Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 12, 2014

ဒီနှစ်အကယ်ဒမီပေးပွဲ တက်ဖြစ်ဖို့ မသေချာဘူးလို့ ဆိုလိုက်တဲ့ မင်းမော်ကွန်း


၂၀၁၄ ထဲမှာ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကြားထဲမှာ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်သွားသူကတော့ မင်းမော်ကွန်းပဲဖြစ်ပါတယ်။ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ အချိန်မှာ ပြဇာတ်နဲ့ ဂီတဖက်အပြင် သရုပ်ဆောင်မှု အပိုင်းနဲ့ပတ်သတ်ပြီးတော့ပါ လေ့လာချင့်ချိန်မှုတွေ ပြုလုပ်နေတယ်လို့ပြောပြလာတဲ့ မင်းမော်ကွန်းဟာ လက်ရှိမှာ သူ့ရဲ့ဇနီးက တတိယရင်သွေးလေးကို လွယ်ထားတာ ၅ လရှိနေပြီဆိုတဲ့ အကြောင်းပါ ခုလို ထည့်သွင်းပြောပြသွားပါတယ်။ “ခု ဇနီးက တတိယရင်သွေးလေး လွယ်ထားရတာ ၅လရှိနေပါပြီ။ အဲ့ဒီအတွက်လဲ အရမ်းဝမ်းသာတယ်ပေါ့နော်။ ကျေလဲကျေနပ်တယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်ရပြီးသွားပြီဆိုတော့ တတိယရင်သွေးလေးကတော့ ဘာလေးပဲဖြစ်ဖြစ်ပါ။ ကျွန်တော်ကတော့ လိုချင်ပါတယ်။ ခုလောလောဆယ်မှာတော့ မိသားစုကိုပဲ အချိန်ပေးဖြစ်နေပါတယ်။ သားရော၊ သမီးရောက အနုပညာကို ၀ါသနာပါပါတယ်။”လို့ သူက ပြောပြပေးသွားပါတယ်။
သူ့ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်းကိုလည်း “ခုက ၁၄ ရက်နေ့မှာ လုပ်မဲ့ ဇနီးတော်များ ဈေးဝယ်ထွက်ခြင်း ပြဇာတ်မှာ ယမမင်းနေရာကနေ ပါဝင်ရပါမယ်။ ကိုကြံ့က သကြားမင်းပေါ့။ ပြီးတော့ ဟိုတလောက ကွမ်းလုံ ရက်၄၀ ရိုက်ပြီးသွားပြီ။ ဒီနေ့က ထွန်းထွန်းရဲ့ ဗီစီဒီလေး ရိုက်ပေးဖြစ်တယ်။ ကျွန်တော်ရှိုးပွဲလေးတွေ၊ ပြဇာတ်လေးတွေ ကဖြစ်နေတယ်။ ကားရိုက်ကတော့ ဇန်န၀ါရီလောက် ကျွန်တော်ပြန်ရိုက်ဖို့ရှိတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့်ရဲ့ခြေလှမ်းသစ်တော့ မဟုတ်သေးပါဘူး။ အကောင်းဆုံး ဖြစ်အောင်တော့ ကျွန်တော်ကြိုးစားသွားမှာပါ။ ဇာတ်လမ်းပိုင်းရော ပရိုဂျူဆာပိုင်းရောကို သေချာလေး လုပ်ချင်တဲ့အတွက် ခု ကျွန်တော်ခဏနားထားတာပါ။ ရေရှည်ဆက်လုပ်ချင်လို့ ခုခဏနားထားတဲ့ သဘောပါ။ ဇာတ်တွေ စုထားတာလဲရှိပါတယ်။ ကျွန်တော်က ဇာတ်ရွေးချယ်မှုအပိုင်းနဲ့ပတ်သတ်ပြီး အမှန်အတိုင်းပြောရရင် တော်တော်လေးကို အရိုးစွဲလာပြီ။ ဆင်ဆာဆိုတာရယ်၊ ဇီးကွက်ဆိုတာရယ်၊ ပြီးတော့ မြန်မြန်ပြီးရအောင်ဆိုတာရယ် နဲ့ တော်တော်များများက အရိုးစွဲနေကြပြီ။ ကျွန်တော် အပြောင်းအလဲကာလမှာလဲ ကားမရိုက်ဖြစ်ဘူး။ ခုဆင်ဆာတွေပြန် ကြပ်တဲ့ချိန်မှာလဲ ကားမရိုက်သေးဘူး။ အေးဆေးပဲနေဦးမယ်။ ဒါပေမဲ့ ကောင်းသော ပြောင်းလဲခြင်းလေး တစ်ခုခုတော့ကြုံလာမှာပါ။ ကျွန်တော်လဲအဲ့ဒီတွက်ကို အားထည့်ပြီးပြင်ဆင်ထားပါတယ်။ အစစအရာရာ ပြင်ဆင်ဖြစ်နေပါတယ်”တဲ့။
 ဒီနှစ်အကယ်ဒမီပွဲ တက်ဖြစ်ဖို့ မသေချာတဲ့အကြောင်းကိုတော့ သူက “ အကယ်ဒမီဆိုတာ သွေးရိုးသားရိုး အနုပညာရှင်တစ်ယောက် အတွက်ကတော့ ရင်ခုန်စရာပါပဲ။ ကျွန်တော် ဒီနှစ်အကယ်ဒမီပွဲက တက်ဖြစ်ဖို့မသေချာပါဘူး။ အဓိက အကြောင်းအရင်းက အကယ်ဒမီကို စိတ်မ၀င်စားလို့ မဟုတ်ပါဘူး။ လူကြားထဲကို အရမ်းကြီး မထွက်ချင်တဲ့ စိတ်ကြောင့်ရယ်၊ ကိုယ့်ဟာကိုယ်ငြိမ်ငြိမ်စိန်စိန် လေးနေချင်တဲ့ စိတ်ကြောင့်ရယ်ပါ။ ပွဲတွေတောင် ဆရာတွေက ကခိုင်းတာရယ်၊ ရှေ့ကပွဲတုန်းကကျတော့ နှင်းဆီအဖွဲ့တစ်ဖွဲ့လုံးပါတော့ ဦးမျိုးမင်းက ခေါ်တာရယ်ကြောင့်ပါဖြစ်တာပါ။ ပြဇာတ်ကလဲ နဂိုကတည်းက ကျွန်တော် တော်တော်များများ လုပ်ခဲ့တယ်။ ကိုယ့်ဟာကိုတောင် တော်တော်ကို ရိုးအီသွားတဲ့ထိ လုပ်ခဲ့ဖူးတယ်။ အဲ့ဒါကြောင့် ပြဇာတ်တွေကို မလုပ်ပဲ နားဖူးသေးတယ်။ ခုကတော့ မကတာကြာတာရယ်၊ ဇာတ်လေးတွေကလဲ စိတ်ဝင်စားဖို့ကောင်းတာရယ်ကြောင့် ဂုဏ်ပြုပွဲ၊ အလှူပွဲလေးတွေဖြစ်တာရယ် ကြောင့်လက်ခံဖြစ်တာပါ။”လို့ ဆိုသွားပါတယ်။
 ခင်ဆွေသက်

No comments:

Post a Comment