Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 26, 2014

စစ်ကိုင်းတိုင်း ကန့်ဘလူတွင် တောင်သူ ၅၆ ဦးအား ထောင်ချကာ ၄၀ ကျော်ကို တရားစွဲသည့်အပြင် စိုက်ပျိုးသီးနှံများ ဖျက်ဆီး


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်းရှိ ငှက်ပျောတိုင်၊ ခအုန်းတာနှင့် ပေကြီး ရွာများမှ ဒေသခံ တောင်သူများ စိုက်ပျိုးထားသော ၁၅၁၁ ဧကပေါ်ရှိ သီးနှံပင်များ ကို ရွှေဘိုအခြေစိုက် ထောက်ပို့(တထပ) ၂ စစ်တပ်မှ စစ်သားအင်အား ၁၀၀ ဖြင့် ဖျက်ဆီးလျက်ရှိကြောင်းနှင့် တောင်သူ ၄၀ ကျော်ကို ဥပဒေပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) ဖြင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ခအုန်းတောကျေးရွာနေ ဦးဘိုကြီးက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ကန့်ဘလူမြို့နယ်ရှိ အဆိုပါ ကျေးရွာ ၃ ရွာမှ မြေဧကပေါင်း ၁၃၀၀၀ ကျော်အား ၁၉၉၀ ပြည့်နှစ် ကတည်းက ရွှေဘိုထောက်ပို့တပ်မှ သိမ်းယူခဲ့ခြင်းဖြစ်ကာ ၎င်းမြေပေါ်တွင် စစ်တပ်က ပြန်လည် သီးစားချထားသူများ လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စစ်တပ်ဘက်မှ လယ်မြေဧက ၁၅၁၁ ဧကကို မူလ လက်ငုတ်ရင်း တောင်သူများထံ ၂၀၁၃ ခုနှစ်တွင် ပြန်လည်ပေးအပ် ထားသော်လည်း ယင်းမြေပေါ်တွင် စိုက်ပျိုးနေသည့် စိုက်ပျိုးပင်များကို ဖျက်ဆီးခြင်းအပြင် တောင်သူ ၅၆ ဦးကို ဖမ်းဆီး ထောင်ချခဲ့ပြီးဖြစ်ကာ ထပ်မံရှိနေသည့် သီးနှံပင်များနှင့် တောင်ငူ ၄၀ ကျော်ကို ထပ်မံတရားစွဲ အရေးယူနေခြင်း ဖြစ်သည်။

““ပထမ သီးနှံတွေ ဖျက်ဆီးတယ်။ ဖျက်ဆီးလို့ ကျန်သေးတာပေါ့။ မူလတောင်သူတွေ စိုက်ထားတဲ့ ကျန်တဲ့ ဟာတွေကိုလည်း လမ်းတွေပိတ်ဆို့ပြီး စိုက်ခင်းတွေ မ၀င်ရအောင်လို့ပေါ့ဗျာ။ စစ်တပ်နဲ့ သီးစားတွေ ပေါင်းပြီးတော့ အဲဒီဟာကို (ကုပ်သွေး) စုပ်ပြီး ယူနေကြတယ်။ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ နဲ့ အရေးယူ ထားတယ်””ဟု ဦးဘိုကြီးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)နဲ့ အခုထိ တရားစစ်ဆေးဆဲ”” ဟု ကန့်ဘလူမြို့နယ် မြို့နယ်တရားသူကြီး ဦးဥက္ကာမောင်မောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

သိမ်းဆည်းထားသည့် မြေဧကပေါင်း ၁၃၀၀၀ ကျော်အား အကုန်ပြန်ပေးမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လတွင် နေပြည်တော် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်ချုပ်မင်းဇော်က အမှတ် (၁) ကန့်ဘလူ သကြားစက်တွင် ဒေသခံ တောင်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရွှေဘိုထောက်ပို့ တပ်မှ အခြားသူများအား သီးစားအဖြစ် လုပ်ကိုင်စေခဲ့ကာ မူလပိုင်ရှင် တောင်သူများ စိုက်ပျိုးထားသည့် သီးနှံပင်များ ဖျက်ဆီးခြင်း၊ တောင်သူများကို ထောင်ချခြင်း များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

““၂၀၁၃ ခြောက်လပိုင်းတုန်းက ဗိုလ်ချုပ်မင်းဇော် ကနေပြီးတော့ ပေးတာ။ ဒီမြေတွေကို အကုန်လုံး ပြန်ပေး တော့မှာပေါ့လေ။ ဗိုလ်ချုပ်မင်းဇော် ကိုယ်တိုင် ကျွန်တော်တို့ အမှတ်(၁) သကြားစက် ကန့်ဘလူ၊ အဲဒီကို လာပြောသွားတာ ၂၄၁၁ ဧက ပေးမယ်ဆိုပြီးတော့။ ခရိုင်မြေစာရင်းတွေလည်း ပါတယ်။ အကုန် တိုင်းထွာ ပြီးတော့ ပေးသွားတာ။ ပေးပြီးနောက်ပိုင်း ကျတော့မှ ဒီအတိုင်း မဟုတ်ပါဘူး၊ မှားပါတယ် ဆိုပြီးတော့ ၁၅၁၁ ဧက ပြန်ပေးတာ။ ၂၀၁၄ သုံးလပိုင်းထဲမှာ ၀င်ထွန်ကြတယ်။ မြေတွေအကုန်လုံး ပြန်ပေးပြီဆိုပြီးတော့ ၀င်လုပ်တဲ့ အခါကျတော့ သီးစားတွေကလည်း ကျေကျေငှာငှာ (ကျေကျေနပ်နပ်၊ ပျူပျူငှာငှာ) ပဲ အကုန် ပြန်ပေးပြီး ပြန်ကိုသွားပြီ။ ပြန်သွားပြီးမှ စစ်တပ်ကနေပြီး သီးစားတွေကို ပြန်ခေါ်ပြီး စစ်တပ်က မြေမစွန့် လွှတ်သေးဘူးပေါ့။ ခင်ဗျားတို့ ဒီလိုဆွဲ (ဇွဲ) လျှော့ပေးလိုက်ရင် မြေတွေ ပြန်ပေးလိုက်ရတော့မှာ။ ကိုယ့် မြေကိုယ်ပြန်လုပ် ဆိုပြီးတော့ ကျွန်တော်တို့ စိုက်ပြီးသားတွေကို ထိုးဖျက်ခံရတာပါ။ အဲဒီကနေစပြီး တောင်သူကြီးတွေကို ထောင်ချပြီး အိမ်က ကျန်ရစ်သူတွေကို တဲတွေ ဖျက်ခိုင်းပေါ့”” ဟု အကျိုးဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၃ လ ကျခံခဲ့ရရာမှ ပြန်လည် လွတ်မြောက်လာသူ တောင်သူ ဦးကျော်လင်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ဦးကျော်လင်းနှင့်အတူ ထောင်ချခံရသူ ၅၆ ဦးအနက် ၃၁ ဦးမှာ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကာ ၂၅ ဦးမှာ ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်သည်။

သိမ်းဆည်းခံရသည့် လယ်မြေများ ပြန်လည်ရရှိရေးနှင့် ဖမ်းဆီးခံ တောင်သူများ ပြန်လည် လွတ်မြောက်ရေး အတွက် သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ၂၀၁၄ ခုနှစ် သြဂုတ်လနှင့် နိုဝင်ဘာလ အတွင်းက မေတ္တာရပ်ခံစာများ ပေးပို့ထားသော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားသေးခြင်း မရှိကြောင်းကိုလည်း တောင်သူများအား ကူညီပေးနေသည့် ကန့်ဘလူမြို့နယ်၊ သရက်တာ ကျေးရွာ၊ ဣဒ္ဓိမဟာရာမကျောင်းတိုက် ဆရာတော် အရှင်ကုမာရက မြန်မာ သံတော်ဆင့်သို့ မိန့်သည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment