တိုင်ပေ ၊ ၂၀-၁-၂၀၁၅
တရုတ်(တိုင်ပေ) အလယ်ပိုင်း ရှိ လေဆိပ်တစ်ခု ၌ ယမန်နေ့တွင် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
နိုင်ငံအတွင်း ဖြစ်တောင့်ဖြစ်ခဲ ရှိသည့် အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုသည် တိုင်ချွမ်မြို့ရှိ လေဆိပ်တွင် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် များက အမျိုးသား တစ်ဦးသည် ၄င်း၏ အသက် ၁ဝ နှစ်အရွယ် သမီးကို ချင်ချွမ်ကန်း လေဆိပ် သို့ ပို့ဆောင်စဉ် ဆိုင်ကယ်စီး ဦးထုပ် ဆောင်းထားခြင်းမ ရှိသောကြောင့် တားဆီးခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်ပိုင်း ချန် အမည်ရှိ အဆိုပါ အမျိုးသားနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ချန်က ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လက်သီးဖြင့် ထိုးကြိတ်ခဲ့ရာ အဆိုပါ ရဲအရာရှိက ပြန်လည်ခုခံရန် သေနတ်ကို ဆွဲထုတ် ခဲ့ပြီးနောက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ချန် က သေနတ်ဆွဲထုတ် ခဲ့သည့် ရဲအရာရှိ၏ လက်ကို ဆုပ်ကိုင်ခဲ့ရာ သေနတ်မှာ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားခဲ့ပြီး ယင်းသေနတ်ကို ကောက်ယူ၍ အခြား ရဲတပ်ဖွဲ့ဝင် များကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။
ရဲတပ်ဖွဲ့၏ တုံ့ပြန် ပစ်ခတ်မှုကြောင့် ချန် မှာ ဒဏ်ရာရရှိ ခဲ့ပြီးနောက် ဆေးရုံသို့ ရောက် ရှိပြီး နောက်ပိုင်းတွင် သေဆုံး သွားခဲ့ပြီးယင်း တိုက်ခိုက်မှု အတွင်း ရဲတပ်ဖွဲ့ ဝင်တစ်ဦး နှင့် အခြား အမျိုးသမီး ခရီးသည် တစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။
ချန်သည် စိတ်ကျန်းမာရေး ချို့တဲ့မှုကို ခံစားခဲ့ရသူ တစ်ဦး ဖြစ်ကြောင်း နှင့် အခင်းဖြစ်ပွား ချိန်တွင် ဖခင်ဖြစ်သူ ချန် မှာ လက်နက် ကိုင်ဆောင် ထားခြင်း မရှိကြောင်း ၄င်း၏ သမီးဖြစ်သူ က နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်းမှုများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com/2015/01/blog-post_22.html
No comments:
Post a Comment