Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

ကားတာယာပေါက်၍ လမ်းဘေးရပ်ကာ စပယ်ယာဘီး လဲရသော ဒုက္ခကင်းဝေးပြီး




ကားတာယာကို လေတင်းအောင် ထိုးလျှင် တာယာကွဲထွက် နိုင်သကဲ့သို့ ကားတာယာကို လေပေါင်ချိန် လုံလောက်အောင် မဖြည့်ပြန် လျှင်လည်း တာယာကွဲ၍ ကား၏ ဆပ်စပန်းရှင်း ကို ထိခိုက်နိုင်သည်။

အဆိုပါ ဒုက္ခများမှ ကင်းဝေးရန် Good Year ကုမ္ပဏီမှ ကားတာယာ၏ လေပေါင်ချိန်ကို စောင့်ကြည့်လျက် အလိုအလျောက် လေဖိအားကို ပုံမှန် ဖြစ်စေရန် ဖြည့်ပေးသော တာယာများကို တီထွင်လိုက်ပြီ ဖြစ်သည်။ ယင်းတာယာသည် Regulaton နှင့် Tube တစ်ခုစီ တပ်ဆင် ပေးထားခြင်းပင် ဖြစ်သည်။

အကယ်၍ Regulaton က လေပေါင်ကျ နေပြီဟု သိလိုက်သည်နှင့် လေဘားကို ဖွင့်၍ လေဖြည့်ပေးသည်။ အဆိုပါ စနစ်သည် ရှိရမည့် သတ်မှတ်လေပေါင် ပြည့်အောင် လေများထိုးသွင်း ပေးမည့်စနစ် ဖြစ်သည်။

Air Maintenance Technology (AMT) စနစ်တွင် ပါဝင်သော ပစ္စည်း အစိတ်ပိုင်းများ ဖြစ်သည့် လေးထိုးပန့် အပါအဝင် အားလုံးကို ကားတာယာ အတွင်း ထည့်သွင်း ပေးထားခြင်း ဖြစ်သည်။ မှန်ကန်စွာ လေထိုးထားသော ကားတာယာ များသည် ဆီစားသက်သာ စေသကဲ့သို့ ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု ကိုလည်း လျှော့ချပေးသည်။ ကားတာယာ သက်တမ်းကိုလည်း ပို၍ တာရှည်ခံ စေသည်။

အဆိုပါ နည်းပညာကို အိုဟိုင်းယိုး ပြည်နယ် အခြေစိုက် Good Year ကုမ္ပဏီက ၂ဝ၁၁ ခုနှစ်တွင် စတင်တီထွင် ခဲ့သည်။ လာမည့် ၂ဝ၁၆ ခုနှစ် အလယ်ပိုင်း လောက်တွင် အမေရိကန်နိုင်ငံ နှင့် ကနေဒါနိုင်ငံ တို့၌ ကုန်တင် ထရပ်ကားကြီး အုပ်စုတွင် ယင်း ကားတာယာများကို စတင်စမ်းသပ် သွားမည် ဖြစ်သည်။

ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ကုန်တင် ထရပ်ကားဈေးကွက် အတွက် AMT စနစ် တီထွင်မှုသည် အရေးကြီးသော သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူလိုက်ခြင်း ဖြစ်ကြောင်း Good Year ကုမ္ပဏီ၏ စက်မှုဆိုင်ရာ အရာရှိချုပ် ဂျိုးဇက်ဇီကော့စကီး က ပြောသည်။

စမ်းသပ်ရာတွင် AMT စနစ် တပ်ဆင်ထားသော တာယာများသည် အောင်မြင်မှု ရှိသည်။ ကုန်တင် ထရပ်ကား မောင်းသူများက သဘောကျကြ သဖြင့် နောက်ထပ် စမ်းသပ်မှုများ တွင်လည်း ပူးပေါင်း ဆောင်ရွက်ကြရန် ဆန္ဒရှိနေ ကြသည်။ အလိုအလျောက် ကားတာယာ လေပေါင်ကို ထိန်းသိမ်းပြုပြင် ပေးသည့်စနစ် ကို Peristaltic Pump Technology ခေါ် နည်းပညာကို အသုံးပြုသည်။

လေဖိအားကို တာယာများ မတပ်ဆင်မီတွင် ကားတစ်စီးချင်း အလိုက် သို့မဟုတ် ထရပ်ကား၏ သတ်မှတ်လေပေါင် (PSI) အလိုက် ပရိုဂရမ်သွင်း၍ လုပ်ထားရသည်။ ကားဘီးလိမ့် နေစဉ် ကားတာယာ ပြားသွားလျှင် ကျွတ်အတွင်းသို့ ဘားမှ တစ်ဆင့်လေကို ထိုးသွင်းပေး သဖြင့် ပုံမှန် လေပေါင်ပြည့် သည်အထိ လုပ်ဆောင်သည်။

စွမ်းအင် ဝန်ကြီးဌာန မော်တော်ယာဉ် များ နည်းပညာ ဆိုင်ရာရုံးမှ ကူးသန်း ရောင်းဝယ်ရေး ယာဉ်တာယာများ အတွက် AMT စနစ်ကို သုတေသန လုပ်ခြင်း၊ တီထွင်ခြင်း နှင့် စမ်းသပ်ခြင်းများ လုပ်ဆောင်ရာတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်း အကူအညီ ပေးသည်။ Good Year ကုမ္ပဏီ၏ အဆိုအရ ထရပ်ကား တာယာအားလုံး ၏ ၄၄ ရာခိုင်နှုန်း သည်လေပေါင် 5 PSI ရှိ၍ ၇ ရာခိုင်နှုန်းသည် လေပေါင်လျော့လျက် ရှိကြောင်း သိရသည်။

ကိုကိုဟန်

#PyiChitThar

No comments:

Post a Comment