Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 3, 2014

မေ့ပျောက်၍ရမည်မဟုတ်သည့် သမိုင်းထဲက ရန္တပို

နှစ်အားဖြင့် တွက်ဆမည်ဆိုပါက နှစ်ပေါင်းရာကျော်ကြာခဲ့ပေပြီ။ သို့သော် မေ့နိုင်ဖွယ်မရှိဘဲ အမှတ်တရ ဆက်ရှိနေဦးမည့် သမိုင်းစာမျက်နှာထက်က နေ့လေးတစ်နေ့ပင်။ ထိုနေ့သည် ပထမအင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်(၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက်နေ့)ပင်ဖြစ်သည်။ယင်းနေ့က ချုပ်ဆိုခဲ့သည့် စာချုပ်ကို ရန္တပိုစာချုပ်ဟုခေါ်ဆိုခဲ့ပြီး ရန္တပိုရွာတွင် ချုပ်ဆိုခဲ့ခြင်းကြောင့် ရန္တပိုစာချုပ်ဟု ဆိုစမှတ်ပြုခဲ့ခြင်းဖြစ်သည်။

ရန္တပိုစာချုပ်ချုပ်ဆိုရခြင်းမှာ ဘကြီးတော်မင်းတရားခေါ် စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ ခုနှစ် မတ် ၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကို စစ်ပြေငြိမ်းစေ ရေးအတွက် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနှင့် မြန်မာဘုရင် အစိုးရကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံတို့၏ ကိုယ်စား လက်မှတ်ရေးထိုး၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် (၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက်နေ့)တွင် ရန္တပိုစာချုပ်ကို နှစ်ဖက် စုံညီစွာချုပ်ဆိုခဲ့ကြရာ အချက်(၅)ချက်ကို သဘောတူညီ၍ ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ အချက်(၅)ချက်မှာ (၁) မြန်မာက ရခိုင်၊ တနင်္သာရီနှင့် အာသံကို ဗြိတိသျှတို့ထံ ပေးရ သည်၊ (၂) မဏိပူရ၊ ကချာနှင့် ဂျိန်းတိယနယ်များသို့ မြန်မာတို့ ဝင်ရောက်စွက်ဖက်ခြင်း မပြုရ၊ (၃) စစ်လျော်ကြေးငွေ တစ်ကုဋေကို အရစ်ကျပေးဆပ်ရမည်၊ (၄)အင်းဝတွင် ဗြိတိသျှကိုယ်စားလှယ်ထားခွင့်ပြုကာ ကာလကတ္တားတွင် မြန်မာသံ နေခွင့်ပြုသည်၊ (၅) ကူးသန်းရောင်းဝယ်ရေးအတွက် စာချုပ်သီးခြားချုပ်ဆိုမည် စသည့်အချက်များ ပါဝင်သည်။

ရခိုင်နှင့် တနင်္သာရီဒေသကို ရလိုက်ခြင်းဖြင့် နောက်စစ်ပွဲ များ ထပ်မံဖြစ်ပွားပါက မြန်မာနိုင်ငံအတွင်းသို့ တစ်ဖက် တစ်ချက်မှ အလွယ်တကူဝင်ရောက်နိုင်သည်ဟု ဗြိတိသျှတို့က ယူဆသည်။ ထို့ပြင် ဒေသနှစ်ခုမှ မကြာမီ အကျိုးအမြတ်များစွာ ခံစားခွင့်ရလိမ့်မည်ဟုလည်း ဗြိတိသျှတို့က မျှော်လင့်ထားခဲ့ ကြခြင်း ဖြစ်သည်။သို့သော် မြန်မာဘုရင်အစိုးရဘက်က ကြည့်လျှင် ဆုံးရှုံးလက်လွှတ်လိုက်ရသည့် နယ်မြေများအတွက် မထောင်းသာလှသော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လက်လွှတ်ခဲ့ရသည်ဟု သိရသည်။

အဆိုပါစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် တပေါင်း လပြည့်ကျော် ၄ ရက်တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီးမင်းကြီးမဟာမင်းလှကျော်ထင်၊ကျီဝန်အတွင်းဝန်မင်းကြီးမဟာမင်းလှသီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ ကိုယ်စားလှယ်များက မဟာမိတ်ဖြစ်ရေး လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ရန္တပိုစာချုပ် ချုပ်ဆိုခဲ့သည့် အထိမ်းအမှတ်အဖြစ် ရန္တပိုစာချုပ်ချုပ်ဆိုခဲ့သည့်နေရာ၌ ရန္တပိုစာချုပ်အထိမ်း အမှတ်ကျောက်စာတိုင်ကို စိုက်ထူ ခဲ့သော်လည်း ရေတိုက်စားမှုဒဏ်ကြောင့် မူလစိုက်ထူခဲ့သည့် ရန္တပို အထိမ်းအမှတ်ကျောက်စာတိုင်သည် ပျက်စီးသွားခဲ့ရသည်။

ရန္တပိုရွာကို အိုးလုပ်သည့်ရွာဟု များသောအားဖြင့်သိထားကြပြီး ယခင်ကရန္တပိုရွာနှင့် ယခုရန္တပိုရွာမှာ ရန္တပိုစာချုပ်ချုပ်ဆိုခဲ့သည့် အထိမ်းအမှတ်မူလကျောက်စာတိုင်မရှိတော့ဘဲ ရန္တပိုစာချုပ်အမှတ်တရ ကျောက်စာတိုင်အဖြစ် ယခုပြန်လည် စိုက်ထူထားခဲ့သည်မှ လွဲ၍ သိသာသော ပြောင်းလဲမှုဟူ၍ မရှိသလောက်ပင်။

အညာဒေသဆိုသည့်ဝေါဟာရ နှင့်အညီရန္တပိုရွာသို့ သွားရာလမ်း တစ်လျှောက်တွင်အညာဒေသ၏ သင်္ကေတများဖြစ်သည့် ထနောင်းပင်၊ တမာပင်၊ ကန္တာရပင်တို့နှင့်အတူ ထန်းပင်ထန်းတောတို့မှာ လွမ်းမော ဖွယ်အညာဒေသ၏ ပုံရိပ်ကိုဖော်ကျူး နေစဉ်ကားလမ်းပေါက်၍ ကားဖြင့်သွားခဲ့ရသော်လည်း ဖုန်လုံးကြီးများ တလိမ့်လိမ့်တက်လာနေခြင်းက အညာဒေသ၏ ပကတိအသွင်သဏ္ဌာန် ကို ပိုမိုထင်ဟပ်လာစေခဲ့သည်။

ရန္တပိုရွာသည် ဧရာဝတီမြစ်ကမ်း နံဘေးတွင် တည်ရှိပြီး ကုန်းလမ်းမှ တစ်မျိုး ရေလမ်းမှတစ်သွယ် သွားလာနိုင်သည့်ရွာကလေးဖြစ်သည်။ ရန္တပိုရွာနှင့် ဧရာဝတီတို့၏ အလှတရားသည် နံနက်အရုဏ်တက်ချိန် နှင့် ညနေ နေဝင်ဆည်းဆာချိန်တို့တွင် ပိုမိုပေါ်လွင်စေခဲ့သည်။ ရန္တပိုရွာသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အတွင်း တည်ရှိပြီး အင်းဝမြို့နှင့် မိုင် ၄ဝ ၊ မြင်းခြံမြို့နှင့် ခြောက်မိုင်ခန့်ကွာ ဝေးသည်။ ရန္တပိုရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝ ကျော် ကတည်းကပင် အိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပြီး လက်ရှိတွင်လည်း အိုးလုပ်ငန်းကိုသာ စီးပွားဖြစ်လုပ်ကိုင်လျက်ရှိသည်။ အိုးလုပ်ငန်းသည် ရှေး နှစ်ပေါင်း ၅ဝဝ ကျော်ကပင် ပေါ်ပေါက်လာခဲ့သည်ဟု ခန့်မှန်းရပြီးအဆိုပါအထောက်အထားများကို တရုတ်နိုင်ငံ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ရှေးခေတ်အခါက ကမ္ဘာသူကမ္ဘာသားများက ဝါးဆစ်ဘူး၊ သစ်ရွက်၊ ကျောက်ခွက် စသည်တို့ကို ထည့်စရာ အဖြစ် သုံးစွဲကြရာမှ အိုးကိုတီထွင်ဖန် တီးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရန္တပိုရွာသည် အိုးနှင့်ပတ်သက်၍ အမျိုးအစားများစွာ ထုတ်လုပ်လျက် ရှိပြီး ထွက်ရှိသည့် အိုးများကို ယခင်က မန္တလေးသို့သာ တင်ပို့ရောင်းချခဲ့သော်လည်း ယခုတွင်မူ ဈေးကွက်လိုအပ်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းသို့ တင်ပို့လာခဲ့ရသည်အထိ ကျယ်ပြန့်လာခဲ့သည်။ အိမ်ခြေ ၂ဝဝ ကျော်သာရှိသည့် ရန္တပိုရွာမှ ထွက်ရှိသည့်ရန္တပို အိုးသည် တိုင်းသိပြည်သိနာမည်ကြီးသောကြောင့် ပြည်တွင်းမှ အိုးလုပ်ငန်း စိတ်ဝင်စားသူများအပြင် ပြည်ပမှ လည်း လာရောက်လေ့လာမှုများရှိ လာခဲ့သည်။

ရန္တပိုရွာသည် ဧရာဝတီမြစ်ကမ်း နံဘေးတွင် ရှိသော်လည်း တံငါအလုပ်ကို မလုပ်ဘဲ စီးပွားဖြစ်အိုးလုပ်ငန်းကို သာလုပ်ကိုင်လျက် အကုသိုလ်အလုပ်ထက် ကံငါးပါးကို ယုံကြည်ကာအိုး လုပ်ငန်းလုပ်ကိုင်ကြခြင်းကြောင့် စီးပွားဖြစ်ထွန်းလျက်ရှိသည်။ ရေနားနီးသော်လည်း တံငါ(ရေလုပ်ငန်း)အလုပ်ကို မလုပ်ခြင်းသည် ထူးခြားသည့်အချက်တစ်ချက်ဖြစ်ခြင်း၊ အိုးကောင်းထွက်ရှိ ရေးကို သာ စေတနာ ထားလုပ်ကိုင်ခြင်းကြောင့် ရန္တပိုအိုးဟူ၍နာမည်ရနေ ခြင်း အပါအဝင် ၁၈၂၆ ခုနှစ် ဖေဖော် ဝါရီလ ၂၄ ရက်က ပထမ အင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းရေး စာချုပ်ချုပ် ဆိုခဲ့သည့် ရန္တပိုစာချုပ် အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူခဲ့ရာနေရာ ဖြစ်ခြင်းတို့ကြောင့် သမိုင်းထဲက သမိုင်းတင်ခဲ့သည့် ရန္တပိုရွာလေး ဟုပင် တင်စားလိုက်ချင်ပါသည်။

နိုင်လင်းကြည်
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment