Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

တနင်္သာရီ မြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၅ ဦးဒဏ်ရာရ


မြိတ် ဇန်နဝါရီ ၉

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် ချောင်းနောက်ပြန် ကျေးရွာအနီးတွင် ကော့သောင်းမှ မြိတ်သို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် ''အောင်စည်မင်း'' သည် ယနေ့ နံနက်ပိုင်းတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့မှ မြိတ်မြို့သို့ ယာဉ်မောင်း ဦးနောင်နောင် မောင်းနှင်ပြီး ခရီးသည် ကျား ၂၇ ဦး၊ မ ၂ဝ ဦး လိုက်ပါလာသည့် ယာဉ်အမှတ် 3A/ ....... အောင်စည်မင်း မှန်လုံယာဉ်သည် ကော့သောင်းမြို့မှ ယနေ့ နံနက် ၂ နာရီခွဲတွင် ထွက်ခွာလာပြီး တနင်္သာရီမြို့နယ် ချောင်းနောက်ပြန် ကျေးရွာအနီး မိုင်တိုင်အမှတ် ၈၅ မိုင် ၆ ဖာလုံဝန်းကျင်သို့ ရောက်ရှိစဉ် ခုံးဆင်း၌ အရှိန်လွန်ပြီး ညာဘက်သို့ တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဦးဇော်ဝင်းနိုင် (ဘ) ဦးဇော်မင်း အသက် ၃ဝ နှစ်မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပေါလောကျေးရွာနေ ထိုင်သူမှာ သေဆုံးသွားခဲ့ပြီး ခရီးသည် မငါးဦးမှာ (စိုးရိမ်ရ)နှင့် ကျား ၁ဝ ဦးမှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများသည် ဒဏ်ရာရ လူနာများအား ရှေးဦးသူနာ ပြုစုခြင်းနှင့် တနင်္သာရီမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခြင်းများတွင် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ပြီး အရေးကြီး လူနာများအား မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက် ပို့ဆောင်ကုသလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

No comments:

Post a Comment