎င်းက 'ပါတီက တာဝန်ပေးတဲ့သူတွေဝင်ပြိုင်ကြမယ်၊ ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲအတွက်ဆို ၂၀၀၆ ကတည်းက လျာထားတာပါ' ဟု ပြောကြားသည်။

ထိုလျာထားလျက်များထဲမှ ပါတီတွင် ဆက်လက်လုပ်ကိုင်နေသူ၊ အစိုးရအဖွဲ့တွင်ပါဝင်သွားသူနှင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားသူ ဟူ၍သာ ကွဲပြား၍ မည်သည့်ကွဲပြားမှုမျိုးမှ မရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗဟိုအကြံပေး ဦးအောင်သောင်းအပါအဝင် ထိပ်တန်းခေါင်းဆောင် အချို့ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဟူသော သတင်းအချို့ထွက်ပေါ်နေသော်လည်း ဦးဌေးဦးက အတည်ပြုခြင်း မရှိပေ။

ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဇော်မြင့်ဖေကမူ ကိုယ်စားလှယ်များသည် ပါတီသာမက လူထုက ကြိုက်နှစ်သက်သူပါ ဖြစ်ရန် လိုအပ်သည်ဟုလည်း ပြောကြားသည်။

ယခုကျင်းပသည့် အစည်းအဝေးသည် ပါတီ၏ပုံမှန်အစည်းအဝေးသာဖြစ်ပြီး ထူးခြားလှသည့် ဆုံးဖြတ်များ မချမှတ်ခဲ့ဟု ဆိုသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရခဲ့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ရှုံးနိမ့်ခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/37291-2015-01-18-14-37-35

No comments:

Post a Comment