Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 8, 2014

“မင်းတုန်းမင်းတည်ခဲ့တဲ့မြို့ . . . မင်းတုံးမင်းတို့ဖျက်ကြပြီလား” - ကျော်ကြီး (MDY)

ကျွန်တော်တို့ မန္တလေးမြို့ကို ပဉ္စမသံဃာယနာတင်ခဲ့တဲ့ သာသနာပြု မင်းတပါးဖြစ်တဲ့မင်းတုန်းမင်းဘုရင်ဟာ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်မှာ သူနှင့် သူရဲ့တိုင်းသူပြည်သားတွေ နေထိုင်ဖို့အတွက် ရတနာပုံမြို့သစ်နှင့် မြနန်းစံကျော်ရွှေနန်းတော်ဆိုပြီး နန်တော်ကြီးကို တည်ဆောက် စံမြန်းနေထိုင်ခဲ့ပါတယ်။ ထိုနန်းတော်ကြီးမှာပဲ မင်းတုန်းဘုရင်ဟာ နောက်ဆုံးနတ်ရွာစံတဲ့အထိ နေထိုင်စံမြန်းတော်မူသွားခဲ့ပါတယ်။ မန္တလေးမြို့ဆိုတာက မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်မင်းဆက်အဆုံးသတ်ခဲ့တဲ့ မင်းနေပြည်တော်မြို့ဖြစ်ခဲ့တာနဲ့အညီ သမိုင်းဝင်ယဉ်ကျေးမှုအဆောက်အဦးတွေ၊ လည်ပတ်စရာနေရာတွေ၊ အနားယူအပမ်းဖြေစရာဥယျာဉ်တွေ၊ ပွဲလန်းသဘင်တွေကျင်းပတဲ့ လူထုကွင်းတွေ အလွန်ပေါများတဲ့ မြို့တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ယနေ့အချိန်အခါမှာတော့ သမိုင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦးတွေ၊ မြို့နေလူထုအနားယူအပမ်းဖြေစရာ ဥယျာဉ်တွေ ၊ လူထုကွင်းကျယ်တွေဟာ သမိုင်းကိုမသိ သမိုင်းကိုတန်ဖိုးမထား မြို့နေလူထုအတွက်မကြည့်တဲ့ ခေတ်အဆက်ဆက် မြို့အုပ်ချုပ်သူအာဏာပိုင်များရဲ့ ကိုယ်ကျိုးစီးပွားအတ္တမကင်းတဲ့ လုပ်ရပ်တွေကြောင့် ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်အတော်များများ ဖျက်ဆီးခံလိုက်ရသလို လူမူရေး စီးပွားရေး ယဉ်ကျေးမှုစတဲ့ အခြားကဏ္ဍများမှာလည်း ယိုယွင်းပျက်စီးနေပြီး မြန်မာ့ယဉ်ကျေးမှုမြို့တော်ကြီးဟာ အလုံးစုံပျက်စီးကိန်းဆိုက်နေပါပြီ။

ပြီးခဲ့တဲ့ရက်က မန္တလေးရောက်တုန်း ၆၂ လမ်းဘက်ဖြတ်တော့ ငယ်ငယ်က ကစားခဲ့တဲ့ မနော်ရမ္မံ ဥယျာကြီးကို သတိထားကြည့်မိတော့ ဥယျာဉ်ထဲမှာ မြေသယ်ကားတွေနဲ့ အလုပ်သမားတွေ အလုပ်လုပ်နေတာတွေ့တာနဲ့ ဘာများလုပ်နေကြတာလဲဆိုပြီး ကားရပ်ပြီးဆင်းကြည့်မိပါတယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ဝဆောင့်အကန်ခံလိုက်ရသလို ခံစားလိုက်ရပါတယ်။ မနော်ရမ္မံဥယျာဉ်ကြီးကို ကိုယ်ကျိုးစီးပွားအတွက် လုပ်ငန်းလုပ်မယ့်သူတွေက အမဲဖျက်သလို အပိုင်းပိုင်းဖျက်ပြီး လုပ်နေကြတာ မြင်မကောင်းအောင်ပါပဲ။ မနော်ရမ္မံ ထဲမှာရှိတဲ့ တောင်မြောက်ရေမြောင်းအကျယ်ကြီးကို ဥယျာဉ်မြေနေရာကို ငှားရမ်းပြီး ကစားကွင်းဖွင့်လှစ်ထားတဲ့ ကုမ္မဏီက ရေကန်ထဲအထိဆင်းပြီး အုပ်ရိုးတာဘောင်တွေလုပ် မြေတွေဖို့ပြီးမြေနေရာထပ်ချဲ့ပြီး ဘောင်ကျော်လုပ်နေတာတွေ့မြင်ရပါတယ်။ မြောက်ဘက်အခြမ်းကြည့်လိုက်တော့ ရေမြောင်းကြီးကို အပေါ်ကနေပြီး ကွန်ကရစ်ပြင်ကျယ်ကြီးလောင်းထားတာကိုတွေ့ရသလို အဆောက်အအုံတွေဆောက်ဖို့လုပ်နေကြတာတွေ့မြင်ရပါတယ်။ မနော်ရမ္မံဥယျာဉ်ဆိုတာ အရင်က ရေကန်အကျယ်ကြီးနဲ့ အုန်းပင်တွေ ပန်းပင်တွေနဲ့ စိမ်းစိုသာယာလှပပါတယ်။ ကျုံးအသေးစားလေးနဲ့တောင်ဆင်တူပါတယ်။ ခုတော့ ရေကန်ကျယ်ကြီးဘ၀ကနေ သာမန်ရေဆိုးထုတ်မြောင်းကျဉ်းဘ၀ရောက်ရှိပါတော့မယ်။ ဥယျာဉ်တောင်ဘက်ထိပ်မှာဆို၇င် လမ်း၈၀၊ ၂၆လမ်းထောင့်ကပြောင်းရွေ့လိုက်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိုရှိခဲ့ပါတယ်။ ခုတော့ အခပေးဂိမ်းကစားကွင်းအဖြစ်ငှားလိုက်တော့ ဗိုလ်ချုပ်ကြေးရုပ်လည်း ထပ်မံပြောင်းရွေ့ခံလိုက်ရပြန်ပါပြီ။

ဒီမနော်ရမ္မံ ဥယျာဉ်ကြီးဆိုတာ မြို့တည် မင်းတုန်းဘုရင်လက်ထက်မှာ မြို့သူမြို့သားတွေ အနားယူအပမ်းဖြေဖို့အတွက် ရည်ရွယ်တည်ဆောက်ခဲ့တဲ့ ဥယျာဉ်တော် ၂၀ ထဲက ဥယျာဉ်တစ်ခုဖြစ်ပါတယ်။ မန်းလေးမြို့ရဲ့တစ်ခုတည်းသောကျန်ရှိတဲ့ သမိုင်းဝင် ဥယျာဉ်တစ်ခုလည်းဖြစ်ပါတယ်။ အခုတော့ သမိုင်းကိုတန်ဖိုးမထား နားမလည်တဲ့ မြို့တော်စည်ပင်ကလူကြီးမင်းများနဲ့၊ စီးပွားရေးလုပ်ငန်းရှင်တို့ပူးပေါင်းပြီး စီးပွားဖြစ်လုပ်နေကြတာတွေ့တော့ ရင်နာလို့မဆုံးပါဘူး။ ၁၉၈၈ စစ်အာဏာရှင်လက်ထက်နောက်ပိုင်း မြို့ကိုအုပ်ချုပ်တာဝန်ယူခဲ့သူအဆက်ဆက်က မြို့နေလူထုရဲ့သဘောဆန္ဒကို အလေးမထား ပဲ ကိုယ်ကျိုးစီးပွားအတ္တကြီးစွာ လုပ်ခဲ့ကြလို့ ယနေ့အချိန်အခါမှာ မန္တလေးမြို့ကြီးဟာ နန်းမဆန် မန်းလည်းမဆန်တော့ပါဘူး။ အရင်က ယဉ်ကျေးမှုမြို့တော်ကြီး၊ စိမ်းစိုသာယာတဲ့ ဥယျာဉ်မြို့တော်ကြီးလို့ တင်စားခဲ့တဲ့ မန္တလေးမြို့ကြီးဟာ အခုဆိုရင် ပူပြင်းခြောက်သွေ့တဲ့ ကွန်ကရစ်ဖုန်းဆိုးတောကြီးဖြစ်လိုနေပါပြီ။

အုပ်ချုပ်သူအာဏာပိုင်တွေဟာ ခေတ်အဆက်ဆက် မန္တလေးမြို့ကြီးကို ကိုယ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တစ်သိုက်ကောင်းစားရေးအတွက် ကိုပဲကြည့်ပြီး ဘယ်လိုလုပ်ခဲ့သလဲဆိုတာ အများကြီးထဲကမှ အနည်းအကျဉ်းပြောပြချင်ပါတယ်။ အရင်တုန်းက မန္တလေး တောင်ခြေ ကျုံးမြောက်ဘက်မှာ ရဟန်းရှင်လူ၊ မြို့ခံလူထုတွေ စုဝေး ပေါင်းစုံလေ့ရှိတဲ့ မန်းရာပြည့်ကွင်းကြီး ဆိုပြီး ရှိပါတယ်။ အဲဒီကွင်းထဲမှာ ပြည်ထောင်စုနေ့လို လူထု အစည်းအဝေးပွဲတွေ၊ လွတ်လပ်ရေးပွဲတွေ ချိမ့်ချိမ့်သဲသဲ ကျင်းပကြပါတယ်။ မန္တလေးမှာ ဘာပွဲလမ်း သဘင်လုပ်လုပ် အဲဒီ ကွင်းကြီးထဲမှာပဲ ကျင်းပခဲ့ပါတယ်။ မန္တလေးရဲ့ ပြည်သူ့ ရင်ပြင်ကြီးလို့တောင် ပြောလို့ ရပါတယ်။ စစ်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်မှာတော့ အဲဒီ မန်းရာပြည့် ကွင်းကြီးကို အစိုးရက ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့လို့ မန်းရာပြည့်ကွင်းကြီး ပျောက်ကွယ် ခဲ့ရပါတယ်။ ရတနာပုံ တိရစ္ဆာန် ဥယျာဉ် အဖြစ် ပြောင်းလဲခဲ့ပေမဲ့လည်း မြို့နေလူထု အတွက် အပန်းဖြေ အနားယူနိုင်တဲ့ နေရာ အစစ်အမှန် မဖြစ်ခဲ့ပါဘူး။

၁၉၅၄ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ မန္တလေးမြို့ရဲ့ နာမည်ကြီး အနားယူ အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ မန်းသီတာ ဥယျာဉ်ဟာလည်း ၁၉၉၃ ခုနှစ်မှာ ကျုံးကြီး ပြန်လည် တူးဖော် ပြုပြင်တာကနေ ဖျက်သိမ်းပစ်ခဲ့ လိုက်ပါတယ် ။ နန်းတွင်းထဲမှာရှိတဲ့ မြိုင်ဟေ၀န် ဥယျာဉ်၊ မြနန်းစံကျော် ရွှေနန်းတော်များ ဟာလည်း လုံခြုံရေးအကြောင်းပြပြီး နန်းတွင်းကို အများ ပြည်သူ ၀င်ထွက်ခွင့် တင်းကြပ်လိုက်လို့ နန်းတွင်းဟာ မြို့နေလူထုနဲ့ မသက်ဆိုင်တဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ခုထိလည်း နန်းတွင်းကို စစ်တပ်တွေတပ်ဆွဲပြီး သိမ်းထားဆဲဖြစ်ပါတယ်။ မင်းတုန်းမင်းတည်ခဲ့တဲ့မြို့ဟာ ယနေ့အချိန်အခါမှာတော့ မြို့ကိုတိုင်းတစ်ပါးသားတရုတ်တွေက သိမ်း နန်းတော်ကိုစစ်တပ်ကသိမ်းနဲ့ မင်းတုန်းဘုရင်များ မြင်ရင် ဘယ်လောက်များရင်ထုမနာဖြစ်လိုက်မလဲလို့တောင်တွေးမိပါတယ်။

ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေဖြစ်တဲ့ မန္တလေးဈေးချိုတော်နဲ မန္တလေးဘူတာကြီး အပါအ၀င် သမိုင်းဝင်အဆောက်အအုံတွေကိုလည်း မြို့ပြခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးဆိုပြီးအကြောင်းပြ မူလရှေးဟောင်းလက်ရာတွေကို ဖျက်ဆီးပြောင်းလဲကြတယ်။ မန္တလေးမြိုပြဖွံ့ဖြိုးလာတော့ ၃၅ လမ်းပေါ်က ဂေါ်ယာသင်္ချိုင်း နဲ့ ခရစ်ယာန်သင်္ချိုင်း၊ သိပ္ပံလမ်းနဲ့ ရန်ကုန်-မန္တလေးလမ်းထောင့်မှာရှိတဲ့ ဆင်ဖြူကန်သင်္ချိင်းတွေကိုဖျက်သိမ်းပြီး မြို့ပြင်ထုတ်ခဲ့ပါတယ်။ ပထမပိုင်းတော့ ဂေါ်ယာသင်္ချိုင်းနေရာကို မန်းမန္တလာ ဥယျာဉ်အဖြစ် လုပ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ထိုမြေနေရာကွက်လပ်ကို အကွက်ရိုက် လုံးချင်းအိမ်ယာတွေဆောက်ပြီးရောင်းစားခဲ့ကြတာ တစ်မြို့လုံးအသိဖြစ်ပါတယ်။

ဆင်ဖြူကန်သင်္ချိုင်းကွင်းကြီးကိုတော့ ပွဲလမ်း သဘင်တွေ ကျင်းပရာ နေရာအဖြစ် ပြုလုပ် ခဲ့ပါတယ်။ အဲဒီကွင်းထဲမှာပဲ အထက် မြန်မာပြည် နွားလှည်းနဲ့ နွားအလှ ပြိုင်ပွဲ၊ ပန်းဆယ်မျိုး ပြပွဲ ပြိုင်ပွဲတွေ၊ သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲတွေစတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာပါ။ မန်းရာပြည့်ကွင်းကြီးမရှိတော့တဲ့နောက်ပိုင်း ဆင်ဖြူကန်ကွင်းဟာ မန္တလေးမြို့ရဲ့ လူထုကွင်းပြင်ကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကစပြီး ဆင်ဖြူကန် ကွင်းကြီးအား မန္တလေးစည်ပင်က စီးပွားရေး လုပ်ငန်းရှင်တွေကို အပိုင်းပိုင်းဖျက်ပြီးငှားရမ်းခဲ့လို့ စင်တင် တေးဂီတတွေဆိုင်တွေဖွင့်၊ စားသောက်ဆိုင်တွေဖွင့်၊ ဂေါက်သီး လေ့ကျင့်ရေးကွင်းတွေ၊ ကားမောင်းသင်ကွင်းတွေ အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ယနေ့ထိငှား၇မ်းထားဆဲလည်းဖြစ်ပါတယ်။ ဘယ်လိုငှားရမ်းထားတယ်၊ ဘယ်ဈေးနှုန်းနဲ့ငှားရမ်းထားတယ်၊ ဘယ်နှစ်နှစ်ငှားထားတယ် ဆိုတာ မြို့ခံပြည်သူတွေမသိရှိရပါဘူး။

နာမည်ကြီးကမ္ဘာကျော် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ နွေမိုးဆောင်းသုံးပန်လှတဲ့ တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာလည်း တနှစ်ပတ်လုံး ရေအမြဲရှိတဲ့ ငါးမွေးကန်ကြီးပြုလုပ်လိုက်ကြသလို၊ ပျက်စီးသွားတဲ့ အခန်းတွေနေရာမှာလည်း ကွန်ကရစ်တိုင်တွေနဲ့အစားထိုးလိုက်လို့ အင်မတန်ရုပ်ဆိုးအကျဉ်းတန်သွားခဲ့ပါတယ်။

အသစ်ဖော်ထုတ်ခဲ့တဲ့ မန္တလေးကန်တော်ကြီးဟာလည်း ကန်ထဲမှာ ငါးမွေးမြူရေး လုပ်ငန်းတွေလုပ်ကြ၊ စင်တင် တေးဂီတတွေ၊ ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်လှစ်ခဲ့တာကြောင့် လူအများစု ဖြစ်တဲ့ အခြေခံ လူတန်းစား မြို့နေလူထု အတွက် အပန်းဖြေ စရာနေရာ မဖြစ်ခဲ့ပဲ လူကုံတန်တွေ အတွက် ပျော်ရွှင် အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

မန္တလေးအာဏာပိုင်အဖွဲ့အစည်းတွေဟာ စီမံကိန်းများ လုပ်ငန်းများလုပ်ဆောင်တဲ့အခါမှာ မြို့နေလူထုသဘောထားကို အလေးထားမေးမြန်းချင်း ပွင့်လင်းမြင်သာမှုရှိစွာ ချပြချင်းလုံးဝမရှိသလောက်တွေ့ရပါတယ်။ ယခုအသစ်တည်ဆောက်ထားတဲ့ သိပ္ပံလမ်းတောင်ဘက်မှာရှိတဲ့ မင်္ဂလာမန္တလေးမြို့တော် စီမံကိန်းဟာလည်း ပွင့်လင်းမြင်သာမှုလုံးဝမရှိခဲ့ပါဘူး။ မန်းလေးစည်ပင်သာယာက မြေနေရာစိုက်ပြီး၊ နယူးစတားလိုက် ကုမ္ပဏီကငွေထုတ်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်တယ်လို့သိရှိရပါတယ်။ ဘယ်လိုအကျိုးတူပူးပေါင်းဆောင်ရွက်တာလဲ၊ အကျိုးအမြတ်ဘယ်လိုခွဲယူတာလဲ စတဲ့ စာချုပ်ပါအချက်အလက်များကိုယနေ့ထိ ပြည်သူကိုချပြတာလုံးဝမရှိပါဘူး။ လွှတ်တော်ရဲ့ တင်ပြဆုံးဖြတ်ချက်ယူခဲ့သလားဆိုတာလည်း မသိရှိရပါဘူး။ ဒီလောက်ကြီးမားတဲ့စီမံကိန်းကို ပွင့်လင်းမြင်သာစွာမလုပ်ခဲ့တာ အံ့သြစရာကောင်းလွန်းလှပါတယ်။ အဂတိတ၇ားကင်းကင်းရှင်းရှင်းနဲ့ မှန်ကန်စွာဆောင်ရွက်ခဲ့တယ်ဆိုရင် ပြည်သူကို အသိပေးချမပြရဲစရာ လုံးဝမရှိဘူးလို့ပြောချင်ပါတယ်။

ထိုမင်္ဂလာမန္တလေးမြို့တော်စီမံကိန်းဟာလည်း အခြေခံမြို့သူမြို့သားတွေအတွက် တော့မဟုတ်ခဲ့ပါဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ တိုက်ခန်းတစ်ခန်းကို သိန်းထောင်ချီတန်တဲ့အတွက် လူလက်တန်းစားတွေနဲ အခြေခံလူတန်းစားတွေအတွက် အနားတောင်မသီနိုင်ပါဘူး။ ဘယ်သူတွေအတွက်ဖြစ်ခဲ့လည်းဆိုတော့ အားလုံးသိကြတဲ့အတိုင်း ပေါက်ဖော်ကြီးတို့အတွက်ပဲဖြစ်ခဲ့ရပါတယ်။ ဒီတစ်ချက်ကို ကြည့်ချင်းအားဖြင့် မန္တလေးမြို့ကို တရုတ်တွေဘယ်လိုလွမ်းမိုးသွားတယ်ဆိုတာကိုလည်း တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ အဖြေကတော့ဒါပါပဲ။ ရှိသမျှနေရာလွတ်တွေကို အိမ်ရာ၊တိုက်ခန်းတွေဆောက်ပြီးရောင်းချခဲ့လိုက်တော့ ဘယ်ကရလာတဲ့မှန်းမသိတဲ့ ငွေတွေနဲ့ ချမ်းသာလာတဲ့ တရုတ်လက်တွလက်ရောက်ရှိသွားခဲ့တာပါပဲ။ ဒါဟာ မန္တလေးမြို့ကို တရုတ်တွေလွမ်းမိုးဝါးမျိုသွားတာတွေရဲ့ အဓိကအချက်တွေပါပဲ။

မင်္ဂလာမန္တလေးစီမံကိန်း ဘေးကပ်လျက်မှာရှိတဲ့ သိပ္ပံလမ်းထောင့်က မြေကွက်လပ်ကိုလည်း ဂရိတ်ဝေါကုမ္ပဏီက ယူကလစ်ပင်၊ ကြံပင်၊ ငှက်ပြောပင်စတဲ့ အပင်များစိုက်ပြီး ကြိုဖျာခင်းထားတာတွေ့ရပါတယ်။ ငှာရမ်းထားတာလား၊ ရောင်းချလိုက်တာလား ဘာလားဆိုတာတော့လုံးဝမသိရှိရပါဘူး။ နောက်ပြီး သိပ္ပံလမ်းနဲ့ ဗိုလ်ချုပ်၇ွာကြားမှာရှိတဲ့ မြေကွက်လပ်နေရာမှာလည်း စီမံကိန်းကြီးကြီးမားမားဆောင်၇ွက်နေတာတွေ့ရပါတယ်။ ဘာဆိုင်းဘုတ်မှတပ်ထားတာမတွေ့ရပါဘူး။ ကွန်ဗက်ရှင်းစင်တာဆောက်နေတာလို့တော့ အများပြောသံအရသိရှိရပါတယ်။ ဒီစီမံကိန်းဆောင်ရွက်တဲ့နေရာမှာလည်း ဘယ်လိုတင်ဒါခေါ်ယူတယ်၊ ဘယ်ကုမ္မဏီကလုပ်ပိုင်ခွင့်ရသွားတယ်၊ ဘယ်လောက်အကုန်အကျခံလုပ်မယ်စတာတွေကို လုံးဝထုတ်ဖော်မပြောတာတွေ့ရပါတယ်။ အဲ့စီမံကိန်းမှာ အံ့သြစရာတွေ့ရတာတစ်ခုကတော့ ဓာတ်ပုံမရိုက်ရဆိုပြီးတားမြစ်ထားတဲ့ ဆိုင်းဘုတ်ပါပဲ။ ဒါကိုကြည့်ချင်းအားဖြင့် ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိမရှိဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

အထက်ပါဖြစ်စဉ်တွေကိုကြည့်ရင် ခေတ်အဆက်ဆက် မန်းလေးမြို့အုပ်ချုပ်သူအာဏာပိုင်တွေဟာ ခရိုနီစီးပွားရေးလုပ်ငန်ရှင်တွေနဲ့ပူးပေါင်းပြီး မှန်သလားမှားသလား၊ မဲသလားဖြူသလား၊ တရားသလားမတရားသလား မန္တလေးမြို့သူမြို့သားတွေ မသိရပဲ မန်းလေးမြို့ကို လိုသလိုပုံဖျက်ခဲ့ကြတာ အထင်းသားတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်တာတစ်ခုက မန္တလေးမြို့ကိုအုပ်ချုပ်တဲ့ လူကြီးမင်းများ တရားနည်းလမ်းတကျမှန်ကန်စွာလုပ်တာ ဟုတ်မဟုတ်မသိရပဲ လုပ်ချင်သလို လုပ်ခွင့်ရနေချင်းဟာ ကျွန်တော်တို့ မီဒီယာသမားတွေရဲ့ဖော်ထုတ်ထောက်ပြနိုင်မှု၊ မန္တလေးမြို့ရဲ့နိုင်ငံရေးသမားတွေ၊ ပြည်သူကိုကိုယ်စားပြုပါတယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အားနည်းချက်၊ လိုအပ်ချက်များကြောင့်လို့ပြောချင်ပါတယ်။

ဘ၀ရှင်မင်းတရား မင်းတုန်းမင်းတည်ခဲ့တဲ့ မန္တလေးမြို့ကြီး ကမ္ဘာတည်သ၍ထာဝရတည်တံ့နိုင်ဖို့၊ မြန်မာ့ယဉ်ကျေးမှုနောက်ဆုံးခံတပ်ကြီး မပြိုလဲသွားရေး၊ မင်းတုန်းမင်းတည်ခဲ့တဲ့နန်းမြို့ဟာ မင်းတုံးမင်းများ လက်အောက်ရောက်မှ ဖျက်စီးခံရတဲ့အခြေအနေကနေ ကာကွယ်နိုင်ရေး၊ တိုင်းတစ်ပါးသားတို့ရဲ့ လွမ်းမိုးဝါးမျိုသွားခြင်းမှ ကာကွယ်ေ၇းအတွက် မင်းတုန်းမင်းရဲ့ ပြည်သူပြည်သားတွေဖြစ်တဲ့ မန္တလေးသားတွေမှာ သမိုင်းပေးတာဝန်အနေနဲ့ လုံးဝတာဝန်ရှိနေပါတယ်။ မန္တလေးအနာဂတ်ကို မန္တလေးသားတွေပဲထုဆစ်ကြမယ်လို့ ရင်ဝယ်ပိုက်ပြီး ယနေ့ကစလို့ အာလုံးဝိုင်းဝန်း ကြိုစားကြပါစို့. . . . .

- ကျော်ကြီး (MDY)


http://www.tomorrow.com.mm/?q=articles/1198

No comments:

Post a Comment