Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 11, 2014

၁၂ ပွင့်ဆိုင်တွေ့ဆုံရန် တောင်းဆိုမှုသည် ဆွေးနွေးပွဲများ မဖြစ်မြောက်အောင် ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအစား ၁၂ ပွင့်ဆိုင် တွေ့ဆုံပေးရေးတောင်းဆိုမှုသည် ဆွေးနွေးပွဲများမဖြစ်မြောက်အောင် ဦးတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္က ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားသည်။

လွတ်လပ်တဲ့ အာရှအသံ(RFA) သတင်းဌာန၏ ပုံမှန်ဆက်သွယ်မေးမြန်းခန်းဖြစ်သည့် “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဒီဇင်ဘာ ၁ဝ ရက်က ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာတွင် ၁၂ ပွင့်ဆိုင် တွေ့ဆုံပေးရေးအဆိုအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ခြင်းအား ထိုသို့တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အဲဒါတွေလည်း အရင်တုန်းက လေးပွင့်တောင်းတုန်းက ဆယ့်လေးယောက် တွေ့မလိုလို ဘာလိုလို။ နောက်တစ်ခါ ခြောက်ပွင့်ဆိုင်ဆိုတော့ အခု ဆယ့်နှစ်ပွင့်ဆိုင် လိုလို။ အဲဒီလိုဟာတွေ လုပ်တာတွေတော့ ကျွန်မအနေနဲ့ တကယ့်ဆွေးနွေးပွဲတွေ မဖြစ်မြောက်အောင်လို့ ဦးတည်တယ်လို့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ”ဟု ပြောကြားသည်။

ထို့ပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးနှင့် ပတ်သက်၍ အစိုးရ နှင့် တပ်မတော်ခေါင်းဆောင်အသိုင်းအဝိုင်းက ပြောဆိုနေမှုများကို မည်ကဲ့သို့ ထင်မြင်ကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က“ဒါကတော့ မလုပ်ချင်လို့ရှိရင် တကယ့်တွေ့ဆုံပွဲတွေ မဖြစ်စေချင်ရင်တော့ အမျိုးမျိုးပြောမှာပေါ့။ ဖြစ်စေချင်ရင်တော့ အလွယ်လေးပါပဲ”ဟု ပြောကြားသည်။

ထို့အတူ နိုင်ငံရေးဆွေးနွေးပွဲများကို မိတ်ဆုံစားပွဲအဆင့်ထက်ပိုသောအဆင့် ရောက်ရှိရန် စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတော့ စိတ်ပြောင်းရမှာပေါ့။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ တိုင်းပြည်ရဲ့ကံကြမ္မာ၊ တိုင်းပြည်ရဲ့အနာဂတ်အတွက် အရေးကြီးတယ်။ ဒါဟာ လေးလေးနက်နက်နဲ့ သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲရမယ်ဆိုတာကို လက်ခံဖို့လိုတာပေါ့”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး နှင့် မြန်မာနိုင်ငံအနာဂတ်အတွက် နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပါဝင်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ရန် အရေးကြီးအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း က နိုဝင်ဘာ ၂၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ၍ လွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါ အရေးကြီးအဆိုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က အဆိုအား ကန့်ကွက်စရာမရှိသကဲ့သို့ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား လိုက်နာပါကြောင်း ပြောကြားခဲ့သည်။

အလားတူ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ရခိုင်အမျိုးသားပါတီဥက္ကဠ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်ခဲ့ကြသည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးရေးအား နိုင်ငံတော်သမ္မတက လက်ခံ၊ မခံ တရားဝင်ထုတ်ဖော်ပြောကြားခြင်း၊ လွှတ်တော်သို့ သဝဏ်လွှာ ပြန်လည်ပေးပို့ခြင်းများ ပြုလုပ်ခြင်း မရှိသေးသော်လည်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က “ကျွန်တော်တို့အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင်ဦးမယ်မထင်ဘူး။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံက အဖွဲ့ကို အခြေခံပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ လွှတ်တော်ရော ချဉ်းကပ်ပုံတွေ က ပုဂ္ဂိုလ်ကို အခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါတယ်”ဟု ပြောကြားထားသည်။

ထိုကဲ့သို့ သမ္မတပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ခြောက်ပွင့်ဆိုင်ကိစ္စအပေါ် သမ္မတ၏ သဘောထားနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးဖြင့် ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပြောဆိုမှုများတွင် နိုင်ငံတော်သမ္မတပြောကြားခြင်းမရှိသည့် စကားများကို နိုင်ငံတော်သမ္မတပြောကြားသကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့် ကွဲပြားခြားနားသည့် အမြင်ရှိသည်များကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာရောက်သည့် စကားလုံးများကို လည်းကောင်း သုံးစွဲလာသည်ကို တွေ့ရှိရသဖြင့် နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှ ပြောဆိုရန် ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင် ဘာ ၄ ရက်တွင် နိုင်ငံရေးပါတီများအား သတိပေးချက်ပါသည့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာခြင်းမရှိသေးသည့် အချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုအစား တိုင်းရင်းသားမျိုးနွယ်စုကြီး ခုနစ်မျိုး ပါဝင်စေမည့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဒီဇင်ဘာ ၉ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

ယင်းအဆိုအား ဒီဇင်ဘာ ၁ဝ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး ဆွေးနွေးခဲ့ပြီး အဆိုအား လျှို့ဝှက်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ကိုးမဲသာရှိခဲ့သဖြင့် အဆိုအတည် ဖြစ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ယခုလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဠ ဒေါက်တာအေးမောင် နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တို့က အသီးသီး သုံးသပ်ပြောကြားထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကလည်း ယခုအဆိုသည် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) ပြည်ထောင်စုအစိုးရနှင့် နီးစပ်ပတ်သက်သော နိုင်ငံရေးအခွင့်ထူးခံ လူနည်းစုတစ်စုက တင်သွင်းလာခြင်းဟု စဉ်းစားစရာပေါ်လာကြောင်း ဝေဖန်ပြောကြားထားသည်။

နိုဝင်ဘာ ၂၇ ရက်တွင် နေပြည်တော်၊ လွှတ်တော်အဆောက်အအုံ၌ မီဒီယာများနှင့်တွေ့ဆုံနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment