Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

မြန်မာလူငယ်သေဆုံးခြင်းကို လူသတ်မှုဖြင့် အမှုဖွင့်ပြီ

ရည်းစားဟောင်း၏ မွေးနေ့ပါတီတွင် လက်သီးဖြင့် အထိုးခံရပြီးနောက် မြန်မာလူငယ် ကိုရာပြည့် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရခြင်းကို လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်လိုက်ပြီ ဖြစ်ပါသည်။ လတ်စ်ဗီးဂတ်စ်မြို့ ကလပ်ခ်ကောင်တီ မှုခင်းဆရာဝန်ကြီးရုံးသည် တုံးသောအရာဖြင့် ဦးခေါင်းကို ဒဏ်ရာရရှိ၍ ကိုရာပြည့် သေဆုံးရခြင်းအဖြစ် သေမှုဆေးစစ်ချက် ထုတ်ပြန်ကာ လူသတ်မှုအဖြစ် သတ်မှတ်ခဲ့သည်။
ထို့ကြောင့် ဤအမှုကို မူလက လတ်စ်ဗေးဂတ်စ်မြို့တော် ရဲတပ်ဖွဲ့က ကိုင်တွယ်နေရာမှ လူသတ်မှုဆိုင်ရာ စုံထောက်ဌာနသို့ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးရုံးမှ အရာရှိ လော်ရာ မဲလ်ဇာက ပြောကြားသည်။ တရားခံမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်၏။
မွေးနေ့ပါတီကျင်းပပြီးနောက် ဒီဇင်ဘာ၂၈ နံနက် ၂း၃၀ နာရီခန့်တွင် ဖိလိပိုင်အမျိုးသားတဦးက လက်သီးဖြင့် ထိုးသဖြင့် ကိုရာပြည့် ကျောက်သားခင်းကြမ်းပြင်ပေါ်သို့ နောက်စေ့ဖြင့် ပစ်လဲကျကာ ဦးခွံကွဲအက် သတိမေ့မျော သွားခဲ့သည်။ ဒီဇင်ဘာ ၂၉ ရက်တွင် မျှော်လင့်ချက်မရှိတော့သဖြင့် အသက်ဆက်ကိရိယာများကို ဖြုတ်လိုက်ပြီး ၃၀ ရက်တွင် ကွယ်လွန်သွားခဲ့ရ၏။သေဆုံးချိန်တွင် အသက် ၂၅ နှစ်အရွယ်ရှိ ကိုရာပြည့်သည် လတ်စ်ဗီးဂတ်စ် မြန်မာအသိုင်းအဝိုင်းတွင် လူသိများသူ အသိမိတ်ဆွေ ပေါများသူ ဖြစ်၏။ အမေရိကန် ပြည်ထောင်စု၊ ဂူအမ်ကျွန်းသို့ ၂၀၀၅ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် လတ်စ်ဗီးဂတ်စ်သို့ မိခင်နှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ကိုရာပြည့်သည် မြန်မာနိုင်ငံတွင် ငယ်စဉ်ကပင် အဆိုအက အနုပညာ နှစ်သက်လိုက်စားခဲ့၍ ဆိုကရေးတီး ပြိုင်ပွဲမှာ မြန်မာ့ရိုးရာအက ရွှေတံဆိပ်ရရှိခဲ့သူ ဖြစ်သည်။ အမေရိကန်နိုင်ငံတွင်လည်း ရိုးသားစွာ ကြိုးစားသော စံပြလူငယ်တဦး ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက ပြောကြားသည်။
အရည်အချင်းနှင့်အစွမ်းအစ ပြည့်ဝသူ
အထက်တန်းကျောင်းသား ဘဝကတည်းက မြန်မာပိုင် ဆန်နီဆူရှီးဆိုင်လုပ်ငန်း၏ ဆိုင်ခွဲတခုတွင် စားတော်ကဲအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး နောင်တွင် ဈေးကွက်မန်နေဂျာ ဖြစ်လာခဲ့ကြောင်း လုပ်ငန်းရှင် ဦးဆန်နီက ပြောကြားသည်။
ကိုရာပြည့်သည် နီဗားဒါးပြည်နယ်၊ လတ်စ်ဗီးဂတ်စ်တက္ကသိုလ်တွင် အချိန်ပြည့် ကျောင်းတက်နေစဉ်မှာလည်း Key Realty အိမ်မြေရောင်းဝယ်ရေးလုပ်ငန်းမှ ဖွင့်လှစ်သော အွန်လိုင်းသင်တန်းကို တက်ရောက်ခဲ့သည်။ အိမ်မြေရောင်းဝယ်ရေး ပွဲစားလိုင်စင်ရရန် ရက်သတ္တ နှစ်ပတ်ခွဲကြာ သင်ယူခဲ့ပြီးနောက် ကိုရာပြည့်၏ အရည်အချင်းနှင့် အလားအလာကို မြင်သော တက်ဒီ ဖက်ဒါဝဇ်က သူ့ကို Key Realty ၏ အိမ်ပွဲစားအဖြစ် ခန့်အပ်ခဲ့သည်။
ကိုရာပြည့်သည် အိမ်မြေပွဲစားအဖြစ် ပထမဆုံး စတင်လုပ်ကိုင်သော နှစ်မှာပင် စုစုပေါင်း ဒေါ်လာ ၁.၇၅ သန်း တန်ဖိုးရှိသော လူနေအိမ်ရာများကို ရောင်းဝယ်နိုင်ခဲ့သည်ဟု တက်ဒီ ဖက်ဒါဝဇ်က ပြောကြားပါသည်။ ကိုရာပြည့်ထံမှ ပထမဆုံး အိမ်ဝယ်သူမှာ သူ၏ အလုပ်ရှင် ဦးဆန်နီဖြစ်သည်။
အိမ်မြေရောင်းဝယ်ရေး အလုပ်စလုပ်ပြီး နှစ်ပတ်အကြာမှာပင် “မြတ်စွာဘုရား၊ ကျွန်တော်တော့ ဒီအလုပ်ကို အရမ်းကြိုက်သွားပြီ” ဟု ကိုရာပြည့်က ပြောဆိုကာ စိတ်ကြိုက်တွေ့နေသည်ဟု ဖက်ဒါဝဇ်က ပြန်လည် ပြောပြခဲ့ပါသည်။ သို့သော်၊ ဖက်ဒါဝဇ်၏ တိုက်တွန်းအကြံပေးမှုတခုကို ကိုရာပြည့်က နာခံခဲ့သည်ဟု ဆိုသည်။ ၎င်းမှာ မည်သို့ပင် ဖြစ်နေပါစေ ဘွဲ့ရအောင် ယူရန် ဖြစ်သည်။
ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်
ထို့ကြောင့်၊ လတ်စ်ဗီးဂတ်စ်တက္ကသိုလ်တွင် နောက်ဆုံးနှစ်အထိ တက်ရောက်ခဲ့ပြီး ပြီးဆုံးလုနီး စာသင်နှစ်အတွက် ဘွဲ့ယူရန် အမှတ်ပြည့်ရထားပြီးသူ ဖြစ်ကြောင်း ကိုရာပြည့်နှင့် ကာလကြာရှည် ရင်းနှီးသော သူငယ်ချင်း အာဒမ် နိုင်က ပြောပြပါသည်။
မိခင်ဖြစ်သူ ဂရေ့စ် အေး ခေါ် ဒေါ်စိုးစိုးအေးက သားဖြစ်သူကို ဆရာဝန် ဖြစ်စေချင်သောကြောင့် ဇီဝဗေဒဘာသာ အဓိက သင်ယူခဲ့ကြောင်း မိခင်က ပြောပြပါသည်။ ဖခင်ဖြစ်သူ သာသနာ့ဘောင်တွင် ရဟန်းဘဝခံယူသွား၍ ကိုရာပြည့်သည် မိခင်နှင့်အတူ အမေတခု သားတခု အေးချမ်းစွာ နေထိုင်နေခဲ့ပါသည်။
ကိုရာပြည့်သည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသား ခံယူခဲ့သည်။ မိမိ၏ အမည်ကိုလည်း William Yar Parke ဟု ပြောင်းလဲခဲ့သည်။ မိခင်နိုင်ငံခြားတွင် အလုပ်လုပ်နေစဉ် သူတို့ ညီအစ်ကိုကို ပြုစုစောင့်ရှောက်ခဲ့သော အဒေါ် ဒေါ်တင့်တင့်၏ မျိုးရိုးအမည်ကို ခံယူခဲ့ခြင်း ဖြစ်၏။ ဒေါ်တင့်တင့်သည် အမေရိကန်အမျိုးသားနှင့် အိမ်ထောင်ကျကာ Parke မျိုးရိုးအမည်ဖြင့် ဂူအမ်ကျွန်းတွင် နေထိုင်လျက်ရှိ၏။ ကိုရာပြည့်၏ ညီ ကိုဖြိုးသက်ခိုင် ခေါ် Johnny Parke သည် အဒေါ်မိသားစုနှင့် အတူ နေထိုင်နေသည်။
သားဖြစ်သူ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးရခြင်းနှင့် ပတ်သက်၍ “ကျွန်မ ရူးမတတ်ခံစားရပါတယ်” ဟု မိခင် ဒေါ်စိုးစိုးအေးက ပြောကြားပါသည်။
http://kabarthit.com/index.php?option=com_content&view=article&id=572:2015-01-14-02-41-23&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment