Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက် သောအမေးအဖြေကဏ္ဍ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် CNA သတင်းဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပတ်သတ်၍ ဖြေကြားချက် အပြည့်အစုံအား အောက်ပါ အတိုင်း ဖေါ်ပြအပ်ပါသည်-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်၌ CAN သတင်းဌာနအား လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်သော သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်များကို CAN သတင်းဌာနမှ ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်နှုတ်၍ ထုတ်လွှင့်သွားခဲ့ပါသည်။
CNA - မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေး ရရှိရန်အတွက် ဖေဖေါ်ဝါရီ လတွင် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရန် ရှိသည်ဟု ကြားသိရ ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဖြစ်နိုင်မှုရှိ/မရှိ ကို သိလိုပါသည်။
ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေအပေါ် မှာလည်း တည်လိမ့်မယ်၊ သူတို့ တစ်ကယ် ငြိမ်းချမ်းရေးလိုချင် သလား၊ သူတို့ တစ်ကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့သွားနေတာ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း သွားနေတာ၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းဟာ တရားဥပဒေနှင့် အညီ အေးအေး ချမ်းချမ်းသွား ရမယ့် ကိစ္စဖြစ်တယ်၊ ဒါကလည်း ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်း ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း သူတို့ကို နေရာပေးပြီးတော့ ဒီလမ်းကြောင်းပေါ် ရောက်အောင် ခေါ်နေတယ်၊ ကျွန်တော် တို့ အနေနဲ့လည်း လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် သြဂုတ်လထဲမှာ အပစ် အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့ တယ်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် မရခဲ့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့တစ်ချို့နေရာတွေ မှာမဖြစ်နိုင်တဲ့ ပြောဆိုမှုတွေ၊ တောင်းဆိုမှုတွေ ရှိတဲ့အတွက်ကြောင့် ဒါတွေပြန်ပြီး ညှိနှိုင်း နေရတာရှိတယ်၊ တကယ်လို့သာ ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ တကယ်သူတို့သွား ချင်တဲ့ဆန္ဒရှိတယ်၊ တိုင်းပြည်ပေါ်မှာလည်း စည်းစည်း လုံးလုံးနဲ့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် သူတို့ရွေးစရာ ဒီလမ်းကြောင်းဆိုတာ သူတို့ သိပါတယ်၊ ဒါကြောင့်ကျွန်တော့် အနေနဲ့က သူတို့တစ်ကယ်လို့သာ ဒီလမ်းကြောင်းပေါ်မှာ လာမယ် ဆိုလို့ရှိရင် ကျွန်တော်တို့အမြဲတမ်း အားလုံး ကြိုဆိုနေပါမယ်၊ အဓိက ကတော့ ဒီမိုကရေစီ စနစ်အပေါ် မှာ သူတို့လက်ခံပြီးတော့မှ တစ်ကယ်ကိုသူတို့ စိတ်ဆန္ဒနဲ့ လုပ်ဆောင်ဖို့လိုပါတယ်၊ အခွင့်အရေး တစ်ရပ်အနေနဲ့ လုပ်ဆောင်မယ်ဆိုရင် တစ်ချို့ဟာတွေမှာ ဥပဒေနှင့်မညီရင် ကျွန်တော်တို့ လုပ်လို့မရဘူး၊ ဥပဒေနဲ့ပဲ သွားရမှာ ဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ ကတော့တကယ်မျှော်လင့်ထား တယ်၊ ကျွန်တော်အမျှော်လင့်ဆုံး ကအဲဒါပဲ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်လာရင် အကောင်း ဘက်ကိုပဲ အများကြီး သွားချင်ပါတယ်၊ အငြင်းပွားနေ လို့မဖြစ်ပါဘူး၊ အငြင်းပွားနေတာ တိုင်းပြည်ရဲ့ တိုးတက်မှုကို အများကြီး အနှောက် အယှက်ပေးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အားလုံးကို တူညီတဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းပြီးတော့မှ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ သွားဖို့က အဓိကကျပါတယ်။
CNA - တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် တပ်မတော်သည် အနှောင့်အယှက် သဖွယ် ဖြစ်နေပါကြောင်း၊ မကြာခင်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လည်း အနှောင့်အယှက်ဖြစ်နေရပြီး ရှေ့ဆက်ရန် ခက်ခဲနေသည်နှင့် ပတ်သတ်ပြီး မိမိအနေဖြင့်သိရှိလိုပါသည်။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဖက်က မူဝါဒခြောက်ချက် ပေးထားတယ်၊ နံပါတ် ၁ အချက် အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်စိတ်ရှိရမည်။ သဘောတူညီထားမှု အပေါ် အမြတ်မထုတ်ရဘူး။ ပြည်သူ လူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့ နောက်ထုတ်ပြန် ထားတဲ့ တရား ဥပဒေတွေကို လိုက်နာဖို့လိုတယ်။ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ကို လက်ခံပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်ကို လိုက်ပါဖို့ ပြောထားတာရှိပါတယ်။ ဒီသဘောတူထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ဆိုတဲ့ နေရာမှာ ဒါတွေမျိုးစုံချိုးဖေါက် လာတာတွေ့ရတယ်။ ပြန်ကြည့် မယ်ဆိုရင် ပစ်ခတ်မှုရှိတဲ့ နေရာတွေရှိသလို ပစ်ခတ်မှုမရှိတဲ့ နေရာတွေရှိတယ်၊ ပစ်ခတ်မှုမရှိတဲ့ နေရာတွေက ဘာကြောင့် မဖြစ်လဲဆိုတော့ သူတို့ သဘော တူညီချက် တွေပေါ်မှာ အလေးထားတဲ့ အတွက်ကြောင့် ပြဿနာမရှိဘူး၊ ပစ်ခတ်မှု ရှိတဲ့နေရာတွေကျတော့ သဘော တူညီမှုတွေအပေါ် အလေးထားပြီး လိုက်နာမှုမရှိတဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေဖြစ်တယ်။ ဥပမာအားဖြင့် တစ်ချို့ နယ်မြေတွေမှာ ဝင်ပြီးတော့မှ ပြည်သူလူထုနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေးယူတဲ့ အဖွဲ့အစည်းတွေကို နှောင့်ယှက်တာတွေ လုပ်တာတွေရှိတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ကာကွယ်ရမှာ ဖြစ်တယ်။ မကာကွယ်လို့မရဘူး။ အဲတော့ ပစ်ခတ်မှုတွေဖြစ်တဲ့ နေရာကိုကြည့်မယ်ဆိုရင် သူတို့ဌာနချုပ်တွေမှာ တစ်ခုမှမရှိဘူး။ ကျွန်တော်တို့ သူတို့ဌာနချုပ်မှာ ဘာတစ်ခုမှသွား မလုပ်ဘူး။ အတွင်း ထဲမှာ ဆက်သွယ်ရေး လမ်းကြောင်းတွေပေါ်မှာ၊ ဒါမှမဟုတ် အုပ်ချုပ်မှု အလှမ်းဝေးတဲ့နေရမှာ ဖြစ်နေတာကို ခင်ဗျား သတိပြုမိ လိမ့်မယ်။ ဒါကြောင့် သူတို့တွေနဲ့ ဒီဟာတွေပေါ်မှာ အလေးထား ဆောင်ရွက်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး စာချုပ်လက် မှတ်ရေးထိုးနိုင်ဖို့ တစ်လှမ်းမဟုတ်ဘူး နှစ်လှမ်းမဟုတ်ဘူး သုံးလှမ်း မဟုတ်ဘူး အများကြီး ခုန်ကျော်ပြီး လှမ်းလို့ရတယ်။
CNA - ၎င်းအဖွဲ့အစည်းများ၏ ပြောကြားချက်အရ အဆိုပါသဘောတူညီ ချက်ကို အလေးထားပါသည်။ တပ်မတော်ဘက်မှ အလေး မထားခြင်း ဖြစ်ကြောင်း၊ မိမိတို့၏ ပိုင်နက်အတွင်းသို့ တပ်မတော် ဘက်မှသာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိမိ အနေဖြင့် သိရှိခဲ့ရပါသည်။
ဗိုလ်ချုပ်မှူးကြီး - ဒါသူတို့ပြောတာပဲ။ အဲတော့ ပစ်ခတ်မှုမဖြစ်တဲ့ နယ်မြေတွေ အများ ကြီးရှိတယ်။အဲတော့ သူတို့ဘာမှ အသံမထွက်ပါဘူး။ ဘာမှမပြော ဘူး။ သူတို့လည်း ငြိမ်းချမ်းရေး သွားဖို့အတွက် သူတို့ အားသန်နေကြတယ်။ တစ်နေ့ကမှ ကျွန်တော်နဲ့တွေ့ပါတယ်၊ တွေ့တဲ့အချိန် မှာလည်း သူတို့တွေအနေနဲ့ ငြိမ်းချမ်းရေး တကယ်လိုချင်တဲ့ အကြောင်းကိုပဲ သူတို့ပြောတယ်။ ကျွန်တော်ဆိုလို့ရှိရင်လည်း အကြိမ်ကြိမ် အခါခါပေါ့၊ သူတို့ကိုလည်း တိုက်ရိုက် ပြောတာရှိတယ်။ တစ်ချို့ နေရာတွေမှာ ကျွန်တော်က သူတို့သိအောင် ပြောတာလည်းရှိတယ်။ တကယ့်ကျွန်တော်တို့ရဲ့ စိတ်အမှန်ကတော့ တိုင်းပြည် တည်ငြိမ် အေးချမ်းဖို့ ကျွန်တော်တို့ လိုချင်တယ်။ ဒါ ကျွန်တော်တို့ရဲ့ စိတ်အမှန်ပဲ။
CNA - အဆွေတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ကိုရွေးကောက်ပွဲ မတိုင်မီ လက်မှတ်ရေး ထိုးနိုင်လိမ့်မည်ဟု ယုံကြည် ပါသလား။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော့ ဘက်ကတော့ ထိုးနိုင်မယ်လို့ မျှော်လင့်ထားတယ်။ သို့သော် သူတို့ဘက်က အခြေအနေပေါ်လည်း အများကြီး တည်လိမ့်မယ်။ သူတို့ဘက်က ကျွန်တော်တို့ဘက်နဲ့ ညှိနှိုင်းပြီးတော့မှ ရတဲ့ အချက်တွေဟာ ခိုင်ခိုင်မာမာ ဖြစ်လာပြီဆိုရင် သူတို့လည်း ဒီလမ်းကြောင်းပေါ်မှာ ပါလာမှာပါ။
CNA - အဆွေတော်အနေဖြင့် ဇူလိုင်လတွင် အငြိမ်းစား ယူမည်လား
(သို့မဟုတ်) အခြေအနေ အရပ်ရပ်ကို စောင့်ကြည့်ပြီးမှ အငြိမ်းစား ယူမည်လား ဆိုသည်ကို သိပါရစေ။
ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အသက် ၆ဝ ပြည့်ရင် အငြိမ်းစား ယူပါတယ်၊ အဲတော့ ကျွန်တော် အသက် ၆ဝ မပြည့်ခင် ဒီကိစ္စတွေပြီးမယ် မပြီးဘူးဆိုတာတော့ အခြေအနေ အများကြီးအပေါ် မူတည်နေတယ်။ ကျွန်တော် ပင်စင်မယူခင် Cease Fire လက်မှတ် မထိုးရသေးလို့ ကျွန်တော် ပင်စင်မယူဘူးလို့ သွားလုပ်လို့ မရဘူး၊ ဥပဒေအတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းဘဲ သွားရမယ်။ ကျွန်တော် အသက် ၆ဝ မပြည့်ခင်ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အသက် ၆ဝ ပြည့်သွားလို့ မဖြစ်ရင်လည်း တာဝန်ရှိတဲ့သူ ဆက်လုပ်လိမ့်မယ်။ ကျွန်တော်လည်း လုပ်နိုင်တဲ့ ကဏ္ဍကနေ ဝိုင်းကူပေးမှာပေါ့။ ကျွန်တော့်အနေ နဲ့ကတော့ ကျွန်တော်ရှိတဲ့ အချိန်မှာ ဖြစ်ချင်တာပေါ့။
မြ၀တီ

20 January 2015


No comments:

Post a Comment