Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

၂၀၁၅ နှစ်ဆန်းမှာ စတင်သော ဥပဒေအပြောင်းအလဲများ

နှစ်သစ်စတင်သည်နှင့် တပြိုင်တည်းပင် ဥပဒေအပြောင်းအလဲများလည်း အမေရိကန် ပြည်ထောင်စုတွင် စတင်ပြုလုပ် ကျင့်သုံးတော့မည် ဖြစ်ပါသည်။ ပြည်နယ်များစွာ၏ ဥပဒေအပြောင်းအလဲများကို ဖော်ပြသည်ထက် မြန်မာအများစု နေထိုင်သော ပြည်နယ်အချို့တွင် မြန်မာများနှင့် သက်ဆိုင်ဖွယ် ရှိသော ဥပဒေများကိုသာ အသိပေးထားပါသည်။ ရှက်မနေနဲ့ ပွင့်ပွင့်လင်းလင်းပြော ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်နှင့်ကောလိပ်များတွင် “yes means yes” (ဟုတ်ကဲ့ ဟုဆိုမှသာ ဟုတ်ကဲ့) ဥပဒေ အသက်ဝင်လာပြီ ဖြစ်သည်။ “ကာမဆက်ဆံရာတွင် အသေအချာ၊ အသိရှိလျက်၊ အလိုတူစွာ သဘောတူညီမှသာ ပြုလုပ်နိုင်သည်“ ဟူသော ဥပဒေ ဖြစ်၏။ နှုတ်ဆိတ်ကာ ငြိမ်နေခြင်း၊ မရုန်းမကန်ခြင်းတို့ဖြင့် အလိုတူသည်ဟု မှတ်ယူ၍ မရတော့ပေ။ ထို့ကြောင့်၊ နှစ်ဦးနှစ်ဖက်စလုံးက yes ဟူ၍ နှုတ်မှ ဖွင့်ပြောမှသာ အလိုတူစွာ ကာမဆက်ဆံနိုင်မည် ဖြစ်သည်။ အကယ်၍ အလိုတူကြောင်း နှုတ်မှမပြောဘဲ ကာမဆက်ဆံလျှင် မုဒိန်းမှုဖြင့် တိုင်ကြားနိုင်သောကြောင့် ယောက်ျားလေးရော မိန်းကလေးပါ ဂရုစိုက် သတိထားရမည် ဖြစ်ပါသည်။ ကယ်လီဖိုးနီးယားတွင် ဥစားကြက်၊ ဝက်၊ သိုးဆိတ်တို့ မွေးမြူလျှင် ၎င်းတို့အတွက် နေရာကျယ်ကျယ် ပေးရမည့် ဥပဒေလည်း စတင် အသက်ဝင်လာပြီ ဖြစ်၍ မွေးမြူထားသူ၊ မွေးမြူမည့်သူများသည် အကျယ်အဝန်း သတ်မှတ်ချက်ကို သေချာစွာ သတိပြုကြရပါမည်။ မြောက်ကာရိုလိုင်းနားတွင် အမဲလိုက်ခြင်း၊ ငါးမျှားခြင်း၊ ထောင်ချောက်ဖြင့် ဖမ်းခြင်းတို့အတွက် လိုင်စင်ကြေးများလည်း မြှင့်တင်လိုက်ပြီ ဖြစ်သည်။ မော်တော်ယာဉ်လိုင်စင်ဥပဒေများ မော်တော်ယာဉ်လိုင်စင်များနှင့် ပတ်သက်၍ ပြည်နယ်အချို့တွင် အပြောင်းအလဲများ ရှိခဲ့သည်။ ပတ်စပို့၊ ဗီဇာစသည်တို့ မရှိဘဲ အမေရိကန်နိုင်ငံမှာ တရားမဝင် နေထိုင်သူများကိုလည်း ကယ်လီဖိုးနီးယားတွင် ယာဉ်မောင်းလိုင်စင် ထုတ်ပေးတော့မည် ဖြစ်ပါသည်။ နီဗားဒါးပြည်နယ်တွင် ကျောင်းပြေးခြင်းကို အကျင့်ပါနေသော ကျောင်းသားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းကို ရွှေ့ဆိုင်းထားခြင်း၊ သို့မဟုတ် လက်ရှိလိုင်စင်ကို ဆိုင်းငံ့ခြင်းတို့ ပြုလုပ်ပါမည်။ ဖလော်ရီဒါပြည်နယ်တွင် အသက် ၄ နှစ်နှင့် ၅ နှစ် ကလေးသူငယ်များသည် ရိုးရိုးထိုင်ခုံခါးပတ်ဖြင့် ယာဉ်စီးခွင့် မရှိတော့ဘဲ ကလေးအန္တရာယ်ကင်းထိုင်ခုံ၊ သို့မဟုတ် booster seat အမြင့်ထိုင်ခုံတို့ဖြင့်သာ စီးရပါမည်။ အင်ဒီယာနာပြည်နယ်တွင် အရက်၊ ဆေး မူးယစ်မောင်းနှင်သဖြင့်လည်းကောင်း၊ အခြားပြစ်မှုများဖြင့်လည်းကောင်း လိုင်စင်ရုပ်သိမ်းခံရသူများက မော်တာစကူတာ ဆိုင်ကယ်လေးများ မဆင်မခြင် ဘေးရန်မကင်း မောင်းနှင်ခြင်းများ တိုင်ကြားကြသည့်အတွက် မော်တာ စကူတာများကိုလည်း လိုင်စင်နံပါတ်ပြား တပ်ဆင်ရန် ဥပဒေ ကျင့်သုံးပါမည်။ ယူတားပြည်နယ်တွင် အာမခံမရှိဘဲ ယာဉ်မောင်းသူများ၏ ယာဉ်ကို ရဲက သိမ်းယူမည် ဖြစ်သည်။ ယခင်ကမူ သိမ်းချင်မှ သိမ်းသော ဥပဒေမှ ယခု သိမ်းကို သိမ်းမည့် ဥပဒေ ဖြစ်သွားသည်။ ဆဲလ်ဖီဝါသနာရှင်များအတွက် နယူးယောက်ပြည်နယ်တွင် ဖေဖော်ဝါရီလမှ စတင်၍ ကျား၊ ခြင်္သေ့၊ ကျားသစ် စသော ကြောင်မျိုးနွယ် အကောင်ကြီးများဖြင့် တွဲရိုက်သော ဆဲလ်ဖီဓာတ်ပုံများကို အင်တာနက်ဝက်ဘ်ဆိုက်များနှင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသော လူမှုကွန်ရက်ပေါ်တွင် မတင်ရန် တားမြစ်တော့မည် ဖြစ်သည်။ အန္တရာယ်ရှိသော တိရိစ္ဆာန်ကြီးများနှင့် လူများ နီးနီးကပ်ကပ် နေထိုင်ပြုမူခြင်းကို တားဆီးရန် ဖြစ်၏။ ဓာတ်ဆီ အခွန်တိုးမြှင့်ရာတွင် ဗာဂျီးနီးယားပြည်နယ်သည် တဂါလံလျှင် ၅ ဆင့်နှင့် မေရီလန်းသည် ၃.၅ ဆင့် မြင့်တက်သွားမည် ဖြစ်သည်။ ပြည်နယ်အတော်များများတွင် အနိမ့်ဆုံးလစာသည် ယခု နှစ်ဆန်း ၁ ရက်နေ့မှ စတင်တိုးမြှင့်မည် ဖြစ်သည်။ အာကင်ဆော၊ ကွန်နက်တိကပ်၊ ဖလောရီဒါ၊ အိုဟိုင်းအိုး၊ မေရီလန်း၊ မက်ဆာချူးဆက်နှင့် ရို့ဒ်အိုင်းလင်းတို့တွင် အနိမ့်ဆုံးလစာ အသီးသီး တိုးမည်ဖြစ်ကာ နယူးယောက်သည် ယခင်နေ့ ဒီဇင်ဘာ ၃၁ ရက်မှပင် စတင်ခဲ့ပြီ ဖြစ်သည်။ http://kabarthit.com/index.php?option=com_content&view=article&id=563:2015-01-02-01-28-04&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment