Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

ကုန်းဘောင်ဆက်တို့ ဘုန်းရောင်တက်ခဲ့သည့် မင်းနေပြည်တော်

အစိုးရများ စိုးမိုးအုပ်ချုပ်ခဲ့သော ကာလများအတွင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီခေတ်သည် ဇာတိသွေး ဇာတိမာန်နှင့် ရှေးဘုရင်ခေတ် ဂုဏ်များကို အဖော်ထုတ်ဆုံးကာလဟု ဆိုရမည် ဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရင်ခေတ် ဘုန်းမီးနေလ တောက်ခဲ့ပုံများ၊ မင်းခမ်းမင်းနားများ အဆောင်အယောင်များကို ပွဲတိုင်းလိုလိုတွင် ထည့်သွင်း အသုံးပြုခဲ့ကြသည်။ စစ်အစိုးရ အဖွဲ့ဝင်များသည် မိမိတို့ သြဇာအာဏာ ရခဲ့ခြင်းမှာ ကံကောင်းထောက်မ၍ ရခဲ့ခြင်းဟု ခံယူထားရုံမက၊ ကံတရားအပေါ် ယုံကြည်ပြီး ဗေဒင်၊ နတ်၊ တန်ခိုးရှင်များ၏ စောင်မ ကြည့်ရှုမှုကြောင့် ဟုလည်း ခံယူထားကြသည်။ မမျှော်လင့်ခဲ့သော စစ်ရာထူးများဖြင့် အခြေအနေတစ်ခုတွင် “မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဆိုသလို ဖြစ်ခဲ့ရသည့် အတွက်လည်း သူတို့ တန်ခိုးသြဇာ အာဏာကို အလွန်ပျောက်မှာ စိုးရိမ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး စသည့် အကြောင်းပြချက်များကို တွင်တွင်ပြောပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်နေကြောင်း ကြွားလုံးထုတ်နိုင်သည့် အခမ်းအနားပွဲပေါင်း များစွာကိုလည်း ရုပ်ပြအနေနှင့် ဆင်ယင်ကျင်းပလေ့ ရှိကြောင်း တွေ့ရသည်။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ယခင် နဝတအစိုးရ၏ အအောင်မြင်ဆုံး လုပ်ဆောင်ချက်မှာ နေပြည်တော်ကို မင်းနေပြည်တော် တစ်ခုပမာ ခမ်းနားကြီးကျယ်စွာ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရများ လက်ထက်တွင် လက်မထောင်နိုင်လောက်သည့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းကြီးတစ်ခုကို ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဒုတိယစစ်အစိုးရ အုပ်ချုပ်သည့် ကာလတွင် မြို့တော်နှင့် အုပ်ချုပ်ရေးဗဟိုအဖြစ် နေပြည်တော်ကို ထူထောင်နိုင်ခြင်း၊ နေပြည်တော်သို့ ရန်ကုန် မြို့တော်မှ လုပ်ငန်းများ ပြောင်းရွှေ့နိုင်အောင် စီမံနိုင်ခဲ့ခြင်းမှာ စစ်အုပ်ချုပ်ရေး ခေတ်ကာလများတွင် ပြောင်မြောက်သည့် လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်သည်။

၁၉၉၉ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် နိုင်ငံတော်အတွက် အမျိုးသားရေး စိတ်ဓာတ်သည် အရေးကြီးကြောင်း၊ နိုင်ငံစည်းလုံး ညီညွတ်လျှင် တိုင်းပြည် ကြီးပွားဖွံ့ဖြိုး တိုးတက်နိုင်ကြောင်း၊ ပုဂံ၊ တောင်ငူ၊ ကုန်းဘောင်မင်းဆက် ကာလများတွင် အိမ်နီးချင်းနိုင်ငံများအပေါ် လွှမ်းမိုးနိုင်မှု ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ စည်းလုံးညီညွတ်မှု ရှိစေလိုကြောင်း တိုက်တွန်း ပြောကြားသွားခဲ့သည်။

စစ်အစိုးရ အာဏာရခဲ့သည့် ကာလများတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအကြောင်း တွင်တွင်ပြောနေရင်းက နေပြည်တော်ကြီးကို ကြီးကျယ် ခမ်းနားအောင် တည်ဆောက်ပြပြီး ဂုဏ်ယူ ဝင့်ကြွားခဲ့ကြသည်။ အဘယ်ကြောင့် နေပြည်တော်ကြီးကို မင်းနေပြည်တော်ကြီး တစ်ခုပမာ တည်ဆောက် ခဲ့ကြရကြောင်းကို ပြန်ပြောင်း သုံးသပ်ကြည့်လျှင် အချက်သုံးချက် အပေါ်တွင် အခြေခံနေကြောင်း တွေ့ရှိရသည်။
ရှေးမင်းအဆက်ဆက် ပြန်လည်တမ်းတမှုများ


၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး ကတည်းက နဝတအစိုးရသည် မင်းကောင်းမင်းမြတ်တို့၏ လုပ်ထုံးလုပ်နည်းများ၊ ဓလေ့ထုံးစံများအတိုင်း လိုက်လံ လုပ်ဆောင်နိုင်စေရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။ ကိုလိုနီခေတ်အလွန် လွတ်လပ်ရေး ရပြီးချိန် ၁၉၅၁ ခုနှစ်က ဆဋ္ဌသင်္ဂါယနာ တင်ခြင်းကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ကြီးမှူး ပြုလုပ်ခဲ့သည်။ ပဉ္စမ သင်္ဂါယနာကို မင်းတုန်းမင်ကြီး လက်ထက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မင်းကောင်းမင်းမြတ်များသည် သာသနာတော် သန့်ရှင်းရေးနှင့် တည်တံ့ခိုင်မြဲရေးကို လုပ်ဆောင်လေ့ ရှိသည်ဆိုသည့် အယူအဆအတိုင်း နိုင်ငံခေါင်းဆောင်များက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ပထမ စစ်ခေါင်းဆောင် အာဏာရှင် ဦးနေဝင်း လက်ထက်တွင် မဟာဝိဇယ စေတီတော်ကြီးကို တည်ထား ကိုးကွယ်ခဲ့သည်။ ထိုစေတီတော်ကြီးကို ရန်ကုန်မြို့တွင် ထင်ရှားသည့် သမိုင်းဝင် တန်ခိုးကြီးဘုရား၊ မြန်မာပြည်သားများ၏ အသည်းနှလုံး စေတီကြီး တစ်ခုဖြစ်သည့် ရွှေတိဂုံ စေတီတော်ကြီးနှင့် မျက်နှာချင်းဆိုင် ကုန်းတော်ပေါ်တွင် အပြိုင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုမဟာဝိဇယ စေတီတော်ကြီးကို တည်ထား ကိုးကွယ်ရန်အတွက် သာသနာပိုင် ဆရာတော်ဘုရားကြီးများ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့သည် ဆိုသော်လည်း နိုင်ငံတော်အပေါ် ကြီးစွာသော အောင်မြင်မှုကြီး ရရန်အတွက် အတိတ်တဘောင် နိမိတ်ဆောင်ကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်းကို အားလုံးသဘောပေါက် နားလည် ထားခဲ့ကြသည်သာ ဖြစ်သည်။

ဦးနုအစိုးရ၊ ဦးနေဝင်း အစိုးရနှင့် နဝတ/နအဖ အစိုးရများသည် မတူညီသည့် ပုံစံများဖြင့် တိုင်းပြည်ကို စိုးမိုးအုပ်ချုပ် သွားခဲ့ကြသူများ ဖြစ်သည်။ စစ်အစိုးရများ လက်ထက်တွင် အမျိုးသားနိုင်ငံတော်၊ အမျိုးသား နိုင်ငံရေးကို ဖော်ဆောင်သူများအဖြစ် ဂုဏ်တင်ပြောဆိုလေ့ ရှိသည်။ အမျိုးသားရေးကို အလွန်မြတ်နိုး ဖော်ဆောင်သည့် မျိုးချစ်တပ်မတော်အဖြစ် ဖော်ကျူးလိုသောကြောင့်လည်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ရေး၊ ထူထောင် တည်ဆောက်ရေး လုပ်ငန်းများကို ငွေပေါင်း သိန်းသန်းချီ အကုန်ခံပြီး ပြုပြင်လုပ်ဆောင်လေ့ ရှိကြသည်။ ထိုသို့ လုပ်ဆောင်နေခြင်းများမှာ အတိတ်ကာလ မင်းကောင်းမင်းမြတ်များ၏ အလေ့အထများကိုယူပြီး ပြန်လည် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း စစ်အစိုးရသည် ပုဂံမင်းနေပြည်တော်ကို ပြန်လည် တည်ဆောက်ပြုပြင်မှုများ လုပ်ဆောင်ခဲ့ကြသည်။ ပုဂံ နေပြည်တော်ကြီးသည် ပထမ မင်းနေပြည်တော်ကြီးအဖြစ် ရန်အပေါင်းကို တွန်းလှန် အောင်မြင်နိုင်ခဲ့သော မင်းကောင်းမင်းမြတ်၏ ဒေသဟု နဝတ/နအဖအစိုးရက ယုံကြည်ထားသည်။ သို့ဖြစ်ရာ ရှေးဟောင်း အမွေအနှစ် ပုဂံဘုရားများ တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများကို စတင်စီမံ ဆောင်ရွက်တော့သည်။ ထို့ပြင် အခြား မင်းနေပြည်တော်များဖြစ်သည့် ပဲခူးမြို့ရှိ ဘုရင့်နောင် မင်းတရားကြီး တည်ထားခဲ့သော ကမ္ဗောဇသာဒီ နန်းတော်ရာ ဖော်ထုတ်ခြင်းလုပ်ငန်း၊ ပုဂံမြို့ရိုး မုခ်ဦးဘုရားများ တည်ဆောက်ခြင်း လုပ်ငန်း၊ အင်းဝမြို့တံတိုင်း တည်ဆောက်ရေး လုပ်ငန်း၊ မြနန်းစံကျော် နန်းတော်နှင့် မြို့ရိုးတည်ဆောက်ရေး လုပ်ငန်းများ စသည်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင်တော့သည်။

၁၉၉၉ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ဆင်ဖြူရှင် မင်းတရားကြီးနှင့် မင်းတုန်းမင်း တရားကြီးတို့၏ အတုကိုယူပြီး ရွှေတိဂုံစေတီ၏ ထီးတော်ကို အသစ်ပြန်လည်တင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ရန်ကုန်မြို့အနီး မင်းဓမ္မကုန်းတော်ပေါ်တွင် ဗုဒ္ဓကျောက်ဆင်းတုတော်ကြီးကို တည်ထား ကိုးကွယ်ရန် ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဘုရားများ ကြီးကျယ်ခမ်းနားစွာ တည်ထား ကိုးကွယ်နေခြင်းမှာ ကုန်းဘောင်မင်းဆက် ဘကြီးတော် မင်းတရားကြီးနှင့် မင်းတုန်းမင်းကြီးတို့၏ လုပ်ဆောင်ချက်များအတိုင်း တုပလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှသည်။

၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း စစ်အစိုးရသည် ဆင်ဖြူတော် သုံးကောင်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ ယင်းသို့ ဆင်ဖြူတော်များ ပေါ်ထွက်လာခြင်းအား ဘုရင့်နောင် မင်းတရားကြီးခေတ် ရောက်သယောင် ယူဆပြီး အားတက် ဂုဏ်ယူခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဆင်ဖြူများရှင်ဘွဲ့ခံ မင်းသုံးပါး ရှိခဲ့ကြောင်း တွေ့ရသည်။ ယင်းတို့မှာ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဆင်ဖြူရှင်မင်းများ ဖြစ်ကြသည်။ မြန်မာ့အယူအဆမှာ ဆင်ဖြူများ ပေါ်ထွန်းလာလျှင် တန်ခိုးသြဇာ ဘုန်းတန်ခိုးတက်ပြီး နိုင်ငံတော် အေးချမ်းသာယာမည့် နိမိတ်ဆောင်သည်ဟု ယူဆကြသည်။ သို့ဖြစ်ရာ နိုင်ငံတော် အကြီးအကဲများက ဆင်ဖြူတော်များကို ဘွဲ့များဖြင့် ချီးမြှောက်ပြီး မင်းတို့ လုပ်ထုံးလုပ်နည်းအတိုင်း အခမ်းအနားများ ကျင်းပကာ ဂုဏ်ပြုခဲ့ကြသည်။

နဝတ/နအဖ အစိုးရလက်ထက်တွင် စစ်ဗိုလ်ချုပ်ကြီးများဖြစ်သော ဗိုလ်ချုပ်ကြီး စောမောင်ကလည်း သူ့ကိုယ်သူ ကျန်စစ်သားမင်းကြီးသေ၍ ဝင်စားသူဟု ယုံကြည်နေသူ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ ကုန်းဘောင်မင်းဆက် ဘိုးတော်မင်းတရားကြီး ဝင်စားသူဟု ထင်မှတ်နေသည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မင်းမြတ်တို့ ထုံးစံ၊ မင်းနေပြည်တော် အသစ်တည်ကာ ပြောင်းရွှေ့ရသည့် ထုံးစံအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်းကို ပြန်လည် သုံးသပ်ကြည့်လျှင် တောင်ငူနှင့် ကုန်းဘောင် မင်းဆက်မင်းများ လုပ်ဆောင်ခဲ့သည့်အတိုင်း မင်းနေပြည်တော်ကို ခြောက်သွေ့သည့် ဒေသသို့ ပြောင်းရွှေ့ တည်ထားခြင်း ဖြစ်ကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်၏ ဗဟိုအချက်အချ ကျသည့်နေရာတွင် အခြေချကာ နေရာယူထားလိုက်ခြင်းလည်း ဖြစ်သည်။ နေပြည်တော်သည် ယခင် မင်းနေပြည်တော် တောင်ငူခေါ် ကေတုမတီ မြို့ဟောင်း အနီးတွင်ရှိပြီး မြန်မာနိုင်ငံ နယ်ချဲ့ဆန့်ကျင်ရေး ခေတ်ကာလများတွင် အရေးပါသည့် စစ်တိုင်းဒေသကြီး တစ်ခုအဖြစ် တည်ရှိခဲ့သောနေရာ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဂျပန်ခုခံရေး စစ်ပွဲကာလတွင် အရေးပါခဲ့သည့် နေရာတစ်နေရာ ဖြစ်ခဲ့ရုံမက ဒုတိယကမ္ဘာစစ် အတွင်းကလည်း ခုခံစစ်အတွက် အရေးပါသည့် နေရာတစ်နေရာ ဖြစ်ခဲ့သည်။ တစ်နည်း ပြောရလျှင် စစ်ပွဲကို အောင်နိုင်ခဲ့သော အတိတ်ဆောင် နိမိတ်ကောင်းခဲ့သော နေရာတစ်နေရာဟု စစ်ဗိုလ်ချုပ်များက ယူဆခဲ့သည့် နေရဟုလည်း ဆိုနိုင်သည်။

နေပြည်တော် ဆိုသည်မှာ ‘မင်းနေပြည်တော်’ ဆိုသည့် အနက်ကိုလည်း ဆောင်ပါသည်။ ဘိုးတော်ဘုရား မင်းလက်ထက်က အင်းဝ မင်းနေပြည်တော်မှ အမရပူရ နေပြည်တော်သို့ ပြောင်းရွှေ့ကာ စံစားခဲ့ဖူးပါသည်။ ဘိုးတော်ဘုရားသည် အမရပူရမြို့ကို မင်းနေပြည်တော်ဟု သတ်မှတ်ပြီး ခုနစ်ရက် ပြောင်းရွှေ့နန်းစံခဲ့သည်။ သူနှင့်အတူ ပိုင်ဆိုင်မှုများ၊ ကျေးတော် ကျွန်တော်များ အားလုံးကို နေပြည်တော်သစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီးမှ အင်းဝသို့ ပြန်လည် ကြွချီလာခဲ့ခြင်း ဖြစ်သည်။ နေရာသစ်တွင် အသားမကျ၊ စိတ်တော် မချမ်းမြေ့သောကြောင့် ပြန်ပြောင်းလာခဲ့သည်ဟု ဆိုသည်။

ယင်းပုံစံအတိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပျဉ်းမနားရှိ နေပြည်တော်သစ်သို့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့လိုက်ပြီးနောက် ငါးရက်ခန့်သာနေပြီး သူ့အိမ်တော်ပါ အခိုင်းအစေများနှင့် လူယုံများကို ထားခဲ့ကာ ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ သူကိုယ်တိုင် နေပြည်တော်သို့ သတ်မှတ်သည့် ရက်အတွင်း ပြောင်းရွှေ့ခြင်း မပြုလျှင် အရေးယူမည် ဖြစ်ကြောင်း အစိုးရ အရာထမ်း၊ အမှုထမ်းများကို အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဖုန်ထူရေရှား၊ ပူအိုက်လှသည့် မြို့တော်သစ်ကြီးသို့ အစိုးရအမှုထမ်းများ ကြောက်ကြောက်နှင့် ရောက်လာခဲ့ကြရပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်ကြားတွင် ဖြစ်သလို နေထိုင်ခဲ့ကြရရှာသည်။

နေပြည်တော်သို့ အမိန့်အာဏာများဖြင့် ချက်ချင်းပြောင်းရွှေ့၊ အားချင်း တည်ဆောက်၊ နေ့ချင်းညချင်း သက်ရောက်စေခြင်းသည် တစ်နည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မိမိအာဏာစက်အား မည်မျှအထိ တည်ရှိနေသေးကြောင်း စမ်းသပ်လိုက်သည့် သဘောလည်း ဖြစ်သည်။ မည်သို့ဆိုစေ အတိတ်မင်းများ၏ ထုံးဓလေ့အတိုင်း ခေတ်သစ်မင်းများကား နေပြည်တော်တွင် အုပ်ချုပ် မင်းလုပ်နိုင်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

အယ်ဒီတာတစ်ဦး
- See more at: http://thevoicemyanmar.com/index.php/article/item/5252-kbs#sthash.nuVi4FlB.dpuf

No comments:

Post a Comment