Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

သာစည်မြို့နယ်ဆေးရုံတွင် မွေးလူနာအား ခွဲစိတ်စဉ် ဂွမ်းစလိတ်များ ကျန်ခဲ့၍ ပြန်လည် ခွဲစိတ်ကုသခဲ့ရ




သာစည်မြို့နယ် ဆေးရုံတွင် မွေးလူနာရှင် တစ်ဦးသည် ခွဲစိတ် မွေးဖွားမှု ခံယူစဉ် ၀မ်းဗိုက် အတွင်း၌ ဂွမ်းစလိတ်များ ကျန်ရစ်ခဲ့သဖြင့် တစ်လ ကြာပြီးနောက် ပြန်လည်ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့်ဖြစ်စဉ် တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ သာစည်မြို့နယ်၊ မင်းလှကျေးရွာနေ မ---သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သာစည်မြို့နယ် ဆေးရုံသို့ တက်ရောက်၍ ခွဲစိတ်မွေးဖွားခဲ့ပြီး၊ မွေးဖွားပြီး တစ်လခန့် ကြာသည် အထိ ၀မ်းဗိုက်မှာ ရောင်ယမ်း နေခဲ့သောကြောင့် ပြန်လည်ပြသရာ မိတ္ထီလာ ပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက် ပြသရန် ညွှန်ကြားခဲ့ကြောင်း ဆိုသည်။ မိတ္ထီလာ ပြည်သူ့ဆေးရုံမှလည်း မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံသို့ ဆက်လက်ပြသရန် ညွှန်ကြားခဲ့ရာ ခွဲစိတ် မွေးဖွားစဉ် အချိန်က အတွင်း၌ ဂွမ်းစလိတ်များ ကျန်ရစ်ခဲ့သောကြောင့် ၀မ်းဗိုက်ရောင်ယမ်းမှု ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရပြီး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင် မွေးလူနာ၏ ခင်ပွန်း ဖြစ်သူအား Tomorrowက ဆက်သွယ် မေးမြန်းရာ “ကျွန်တော့် အမျိုးသမီး ဘာမှမဖြစ်ပါဘူး။ ဗိုက်ထဲမှာ သွေးလုံးကျန်တာပါ။ စိုးရိမ်စရာ မရှိပါဘူး။ အခုမန္တလေး ဗဟို အမျိုးသမီး ဆေးရုံမှာ ခွဲစိတ်ကုသ ပြီးပါပြီ”ဟု ငြင်းဆိုခဲ့သည်။
မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူနေသူ မ---အား ဆက်သွယ် မေးမြန်းရာတွင်မူ “ဖြစ်စဉ်က မှန်ပါတယ်။ သာစည်ဆေးရုံမှာ ခွဲစိတ်မွေးဖွားပြီးပေမယ့် ဗိုက်က ပြန်ပြီးပူလာတယ်။ မခံရပ်နိုင်အောင်လည်း ကိုက်ခဲ နာကျင်နေတယ်။ အဲဒီအတွက် သာစည်ဆေးရုံကို ပြန်ပြပြီးတော့ မိတ္ထီလာ ဆေးရုံမှာ အန်ထရာဆောင်း ရိုက်ကြည့်ဖို့ ညွှန်ကြားပါတယ်။ မိတ္ထီလာ ဆေးရုံမှာ ပြတော့ မွေးဖွားစဉ်က အတွင်းမှာ တစ်ခုခု ကျန်ရှိခဲ့တာကြောင့် အရေးပေါ် ပြန်လည်ခွဲစိတ်ကုသဖို့ လိုအပ်ကြောင်း၊ မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံမှာ တက်ရောက်ကုသဖို့ ညွှန်ကြားတဲ့အတွက် အခု ခွဲစိတ်ကုသ ပြီးပါပြီ၊ ဂွမ်းစတွေ ကျန်ရစ်ခဲ့တာလို့ သိရပါတယ်။ အသက်အန္တရာယ် ဖြစ်လောက်တဲ့အထိ ဖြစ်ခဲ့တာပါ။  ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခွဲစိတ်မွေးဖွားပေးတဲ့ ဆရာဝန်ကို တရားစွဲဆိုခြင်း မပြုလုပ်ပါဘူး။ အခန့်မသင့်လို့ ဖြစ်ရတာလို့ပဲ ခံယူပါတယ်။ ခွဲစိတ်စဉ်အချိန်က ပေါ့ဆမှုဖြစ်တာပါ။ ဒါပေမယ့် ကျွန်မက ၀န်ထမ်းဆိုတော့ ငွေကြေး မပြည့်စုံပါဘူး။ ခုလို ကုသရတဲ့ ကုန်ကျ စရိတ်တွေကိုတော့ ဆရာဝန်နဲ့ ညှိနှိုင်းဖို့ စီစဉ်ထားပါတယ်”ဟု Tomorrowအား ပြောကြားခဲ့သည်။
သာစည်မြို့နယ် ဆေးရုံ မြို့နယ်ဆရာဝန်ကြီးထံ ဆက်သွယ်၍ မေးမြန်းရာတွင် ဆေးရုံဝန်ထမ်း တစ်ဦးက ဖုန်းလက်ခံခဲ့ပြီး၊ မြို့နယ် ဆရာဝန်ကြီးနှင့် တွေ့ဆုံပေးခဲ့ခြင်း မရှိပေ။
“သိလိုတာကိုသာ ပြောထားခဲ့ပါ။ ဆရာဝန်ကြီး ဖုန်းပြန် ဖြေမဖြေတော့ ကျွန်မတို့ တာဝန်မယူနိုင်ပါဘူး။ ကျွန်မတို့က ရုံးအကူပါ”ဟု ဆိုပါသည်။
ယင်းနှင့်ပတ်သက်၍ မြို့နယ် ဆရာဝန်ကြီး၏ နေအိမ်သို့ ဖုန်းဆက်သွယ်၍ မေးမြန်းရာ ဆရာဝန်ကြီး၏ ဇနီးဖြစ်သူမှ “ဆရာဝန်ကြီး မြို့နယ် အစည်းအဝေး တက်နေပါတယ်။  အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ မ---ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆရာဝန်ကြီး အနေနဲ့က မြို့နယ်ဆေးရုံမှာ လူနာကများပြီး တစ်ယောက်ထဲ ကုသပေးနေရတာပါ။  ခွဲစိတ်ကုသတယ်ဆိုရာမှာ ဆရာဝန်ကြီး တစ်ယောက်ထဲ ခွဲစိတ်လို့ မရပါဘူး။ အကူတပည့်တွေနဲ့ ခွဲစိတ် ပေးရတာ ဖြစ်ပါတယ်။ ပေါ့ဆမှု ဖြစ်တယ်ဆိုတာကလည်း တပည့်မကောင်းရင် ဆရာ့ခေါင်း ဆိုသလိုပေါ့။ ဆရာဝန်ကြီးက သူ့မှာ တာဝန်ရှိတယ်ဆိုပြီး လူနာရှင်ကို တွေ့ဆုံတောင်းပန်ခဲ့ပါတယ်။ လူနာရှင် ကလည်း အခွန်ဌာနက ၀န်ထမ်း တစ်ဦးပါ။ သူတို့ဌာန အကြီးအကဲ ဖြစ်သူနဲ့ကလည်း လူမှုရေးအရ ညှိနှိုင်းပေးလို့ ကာယကံရှင် မ--- တို့ကလည်း ကျေနပ်မှုရှိပါတယ်”ဟု Tomorrowအား ပြောကြားသည်။
ဆွေနိုင်စစ်
www.tomorrow.com.mm/?q=articles/1358 

20 January 2015


No comments:

Post a Comment