Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူး ထွက်လာသည့် အမျိုးသမီးငယ် ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည်


လွန်ခဲ့သည့် (၄) နှစ်ခန့်ကပင် ဦးခေါင်းခွံ အရင်းပိုင်း အကျိတ်ကြောင့် မျက်လုံးပြူးထွက်လာသည့် အမျိုးသမီးငယ်မှာ ရန်ကုန်ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသမှု ရတော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်မှာ ၂၁ နှစ် အရွယ် မခိုင်ယဉ်မွန်ဖြစ်ပြီး ဟင်္သာတမြို့နယ်၊ ကံကြီးတောင်ကျေးရွာကဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်ကပင် မျက်လုံးပြူးလာသည့်အတွက် ကျန်းမာရေးစစ်ဆေးရာ ဦးနှောက်အစပ်နှင့် မျက်လုံးအပေါ် ကြားတွင် အကျိတ်ဖြစ်နေကြောင်း သိရကြောင်း၊ သို့သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မကုသခဲ့ကြောင်း သိရသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း နယ်လှည့်ဆေးကုသပေးသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နယ်လှည့်ဆေးကုသအဖွဲ့က တွေ့ရှိရာမှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်ရှိကြောင်း၊ ယင်းမှတစ်ဆင့် ပြင်ပလူနာဌာနကိုရောက်ရှိရာ စမ်းသပ်စစ်ဆေးပြီး လာမည့် တပတ်အတွင်း ဦးနှောက်နှင့်အာရုံကြော အထူးခွဲစိတ်ကုသဆောင်တွင် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သမီးမျိုးရိုးမှာလည်း ဒီလိုဖြစ်တာမရှိဘူး။ဖြစ်ဖြစ်ချင်း ဘယ်လိုမှမခံစားရဘူး။နောက်ပိုင်းတော့ မျက်စိမှုန်လာတယ်။ ၀ါးလာတယ်။ အခုဆိုရင် သိပ်မမြင်တော့ဘူး။ အခုလို ကုသပေးမယ့်သူပေါ်လာတယ်။ကုသဖို့အခွင့်အရေးရတယ်ဆိုတော့ပျော်ပါတယ်"ဟု မခိုင်ယဉ်မွန်က ပြောသည်။

ရန်ကုန်ဆေးရုံကြီးတွင် အဆင့်မြင့်စက်ကိရိယာများ တပ်ဆင်ပေးထားကာ မြန်မာနိုင်ငံ၏ တခုတည်းသော စီတီစကင် (CT Scan) ဖြင့် ဦးခေါင်းအတွင်းပိုင်းကဲ့သို့နေရာများကို တိတိကျကျ ပြတ်ပြတ်သားသား ရိုက်ကူး၍ ရောဂါရှာဖွေပေးလျက်ရှိကြောင်း၊ မခိုင်ယဉ်မွန်ကိုလည်း စီတီစကင် (CT Scan) ထပ်မံရိုက်ကူးကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အရိုးခွံပေါ်မှာ ဖြစ်တဲ့အကျိတ်ပါ။ မျက်လုံးရဲ့အပေါ်အရိုးပေါ်မှာ ဖြစ်တာပါ။ဦးခေါင်းခွံရဲ့ အရင်း မျက်လုံးရဲ့ အပေါ်မှာ ကင်ဆာမဟုတ်ဘဲ ရိုးရိုးအကျိတ်ဖြစ်ဖို့ များပါတယ်။ တကယ်က ၂၀၁၁ ကပဲ တွေ့ထားတာပါ။ ချို့တဲ့တော့ မခွဲဖြစ်ဘူး။ကွန်ပျူတာလည်း ထပ်ရိုက်ထားတယ်။ နေဖို့ထိုင်ဖို့၊ စားဖို့သောက်ဖို့ ကူညီသူရှိတော့ ကောင်းသွားတာပေါ့၊ ခွဲပစ်ရင်တော့ကောင်းသွားမှာပါ။အောင်မြင်ဖို့ များပါတယ်။ ဦးနှောက်ခွဲစိတ်အဖွဲ့၊မျက်စိနားနှာခေါင်းအဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟု ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဌာန၊ ပါမောက္ခ ဌာနမှုး ဒေါက်တာမြတ်သူက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment