Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ကျွန်ုပ်နှင့်ဖူးခက်မြို့လုံးကျွတ် ပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲကြီး

(တစ်)
‘‘ဒီအတိုင်းဆိုရင်ဖြင့်ထိပ်သီးတွေသိပ်များလွန်းနေပြီဆြာရဲ့။ တော်ရုံခန်းမနဲ့တော့ဆံ့မယ်မထင်ဘူးနော်’’
‘‘မပူပါနဲ့မောင်၊ ဘောလုံး ကွင်းခပ်ကြီးကြီးဆိုရင်တော့ အဆင်ပြေလောက်ပါတယ်လေ’’
‘‘တစ်ယောက်ကိုအနည်းဆုံးတစ်မိနစ်တော့ စကားပြောခွင့်ပေးမှဖြစ်မယ်ဆြာ’’
‘‘ဟကောင်၊ တက်ရောက် မယ့်ထိပ်သီးဦးရေက ငါးထောင် ဝန်းကျင်ဆိုတော့ နင့်အစီအစဉ် အတိုင်းဆိုရင် လနဲ့ချီပြီးကျင်းပရ မလိုဖြစ်နေပြီ’’
‘‘ဒါဆိုလည်း တစ်ယောက် စက္ကန့်သုံးဆယ် ထားလိုက်ရင် ကောဆြာ’’
‘‘နေဦး၊ စက္ကန့်ခြောက်ဆယ်တစ်မိနစ်၊ မိနစ်ခြောက်ဆယ်တစ်နာရီဆိုတော့ တစ်မိနစ်နှစ်ယောက်၊ တစ်နာရီအယောက် တစ်ရာ့နှစ်ဆယ် ဒါလည်းဟန် မကျသေးဘူးမောင်’’
‘‘ဆယ့်ငါးစက္ကန့်ထက်တော့ပိုလို့မဖြစ်ဘူးထင်ပါရဲ့ဆြာ’’
‘‘ဒါတောင်နှစ်ဆယ့်လေး နာရီ မထစတမ်းထိုင်နိုင်ကြမှာဖြစ်မှာ မဟုတ်သေးဘူးမောင်ရ’’
‘‘စင်ပေါ်မှာတန်းစီပြီးရယ်ပြခိုင်း၊ ချက်ချင်းဆင်းသွားခိုင်း လိုက်တာအေးပါတယ်ဆြာ’’
‘‘စင်ပေါ်တက်ခိုင်းပြီးမှ ဘာ တစ်ခွန်းမှမပြောရဘဲ ပြန်ဆင်းခိုင်းရင်ကော ကျေနပ်ကြပါ့မလားကွာ’’
ဤသို့လျှင် ကျွန်ုပ်၊ ဖေကြည်၊လေမင်းသားနှင့် ကပ္ပလီတည်းဟူသော ဆြာတပည့်တစ်သိုက်ခေါင်းချင်းဆိုင်၍ မီးတောက်မတတ် ခေါင်းခြောက်နေကြရခြင်း၏ အကြောင်းရင်း နောက်ခံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
(နှစ်)
အကယ်၍ သင်သည် ကျွန်ုပ်တို့၏ ဇာတိနိုင်ငံနှင့်အလှမ်းမဝေး လှသော ယိုးဒယားပြည်တောင် ပိုင်း ဖူးခက်အမည်ရှိကျွန်းမြို့ငယ် သို့ အလည်အပတ်ဖြစ်စေ၊ အခြား တစ်စုံတစ်ရာသောအကြောင်းကိစ္စကြောင့်ဖြစ်စေ ရောက်ရှိခဲ့ပါ မူ ထိုကျွန်းမှမြန်မာသူကြီးမင်း၏ အိမ်ရှိရာသို့ လမ်းညွှန်ပါရန်လမ်း ၌တွေ့သူ တစ်စုံတစ်ယောက်အား မေးမြန်းစုံစမ်းခဲ့သည်ရှိငြားအံ့။ ထိုသူသည် ကျွန်ုပ်နေထိုင်ရာ အိမ် ဂေဟာသို့ ဒက်ခနဲဒုတ်ဒုတ်ထိ အပ်ကျမပ်ကျ ညွှန်ပြပေလိမ့် မည်။ ဤသည်ပင် ကျွန်ုပ်သည် ဖူးခက်မှ မြန်မာရွှေ့ပြောင်းလုပ် သားတို့၏ ထိပ်သီး၊ သူကြီးစစ် စစ်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေသာဓကဖြစ်ချေမည်။
စင်စစ်ကျွန်ုပ်သည်အဆိုပါ သူကြီးရာထူးကို အော်တိုမစ်တစ် နည်းဖြင့် အလိုအလျောက်ရရှိခဲ့သည်ဟုဆိုနိုင်သည်။ ထိုသို့ဖြစ်ရန် အရေးပါလှသည့်အချက်မှာ ကျွန်ုပ်ကဲ့သို့ ပင်ကိုစိတ်ရင်း ကောင်းသူ၊ စေတနာကြီးသူ၊ ရုပ်ရည်လက္ခဏာအားဖြင့်တင့်တယ်ခံ့ညားသူတစ်ဦးအနေဖြင့် အဆိုပါသူကြီးရာထူးအတွက် အများ သဘောတူခြင်း၊ မတူခြင်းသည် ရေးကြီးခွင်ကျယ်သဘောထားရန် ကိစ္စတစ်ရပ်မဟုတ်သော ကြောင့်ဖြစ်နိုင်လေ၏။ ထို့အပြင်ဖူးခက်ရောက်မြန်မာတို့သည် နေ့စာ၊ ညစာအလျဉ်မီရေးအတွက် ထိုင်းအလုပ်ရှင်တို့စေခိုင်းသမျှ နေ့ရော၊ ညပါ ဇောက်ချလုပ်ကိုင်နေရသဖြင့် ခန္တီတည်းဟူသောသည်းခံခြင်းတရားလွန်စွာလက်ကိုင်ထားကြလျက် ဘာ သိဘာသာ၊ရေလိုက်ငါးလိုက်နေတတ်ကြခြင်းသည်လည်း ကျွန်ုပ်ဖူးခက်သူကြီးဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ချေသေးသည်။
ထို့အတူ ဖူးခက်မြို့ကြီးတွင် ထိုင်းပုလိပ်၊ ထိုင်းကလေး၊ ထိုင်းခွေးပါမကျန် မြင်မြင်သမျှ ကြောက်လန့်နေရသော မြန်မာတို့အဖို့သူကြီးရာထူးအတွက် ပွင့်လင်းမြင်သာ ရေရာသေချာသော ရွေးကောက်တင်မြှောက်မှု တစ်စုံတစ်ရာလိုအပ်သည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ စကားဟဟ မဆိုရဲကြလေ။ ထိုနည်းတူ ဖူးခက်မြို့တွင် နှစ်ပရိစ္ဆေဒကြာမြင့်စွာ ထိုင်းပုလိပ်တို့၏ အားကိုးဖြင့် လူတွင်ကျယ်လုပ်နိုင်ခဲ့သူ ကျွန်ုပ်၏အရှိန်အဝါ၊ ဩဇာကို ကြောက်ရွံ့ကြသည်လည်း ဖြစ်နိုင်ပြန်၏။
ထိုထိုသောအကြောင်းများ ကြောင့် ကျွန်ုပ်၏သူကြီးရာထူးနှင့် စပ်လျဉ်း၍ တရားမျှတထိုက်တန် ခြင်းရှိ၊ မရှိ အချေအတင်ဆွေးနွေးရန် အကြောင်းတစ်စုံတစ်ရာ မပေါ်ပေါက်လေရာ အများသဘောတူပြီးဖြစ်သည်ဟုယူဆရန်၊ အကြောင်းလုံလောက်ပြီဟု သာ ယူဆရန်ရှိပေတော့သည်။
(သုံး)
ဤသို့လျှင် ထိုင်းပုလိပ်၊ထိုင်းသူဌေးတို့နှင့် ပလဲနံပသင့် ရုံမျှမက လက်ပါးစေအဖြစ် မြန်မာလူလည် အချို့ကိုပါ စည်းရုံးထားနိုင်သည့် ကျွန်ုပ်သည် ဖူးခက်ရောက်မြန်မာတို့အပေါ် ဩဇာညောင်းလာခဲ့သည်မှာ ငါးနှစ်ဝန်းကျင်မျှပင်ပြည့်ပေတော့မည်။ သို့သော် ယခုရက်ပိုင်းကာလများအတွင်း ကျွန်ုပ်စိတ်နှလုံးအားကြိမ်မီးအုံးသကဲ့သို့ ညှိုးချုံးစေလျက် နေမထိထိုင်မသာဖြစ်စေသည့် သတင်းစကားတစ်ရပ် ပေါ်ထွက်လာခဲ့လေသည်။ ယင်းကားဖူးခက်ရောက်မြန်မာတို့ရှေ့ရေးအတွက် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကျင်းပရေးဟူသတည်း။
ကျွန်ုပ်မူကား အဆိုပါ သတင်းစကားကိုကြားရပြီဆိုကာ မျှဖြင့် ငယ်ထိပ်မြွေပေါက်၊ ခေါင်းကိုဆင်နင်းသည့်ပမာ၊ ထိတ်ထိတ်ပျာပျာ အသည်းတုန်အူတုန်ဖြစ်ရ ချေသည်။ အဆိုပါထိပ်သီးဆွေး နွေးပွဲကျင်းပရေးသည် ကျွန်ုပ်ထံ တစ်စုံတစ်ဦးမှ ညွှန်ကြားလမ်း ညွှန်လာခြင်းမူကားမဟုတ်။ ပြားလာသော ကမ္ဘာကြီးတွင် ဖူးခက် ရောက်မြန်မာများအနေဖြင့် အထိုက်အလျောက်ပွင့်လင်းလာ သော အသိအမြင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အချို့၏ တွန်းအားပေးမှုများနှင့် ဖူးခက်မြန်မာ့အရေး၊ အလုပ်သမားအရေးလှုပ်ရှားတက်ကြွသူများ၏ ဆော်ဩလှုံ့ဆော်မှုများကြောင့် ဖြစ်တန်ရာ၏။
တရားဥပဒေစိုးမိုးမှုကင်းမဲ့ လေသည့် သေနတ်သမားတို့ရမ်း ကားလှသော ဤဖူးခက်အရပ် တွင် ကျွန်ုပ်ကိုယ်တိုင် ကိုယ်ထိ လက်ရောက်မပါဝင်ခဲ့သော်ငြား တိတ်တဆိတ်ရေငုံနေခဲ့ရသည့် မြန်မာအသိုင်းအဝိုင်းမှ သေမှုသေခင်း အမှုခြင်းရာတို့များပြားလှ၏။ မြန်မာလူထုငြိမ်ဝပ်ပိပြားရေးအလို့ငှာ ထိုင်းပုလိပ်၊ ထိုင်းမာဖီးယားတို့နှင့် ကျွန်ုပ်လက်ဝါးချင်းရိုက်ခဲ့ဖူးသော ခြေလွန် လက်လွန်ကိစ္စရပ်မြောက်မြားစွာရှိခဲ့၏။ အသို့လျှင် ကျွန်ုပ်၏နှလုံးစိတ်ဝမ်းချမ်းမြေ့နိုင်ပါအံ့နည်း။
ထိပ်သီးတွေ့ဆုံရေးသတင်း သည် ဟိုမှသည်မှ ထွက်ပေါ်လာ ပြီးသည်၏ နောက်ဆုံးတွင်မူ ကျွန်ုပ်၏ လက်ရင်းတပည့်များ နှုတ်ဖျားသို့တိုင်ရောက်ရှိလာခဲ့ချေသည်။
(လေး)
‘‘မြန်မြန်ဆိုင်လိုက်ရင် ကောင်းမယ်ဆြာ၊ နှစ်ပွင့်ဖြစ်ဖြစ်သုံးပွင့်ဖြစ်ဖြစ်ပေါ့’’
‘‘အမှန်က၊ ဘယ်ထိပ်သီး တွေမှဆုံစရာမလိုဘူးခင်ဗျ၊ ဆြာနဲ့ မြန်မာလူမျိုးထိုင်းကြမ်းပိုးမာဖီးယားတွေ စေတနာမှန်မှန်နဲ့ ပွင့်လင်းမြင်သာလိုက်ရင်ကိစ္စ ပြတ်နေတာပဲဆြာ’’
‘‘ဖူးခက်မြန်မာအလုပ် သမားတွေဘက်ကပါချင်သပဆို ရင် သူတို့ဘက်က အရာရောက် တဲ့သူတစ်ယောက်ထွက်ပလေ့စေ ပေါ့ဆြာရယ်’’
သင်းတို့ဉာဏ်တစ်ထွာတစ် မိုက်မျှဖြင့် အရမ်းကာရော ထင် မြင်ချက်ပေးနေကြသည့် တပည့် တို့ကား ဆြာ့ရင်တွင်းမှ အပူကို မသိနားမလည်ကြရှာလေယောင် တကား။ ကျွန်ုပ်စိတ်အတွင်းမှာမူ မြန်မြန်ဆိုင်လိုက်ရင်၊ ငါကာလနာ မြန်မြန်တိုက်လေဖြစ်တော့မပေါ့ ဟ ငတုံးတွေရဟုသာ တိတ်တခိုး ရေရွတ်မိသော်ငြား သင်းတို့အား တဲ့တိုးဖွင့်ဟပြောဆိုရန် မသင့် လျော်သောကြောင့် အလိမ္မာနည်းသုံးရ၏။ သို့မှသာ ကျွန်ုပ်၏လုပ် ဖော်ကိုင်ဖက်များဖြစ်သော ပတ်စ်ပို့ပွဲစား၊ ငွေလွှဲလုပ်စားသူ ခေါင်း ပုံဖြတ်အမြတ်ကြီးစားတို့ ဘဝ ရှေ့ရေးဖြောင့်ဖြူးသာယာပေလိမ့်မည်။ ထို့အတူ ကျွန်ုပ်၏ အားထုတ်မှုကြောင့် ဖူးခက်ရောက်မြန်မာတို့၏ ဘဝတိုးတက်မြင့်မားလာရလေဟန် စတိုင်ဆက်၍ ထုတ်နိုင်ပေလိမ့်မည်။
‘‘မောင်တို့ဆြာအနေနဲ့ လည်း အမြန်ဆုံးဖြစ်တဲ့နည်းနဲ့ ဆိုင်လိုက်ချင်ပါသော်ကော အနို့ ပေသိ… ’’
‘‘ဘာနို့မှလုပ်မနေပါနဲ့ဆြာ ရယ် အများအတွက်ကောင်းမယ့် အလုပ်ပဲဥစ္စာ’’
‘‘ဒီလိုပါကွဲ့၊ ငတို့ဆွေးနွေး ရာမှာ ထိပ်သီးမှန်သမျှအကုန်ပါမှ သင့်လျော်မလားလို့ပါ။ မတော် တဆကျန်များနေခဲ့ရင် သူတို့ကိုစာရင်းမသွင်းသလိုဖြစ်နေမှာပေါ့’’
‘‘ဒါလည်းမခက်ပါဘူးဆြာ၊ လေး၊ ငါး၊ ခြောက်ပွင့်တန်သည်ဒင်ဆိုတဲ့သူတွေရွေးပြီးဆိုင်လိုက်ရုံပေါ့’’
‘‘လူစုံတက်စုံဆိုတော့ပိုများ ကောင်းမလားလို့ပါလေ’’
ဤတွင် တပည့်ကျော်တို့၏ မျက်နှာသည်ရုတ်ခြည်းပြိုင်တူ တွေခနဲဖြစ်သွားကြရင်း တစ်စုံ တစ်ရာကိုအလေးအနက် သဘော ပေါက်နားလည်သွားကြဟန်ရှိ၏။
‘‘ဩော်.. ဆြာရယ် ဘာများလဲလို့ လက်စသတ်တော့.. ’’
‘‘ဆြာတပည့်ချင်း ရှင်းရှင်း ပြောလည်းရပါတယ်ဆြာရဲ့’’
‘‘ပေါက်ပါပြီဆြာ၊ ကောင်း ကောင်းကြီးပေါက်ပါပြီ’’
ကျွန်ုပ်ကား အထွေအထူး စကားမဆိုတော့ဘဲ ငါးသလောက် ပြုံးသာပြုံးလျက်နေလိုက်၏။
(ငါး)
ထို့နောက်တွင်ကား တပည့်ကျော်တို့သည် ဖူးခက်ရောက် မြန်မာတို့၏ရှေ့ရေးကို ဆယ့်သုံး ပွင့်ခန့်ဆိုင်မှကောင်းမည့်ဟန် အသံဟစ်ကြ၏။ ထိုအခါထိပ်သီး စာရင်းတွင်မပါဝင်သူတို့၏ မကျေ မချမ်းအသံတို့ကို ကြားလာရ၏။ ထိုအချိန်တွင် တပည့်ကျော်တို့ သည် ထိပ်သီးအပွင့် လေး၊ ငါး၊ ဆယ်တန်သည်ဆွေးနွေးရန် အသံပြုကြပြန်သည်။
နောက်ဆုံးတွင်ကား ဖူးခက် ရောက်မြန်မာများအားလုံးလိုလိုထိပ်သီးစာရင်းဝင်များဖြစ်ကြ လျက် အထက်အစ ကနဦးတွင် ဖော်ပြခဲ့သည့်အတိုင်း ဆြာတပည့် တစ်သိုက်ခေါင်းချင်းရိုက်၍ ထိပ် သီးအစည်းအဝေးပွဲကြီးအောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံစိုင်းပြင်းကြရခြင်းဖြစ်လေသတည်း။
ထိုသို့ဖြင့် ဖူးခက်မြို့လုံးကျွတ်အပွင့်ဆိုင်ထိပ်သီးအစည်း အဝေးကြီးကို စဖန်ဟင်းအရပ်ပင် လယ်ကမ်းခြေရှိ ဧရာမဘောလုံး ကွင်းကြီးတွင်ကျင်းပရာ ဖူးခက် မြို့ ရိုတီလှည်းများသမဂ္ဂ၊ တလ စွပ်ဈေးချယ်ဂါလီတွန်းသူများ အစည်းအရုံး၊ ထိုင်းရဲနှင့်ဝေစား မျှစား သတင်းပေးကြသူများ အစည်းအရုံး၊ ကွတ်တီရိုဆိုင်စားပွဲထိုးများ အင်အားစု၊ နိုက်ကလပ် လုံခြုံရေးမြန်မာညစောင့်များ အဖွဲ့၊ ပတ်စ်ပို့ပွဲစားများကော်မတီ ဖူးခက်ကူလီပေါင်းစုံအသင်းချုပ်၊ မြန်မာသံရုံးဆိုင်ရာ ဗာဟီရပွဲစားများကော်မတီ၊ မြန်မာကာကာဆိုင် များအသင်း(ဖူးခက်)၊ ငွေလွှဲငွေပို့ သူများညီညွတ်ရေးတပ်ပေါင်းစု၊အာစီယံ (ခေါ်) အပန်းဖြေဆေး ဝါးသောက်သုံးသူများ(ယာယီ) အဖွဲ့ချုပ်၊ ညနေတိုင်းမူးသူများ အဖွဲ့ ဟိုတယ်တံမြက်စည်းလှည်း သူများတပ်ဦး၊ ဖူးခက်ရောက် မြန်မာတိုင်းရင်းသားများပါတီ၊ ထိုင်းသူဌေးလက်ပါးစေမြန်မာ များအစည်းအရုံး၊ အဝေးရောက် ယမကာသမားများသမဂ္ဂ၊ ထိုင်း- မြန်မာမာဖီးယား ချစ်ကြည်ရေးအဖွဲ့အစရှိသည်တို့မှ ထိပ်သီးအင်အားငါးထောင်ကျော်ခန့် တစ်ခဲနက်တက်ရောက် ကြလေ၏။
အစည်းအဝေးစတင်သည် နှင့် တက်ရောက်လာသောထိပ်သီးခေါင်းဆောင်တို့သည်စင်ပေါ်သို့ တန်းစီတက်ရောက်ကာ တစ်ဦးချင်းပြုံးပြ၊ သွားဖြဲကြလျက် ဓာတ် ပုံအရိုက်ခံကြ၏။ ကျွန်ုပ်ကား သဘာပတိကြီးအနေဖြင့် ထိပ်သီး တစ်ဦးချင်းအား ပြုံးရွှင်သောမျက် နှာပေးဖြင့် လက်အန်သေမတတ် လက်ဆွဲနှုတ်ဆက်နေရ၏။ ထိပ် သီးစာရင်းဝင် လူတန်းရှည်ကြီးမှာ ဘောလုံးကွင်းဖုန်တစ်လုံးလုံး အကြားတွင်ရှုမျှော်မဆုံးရှိနေ၏။
စင်ပေါ်တက်တန်းစီသွားဖြဲ ပြန်ဆင်းလုပ်နေကြသူ ထိပ်သီးဦး ရေ ၂၀၀ မပြည့်မီမှာပင် မည်သည့် နေရာမှအသင့်စောင့်ဆိုင်းနေ သည်မသိရသော ထိုင်းရဲပတ္တ ရောင်ကားများအရေးပေါ်အချက် ပေးဥဩသံများနားကွဲမတတ်ဆူ ညံလျက်ရောက်ရှိလာကာ ထိပ်သီးတွေ့ဆုံပွဲကြီးကို လေးဖက် လေးတန်မှပိတ်ဆို့ဖမ်းဆီးလေ တော့သည်။
ဖူးခက်မြန်မာ့ထိပ်သီးတို့ ကား ထိုင်းပုလိပ်အဝိုင်းခံရသဖြင့် ဖရိုဖရဲခြေဦးတည့်ရာသို့ ပြေးကြ ရ၏။ ထိုသို့ပြေးလွှားပုန်းရှောင် ရင်း ဟောဟဲလိုက်နေကြဆဲမှာ ပင် ကျွန်ုပ်နှင့်ပက်ပင်းတိုးမိသူ အချို့က နောက်တစ်ကြိမ်မည် သည့်ရက်တွင် ထိပ်သီးတွေ့ဆုံပွဲ ရှိသည်ကိုကြိုတင်အကြောင်း ကြားပါရန် မေတ္တာရပ်ခံနားပူကြ ပြန်လေသေး၏။
မည်သို့ပင်ဆိုစေကာမူ တစ် ပွင့်မှမဆိုင်ချင်သော ကျွန်ုပ်၏ ဆန္ဒပြည့်ဝခဲ့လေပြီ။ အကြံပိုင် အကွက်ရွှေ့ကောင်းလှသော တပည့်ကျော်တို့၏ အချိန်ဆွဲ ဇယားရှုပ်အောင်လုပ်သည့်မဟာ ဗျူဟာအောင်မြင်သည်ဟုဆိုရ မည်။ သို့သော် ဆန့်ကျင်ဘက်အင်အားစုတို့ကမူ အနှစ်သာရမရှိ သောဆွေးနွေးပွဲ ရလဒ်ကောင်း မထွက်သောထိပ်သီးတွေ့ဆုံမှု ဟူ၍ အမနာပ ပြောကြပေလိမ့်ဦး မည်ကို ကျွန်ုပ်ကောင်းစွာသဘော ပေါက်လျက်ရှိပါ၏။ ထိုင်းပုလိပ် တို့အနေဖြင့် ဖူးခက်ထိပ်သီးဆွေး နွေးပွဲကြီးအား အချိန်ကိုက်အင်အားသုံးဝင်ရောက်စီးနင်းပေးပါရန် ကျွန်ုပ်အနေဖြင့် တပည့်ကျော်တို့မှတစ်ဆင့် စဖန်ဟင်းရဲစခန်း သို့ ထိုင်းဘတ်ငွေသုံးသောင်းတိတိ လက်ဖက်ရည်ဖိုးပေးခဲ့ရခြင်းကိုသင်းတို့မသိ၍သာ တော်ကာကျ ပေတော့သည်။ ။


(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်။)
7day daily

No comments:

Post a Comment